ကမ္ဘာပေါ်မှာ အရက်စက်၊အယုတ်မာဆုံးစစ်တပ်နဲ့ ရင်ဆိုင်နေရပေမယ့် မြန်မာပြည်သူတွေက စစ်အုပ်စုအာဏာလုထားတဲ့ ၃ နှစ်မြောက်နေ့မှာ လမ်းမကြီးတွေကတစ်ဆင့် ပြောလိုက်တာက စစ်အာဏာရှင်စနစ်မလိုလားဘူး ဆိုတဲ့အသံပဲဖြစ်ပါတယ်။ သုံးနှစ်အတွင်းမှာ ပြည်သူ ထောင်ချီသတ်ဖြတ်ပြီး ၊သောင်းချီထောင်သွင်းအကျဥ်းချထားတဲ့ စစ်ကောင်စီက ပြည်သူတွေအသံတိတ်သပိတ် (Silent Strike)မလုပ်ရဲအောင်နည်းမျိုးစုံနဲ့ခြိမ်းခြောက်ခဲ့ပေမယ့်ပြည်သူအများစုရဲ့ ဆန္ဒကိုတော့ မတားဆီးနိုင်ခဲ့ပါဘူး ။ ဒီတစ်ကြိမ် မှာလည်းနိုင်ငံတစ်ဝန်းကပြည်သူအများစုက အတိတ်ဆိတ်ဆုံးက အကျယ်လောင်ဆုံးအသံ ကိုထပ်ဖန်တီးပြပြီး အာဏာလုစစ်အုပ်စုကို တုန်လှုပ်ခြောက်ခြားစေခဲ့ပြန်ပါတယ် ။
တစ်ကယ်တော့ ကုန်လွန်ခဲ့တဲ့ ၃ နှစ်ဟာ မြန်မာပြည်သူတွေအတွက် ပြန်တွေးကြည့်ဖို့တောင် ကြောက်စရာကောင်းလှတဲ့ လောက ငရဲပါပဲ ။ လူသတ်သမားတွေက ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် နံနက် အစောမှာ တိုင်းပြည်အာဏာလုခဲ့တာကြောင့် အနာဂတ်တွေသေဆုံးပြီး မှောင်အတိကျခဲ့တာဒီနေ့ သုံးနှစ်တိတိပြည့်တဲ့နေ့ပါ ။
ငွေကြေး၊အာဏာ၊ ထင်ပေါ်မှုကိုလိုလားသလောက် ကိုယ်ကျင့်တရားနဲ့ ကိုယ်ရည်ကိုယ်သွေးနိမ့်ပါးတဲ့ စစ်ဗိုလ်ချုပ်တွေကြောင့် အညွှန်တလူလူနဲ့ တက်သစ်စနိုင်ငံဟာ သုံးနှစ်အတွင်းမှာ နှစ် ၃၀ ၊၄၀ လောက်နောက်ပြန်ရောက်သွားပါတယ် ။ ဒီသုံးနှစ်အတွင်း အစိုးရဖြစ်ချင်လှတဲ့ အာဏာလုစစ်အုပ်စုရဲ့ စွမ်းဆောင်ရည်ကိုကြည့်လိုက်ပါဦး။
ပြည်သူပေါင်း ၄၄၀၀ ကျော်ကိုမတရားသတ်ဖြတ်ခဲ့တယ် ။ ပြည်သူပေါင်း ၂၆၀၀၀ လောက်ကိုဖမ်းဆီးထောင်ချတယ် ။နေအိမ်ပေါင်း ၈၀,၀၀၀ကျော်ကို မီးရှို့ပြာချခဲ့တယ် ။ သတင်းစာဆရာ ၆ ဦးကိုသတ်ဖြတ်ခဲ့ပြီးတော့ ၁၅၀ ကျော်ကိုဖမ်းဆီးထောင်ချခဲ့တယ်။ ကမ္ဘာပေါ်မှာ ဘိန်းအများဆုံးစိုက်ပျိုးတဲ့ နိုင်ငံဆိုပြီးဘိန်းဘုရင်ဘွဲ့ခံလိုက်ပါတယ်။ ဒါအပြင် ကမ္ဘာ့ပေါ်မှာ လာဘ်အစားဆုံးနိုင်ငံတွေ စာရင်းထဲလည်းရောက်သွားစေခဲ့တယ်။ အတိုချုပ်ပြောရရင် မကောင်းတာအားလုံးရဲ့ ထိပ်မှာ မြောက်ကိုရီးယား ၊ဆီးရီးယား ၊ဆူဒန် တို့လို အာဏာရှင် နိုင်ငံတွေနဲ့ အပြိုင်ရပ်တည်နေပါတယ် ။ကောင်းတဲ့ ညွှန်းကိန်းတွေမှာတော့မြန်မာဟာပျောက်ကွယ်သွားပါတော့တယ် ။
ဒီလိုအဆိုးရွားဆုံးအခြေအနေအောက်မှာတောင် မြန်မာပြည်သူတွေ အထူးသဖြင့် လူငယ်တွေဟာ စစ်အာဏာရှင်စနစ်ကို အဆုံးသတ်မယ်ဆိုတဲ့ ခိုင်ကျည်တဲ့ဆုံးဖြတ်ချက်နဲ့မိမိအသက်၊ဘဝတွေကို ရင်းပြီး ကမ္ဘာ့အယုတ်မာဆုံးစစ်တပ်ကိုခုခံတော်လှန်ခဲ့ကြပါတယ် ။ လမ်းပေါ်ထွက် ငြိမ်းငြိမ်းချမ်းချမ်းဆန္ဒပြ တဲ့ပြည်သူတွေကို စစ်အုပ်စုက သေနတ်နဲ့ ပစ်သတ်လာတာကြောင့်စစ်အာဏာရှင်ကို ဆန္ဒပြပြီးတောင်းဆိုလို့မရတာသေချာသွားတဲ့ အခါမှာ လူငယ်တွေဟာ သေနတ်ကိုင်ပြီး နိုင်ငံ့အနာဂါတ်ကို ဖက်ဆစ်အုပ်စုဆီက ပြန်တိုက်ယူနေကြတာဖြစ်ပါတယ် ။အမှောင်မိုက်ဆုံးအချိန်မှာ တော်လှန် မြန်မာပြည်သူတွေရဲ့ အံ့မခန်း ကြံ့ကြံ့ခံနိူင်မှု ၊ရဲစွမ်းသတ္တိ၊စွန့်လွတ်အနစ်နာခံမှုတွေက အမှောင်မိုက်ဆုံးအချိန်မှာ ပေါ်လာတဲ့အလင်းစက်တွေဖြစ်ပါတယ် ။
နွေဦးတော်လှန်ရေးဟာ စစ်တပ်က မြန်မာနိုင်ငံမှာ အာဏာစလုခဲ့တဲ့ ၁၉၆၂ ခုနှစ်နောက်ပိုင်းနှစ်ပေါင်း ၇၀ အတွင်းမှာ ဘယ်တုန်းကမှ မရခဲ့ ဖူးတဲ့ စည်းလုံးမှုတွေ ၊ ခုခံတွန်းလှန်နိုင်စွမ်းတွေ ၊ အောင်မြင်မှုတွေ ရရှိနေပြီဖြစ်ပါတယ် ။ ဒါကို တော်လှန်ရေးအဖွဲ့တွေက နိုင်ငံတစ်ဝန်း မြို့ပေါင်း ၃၆ မြို့နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေစိုးမိုးနိုင်တဲ့ နယ်မြေ နိုင်ငံဧရိယာထက်ဝက်ကျော်အထိရှိလာတာ ၊ စစ်တပ်ရဲ့အာသာချက် လေကြောင်းတိုက်ခိုက်မှုတွေကို တန်ပြန်တိုက်ခိုက်ပြီး တိုက်လေယာဥ်နဲ့ရဟတ်ယာဥ် ၇ စီး ကိုပစ်ချနိုင်ခဲ့တာ ၊စစ်သားထောင်ချီလက်နက်ချတဲ့ဖြစ်ရပ်တွေပေါ်ခဲ့တာ ၊ မိုက်တဲ့ကောင်ထွက်ခဲ့ဆိုပြီး ပြည်သူကိုစိန်ခေါ်ခဲ့တဲ့ စစ်သားတွေဟာယူနီဖောင်းဝတ်ပြီးလူမြင်ကွင်းမသွာရဲတော့ပဲ ဘန်ကာထဲ၊တပ်ထဲကမထွက်ရဲတဲ့ အခြေအနေ တွေက နွေဦးတော်လှန်ရေး ခရီးဘယ်လောက်ရောက်နေပြီဆိုတာကိုအသေအချာ ညွှန်ပြနေပါတယ် ။
ကိုယ့်ပြည်သူကို ထောင်သောင်းချီသတ်ပြီး နေအိမ်တွေ သောင်းချီမီးရှို့တဲ့ခေတ်သစ်ကမ္ဘာ့မှာအယုတ်ကမ်းဆုံးစစ်တပ်ကို သုံးနှစ် သုံးမိုး အရှုံးမပေးပဲ တစ်ရက်မနားခုခံတော်လှန်တဲ့ ပြည်သူတွေဟာကမ္ဘာမှာ မြန်မာနိုင်ငံမှာပဲ ရှိပါတယ် ။သံတမန်စကားလုံး လှလှလေးတွေကြား ကိုယ်ကျိုးစီးပွားက အဓိကဖြစ်နေတဲ့ ကမ္ဘာ့တွေဆီက ဒီသုံးနှစ်အတွင်း တော်လှန်ရေးအင်အားစုတွေ ပြည်သူတွေအတွက် အကူအညီဘာမှ မယ်မယ်ရရမရခဲ့ကြပါဘူး ။ အကူအညီမပေးတဲ့အပြင် အာဏာလုစစ်အုပ်စုကို နေရာပေးဖို့ ကြိုစားတဲ့ နိုင်ငံတွေ ၊အဖွဲ့အစည်းတွေ ၊ပုဂ္ဂိုလ်တွေ ကို ဟန့်ရတာကြောင့် အပိုအလုပ်တွေပါ ရှုပ်ခဲ့ကြရသေးပါတယ် ။
မြန်မာနိုင်ငံနဲ့ မရှေးမနှောင်း စစ်အုပ်စု အာဏာလုတာကြုံရတဲ့ တောင်အာဖရိကတိုက်ရဲ့ မာလီ ၊ ဂူနီအာ ၊ဆူဒန် ၊ဗာကီနာ ဖာဆို ၊နိုင်ဂျာ စတဲ့နိုင်ငံတွေမှာလည်း သူတို့နိုင်ငံက စစ်တပ်တွေဟာ မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်လောက် ရက်စက်ယုတ်ကမ်းတဲ့ စစ်ရာဇဝတ်မှူတွေမကျူးလွန်ကြပါဘူး ။ အဲဒီနိုင်ငံတွေမှာ မြန်မာလို ခုခံတော်လှန်မှု အားမကောင်းပေမယ့် မြန်မာနိုင်ငံမှာတော့ အယုတ်ညံ့ဆုံးစစ်တပ်ကို နှစ်ရှည်လများတေည်လှန်ရတာတောင် အရှုံးမပေးပဲ ခုခံနိုင်တာ ဒီနေ့ခေတ် ကမ္ဘာမှာ မြန်မာပြည်သူတွေမှာပဲရှိတဲ့ ရဲစွမ်းသတ္တိနဲ့ စိတ်ခွန်အားတွေပဲဖြစ်ပါတယ် ။
ဒါကလည်း ဆယ်စုနှစ် ၇ စုအတွင်းမှာ စစ်အာဏာရှင်တွေကခေါင်းစဥ်အမျိုးမျိုးတပ် ပြီး လက်နက်အားကိုးနဲ့ အာဏာလု စစ်ကျွန်ပြုခဲ့တဲ့အတွေ့အကြုံတွေကနေရတဲ့သင်ခန်းစာတွေကြောင့် မြန်မာပြည်သူတွေ က ခိုင်ကျည်တဲ့ဆုံးဖြတ်ချက်ကို ပြတ်ပြတ်သားသား ချမှတ်နိုင်ခဲ့ကြတာဖြစ်ပါတယ် ။
ဒါကြောင့် ဒီပွဲဟာ ကဗျာ ဆရာ Anonymous ရေးဖွဲ့ထားသလို”ဒီတစ်ခါရှုံးရင် နောက်ဘယ်တော့မှ မနိုင်တော့ဘူးဒီတစ်ခါနိုင်ပြီးရင်လည်း နောက်ထပ်ဘယ်တော့မှမလိုတော့ဘူး” ဆိုတဲ့အတိုင်းမြန်မာနိုင်ငံရဲ့အနာဂါတ်တစ်ခုလုံးကို အဆုံးအဖြတ်ပေးသွားမယ့် ဓမ္မနဲ့ အဓမ္မ ၊ တစ်နည်းအားဖြင့် ပြည်သူ နဲ့ မင်းအောင်လှိုင် ဦးဆောင်တဲ့စစ်အာဏာရှင်တွေ ရဲ့တိုက်ပွဲဖြစ်ပါတယ် ။
မအောင်မြင်တဲ့အာဏာသိမ်းမှု ၃ နှစ်ပြည့်ချိန်မှာဘက်အသီးသီးက ပြတ်သားတဲ့သတင်းစကားတွေ အသီးသီးပေးကြပါတယ်။ အာဏာလုစစ်အုပ်စုက အဓိကလူစာရင်းအပြောင်းအလဲမရှိပဲ အာဏာဆုပ်ကိုင်နိုင်ရေးကြိုးပမ်းပါမယ်လို့သတင်းစကားပေးတယ်။
တော်လှန်ရေးအင်အားစုတွေကလည်း စစ်အာဏာရှင်စနစ်နဲ့ ၂၀၀၈ ခြေဥကိုဖျက်သိမ်း၊စစ်တပ်ကနိုင်ငံရေးဝင်မစွက်ပဲအရပ်သားအုပ်ချုပ်မှုအောက်မှာနေ ၊ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောငိစုသစ်ကိုဖော်ဆောင် ၊စစ်ရာဇဝတ်မှုကျူးလွန်ထားသူတွေကို တရားစီရင်ပြီး နစ်နာသူတွေအတွက် တရားမျှတမှုဖော်ဆောင်နိုင်ဖို့ ဦးတည်ချက်တွေအတွက် စစ်ရေး နိုင်ငံရေးနည်းတွေနဲ့ ကြိုးပမ်းပါမယ်လို့ သတင်းစကားပေးပါတယ် ။
ပြည်သူတွေကလည်း ၅ ကြိမ်မြောက်အသံတိတ်သပိတ်ကိုအောင်မြင်အောင်လုပ်ပြီး စစ်အာဏာရှင်တွေကိုလုံးဝမလိုလားပဲ စစ်အာဏာရှင်စနစ် အမြစ်ပြတ်တယ်အထိ့ ပြတ်ပြတ်သားသားတော်လှန်ကြဖို့ဒီကနေ့မှာပဲ လမ်းမကြီးတွေကတစ်ဆင့်အကျယ်လောင်ဆုံးအသံပေးပါတယ်။
ဒါကြောင့် နွေဦးတော်လှန်ရေးရဲ့ အဆုံးအဖြတ်ဖြစ်လာနိုင်တဲ့ တိုက်ပွဲတွေဟာ မကြာတော့တဲ့ ကာလမှာရောက်လာတော့မယ့်အခြေအနေပါ ။ ပြည်သူတွေက သုံးနှစ်သုံးမိုး ရုန်းကန်ထားရသလို ၊အထွေထွေအကြပ်အတည်းတွေကြားမှာ အသက်ရှင်ရေးအတွက်တောင် ရုန်းကန်နေကြရတာဖြစ်ပါတယ် ။ဒါပေမယ့် ကိုယ်လုပ်တဲ့အလုပ် အပြီးထိလုပ်ပြ အကောင်းဆုံးရလဒ်ထွက်ဖို့ ၊ အဆုံးသတ်တိုက်ပွဲမှာ ပြည်သူ့သားကောင်းတွေအောင်ပွဲဆင်နိုင်ဖို့၊ ကိုယ့်အနာဂါတ်ကိုယ်တိုင်ဖန်တီးနိုင်ဖို့ အတွက် ကိုယ်နိုင်တဲ့နေရာက ၊ကိုယ်နိုင်သလောက်ဆက်လက်ပါဝင်တာဝန်ထမ်းကြရမှာဖြစ်ပါတယ်။ အောင်ပွဲသတင်းတွေထိုင်စောင့်နေရုံအဆင့် မဟုတ်ပဲ တော်လှန်သူရဲကောင်းတွေ အောင်ပွဲဆင်နိုင်ဖို့ ပြည်သူတွေကိုယ်တိုင်က ဆက်ပြီးတော့နိုင်ရာတာဝန်တွေအတူထမ်းကြပါစို့လို့ နွေဦးတော်လှန်ရေး ၃ နှစ်ပြည့်နေ့မှာ နှိုးဆော်လိုက်ရပါတယ် ။ ။