မြန်မာဘီယာအပါအဝင်စစ်တပ်ထုတ်ကုန်များရောင်းချသည့် စားသောက်ဆိုင်များနှင့် ဈေးဆိုင်များကို ပြည်သူများက သတင်းပေး တိုင်ကြားရန် Yangon Urban Guerrillas-YUG(ရန်ကုန်မြို့ပြပျောက်ကြားအဖွဲ့)က ယနေ့ထုတ်ပြန်လိုက်သည်။
မြန်မာဘီယာ ကဲ့သို့သော စစ်တပ်ထုတ်ကုန်များသည် အာဏာရှင်သက်ဆိုးရှည်စေမည့် ထောက်တိုင်များဖြစ်ပြီး ဆက်လက်ရောင်းချ၊ ဝယ်ယူနေသူများကို ဖက်ဆစ်အားပေးများအဖြစ် သတ်မှတ်ပြီး အရေးယူမည်ဟုထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ထိုသို့ရောင်းချသည့် စားသောက်ဆိုင်များ၊ စတိုးဆိုင်များကို ပြည်သူများက တွေ့ရှိခဲ့လျှင် အထောက်အထားနှင့်တကွYUG ၏ဖေစ်ဘွခ်နှင့် တယ်လီဂရန်သို့ တိုင်ကြားပေးရန်နှင့် တင်ပြလာသော အထောက်အထားများကို အခြေခံပြီးYUGတို့က ဆက်လက်အရေးယူသွားမည်ဟုဆိုသည်။
တိုင်ကြားရာတွင် ဆိုင်အမည်၊ လိပ်စာနှင့် အထောက်အထားများကို တောင်းခံသည်။ထိုအပြင် YUGက သီးခြားမေးမြန်းသည့် မေးခွန်းတချို့ကိုလည်း ဖြေကြားပေးရသည်ဟုကိုယ်တိုင် တိုင်ကြားခဲ့သူတစ်ဦးကပြောသည်။

Public Service Announcement
ထို့အပြင် မြန်မာဘီယာရောင်းချသည်ဟု သတင်းအခိုင်အမာရထားသည့် ဆိုင်များကိုလည်း သတိပေးစာပေးပို့ထားသည်ဟုလည်း ထုတ်ပြန်ချက်တွင်ပါရှိသည်။ ထိုဆိုင်များသည် မြန်မာဘီယာဆက်လက်ရောင်းချမည်မဟုတ်ကြောင်း အာမခံတင်ပြရမည်ဟုသိ့ရသည်။
ပြည်သူများ၏ စုပေါင်းအင်အားဖြင့် စတင်ခဲ့သော နွေဦးတော်လှန်ရေးသည် ပြည်သူများ အင်တိုက်အားတိုက် ဆက်လက်ပါဝင်ပါက မကြာခင် အောင်ပွဲဆင်နိုင်တော့မည်ဟု YUGကထုတ်ပြန်ထားသည်။
ရန်ကုန်မြို့၌ မြန်မာဘီယာ ရောင်းချနေသည့် စားသောက်ဆိုင်များ၊ ကုန်စုံဆိုင်များ ဆက်လက် ရောင်းဝယ်ခြင်း မပြုလုပ်ရန် YUGက ဖေဖော်ဝါရီ ၂၄ ရက် ရက်စွဲဖြင့် သတိပေးချက် ထုတ်ပြန်ခဲ့သည်။
မြန်မာဘီယာ ရောင်းချနေမှုကို သတိပေးခြင်းအဖြစ် ရန်ကုန်မြို့ ရှိ မြို့နယ် ကိုးခုရှိ စားသောက်ဆိုင်နှင့် ကုန်စုံဆိုင် ၁၅ ဆိုင်ကို ဖေဖော်ဝါရီ ၂၄ ရက်တွင် YUGကသတိပေးဖောက်ခွဲမှုများ ပြုလုပ် ခဲ့သည်။ ထိုသို့သတိပေးဖောက်ခွဲရာတွင် လူထိခိုက်မှုများ မရှိအောင် ဆိုင်အနီးအနားတွင်သာ ပြုလုပ်ခဲ့ကြောင်းနှင့် မြန်မာဘီယာကို ဆက်လက် ရောင်းချနေပါက အကြမ်းဖက် စစ်တပ်ကို အားပေးအားမြှောက် ပြုသည့် ဖက်ဆစ်ထောက်တိုင်များ အဖြစ် သတ်မှတ်သွားမည် ဖြစ်ကြောင်း YUGကသတိပေးသည်။

















































