Connect with us

Hi, what are you looking for?

သတင်း

အိုင်ကွန်နဲ့ပါ သတိပေးနေရတဲ့ အညာ စစ်​ဘေးသင့်ဒေသက Kpay ပြဿနာ

အိုင်ကွန်ကနေ သတိပေးတာကတော့လက်တလောကာလမှာ မသမာသူတွေက မိဘပြည်သူတွေရဲ့ မှတ်ပုံတင်နဲ့ Face ID (မျက်နှာမှတ်တမ်းတင်စနစ်)တွေကို အသုံးပြုပြီးငွေကျပ်ငါးသောင်း မက်လုံးပေးကာ kpay အကောင့်ဖွင့်တဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားနေတယ်လို့ ကြေညာပါတယ်။

(ဓါတ်ပုံ-​ချောင်းဦးပကဖ )

ဟာနာဆန်/People’s Spring

“ချောင်းဦးမြို့နယ် ပကဖ သတင်းနှင့် ဆက်သွယ်ရေး ရန်ရှင်းက အသိပေးအကြောင်းကြားအပ်ပါတယ်။ ချောင်းဦးမြို့နယ် ပကဖ သတင်းနှင့် ဆက်သွယ်ရေး ရန်ရှင်းက အသိပေးအကြောင်းကြားအပ်ပါတယ်။”ဆိုတဲ့ ရဲဘော်တစ်ဦးရဲ့အသံက ချောင်းဦးမြို့နယ်အတွင်းက စကားပြောစက် အိုင်ကွန်တွေကနေ ထွက်ပေါ်လာနေပါတယ်။ ဒီတခါ အိုင်ကွန်ကနေ သတိပေးပြောကြားတာက စစ်တပ်ရဲ့လေယာဥ်တက်လာတဲ့သတင်းပေးပို့ချက်တော့မဟုတ်ပါဘူး။ အညာမြေတလွှားမှာ အလွန်ကျော်ကြားနေတဲ့ K Pay အကောင့် ရောင်းချတဲ့ ပြဿနာကို သတိပေးပြောကြားလိုက်တာပါ။

အိုင်ကွန်ကနေ သတိပေးတာကတော့လက်တလောကာလမှာ မသမာသူတွေက မိဘပြည်သူတွေရဲ့ မှတ်ပုံတင်နဲ့ Face ID (မျက်နှာမှတ်တမ်းတင်စနစ်)တွေကို အသုံးပြုပြီးငွေကျပ်ငါးသောင်း မက်လုံးပေးကာ kpay အကောင့်ဖွင့်တဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားနေတယ်လို့ ကြေညာပါတယ်။

မိဘပြည်သူတွေရဲ့ အရေးကြီး ကိုယ်ရေးအချက်အလက်တွေ ဝယ်ယူ အသုံးပြုပြီး kpay အကောင့် ပြုလုပ်တာဟာ မူမမှန်​တဲ့ လုပ်ရပ်ဖြစ်ကာ ငွေကြေးလိမ်လည်တာ၊ တရားမဝင် လောင်းကစားအလုပ်တွေလုပ်တာနဲ့ တရားမဝင်ငွေကြေး လွှဲပြောင်းတာတွေ ပြုလုပ်ဖို့အတွက်ရည်ရွယ်တာသာ ဖြစ်နိုင်ကြောင်း အိုင်ကွန် စက်ကနေ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

မိမိ မှတ်ပုံတင် ၊ ဓါတ်ပုံံနဲ့ Face ID တို့အသုံးပြုကာ ပြုလုပ်ထားတဲ့ kpay အကောင့်နဲ့ငွေကြေးလိမ်လည်မှုတွေ ရာဇဝတ်မှုတွေ ပြုလုပ်လိုက်မယ်ဆိုရင် ဥပဒေ သဘောအရ မှတ်ပုံတင် ပိုင်ရှင်ကိုသာ စစ်ဆေး အရေးယူ ခံရနိုင်ကြောင်း အိုင်ကွန်စက်ကနေ အသိပေးပါတယ်။

ဒါ့ကြောင့် မိမိတို့ရဲ့ အရေးကြီးကိုယ်ရေးအချက်အလက်တွေကို သူတပါးထံ မရောင်းဖို့နဲ့ အဲဒီတွေ တွေ့ရှိပါက ဒေသခံ အဖွဲ့အစည်းတွေဆီအချိန်မီသတင်းပို့ကြဖို့ အသိပေးခဲ့တာပါ။

အဲဒီလို အိုင်ကွန်ကနေ K Pay ကိစ္စ သတိပေးတဲ့ အစီအစဥ်ကို ချောင်းဦးမြို့နယ်ပကဖကနေ လုပ်ပေးနေတာပါ။ အဲဒီအစီအစဥ်ကို နေ့စဥ် ပြုလုပ်နေတယ်လို့ ချောင်းဦးမြို့နယ် ပကဖ တာဝန်ခံ ကိုဇာနည်သိန်းက ပြောပါတယ်။

“စကြေညာနေပါပြီ။ ကျွန်တော်တို့တစ်ဖွဲ့ထဲ ကြေညာမှာ မဟုတ်ဘူး။ တခြားခရိုင် မြို့နယ်က အဖွဲ့တွေကိုရော ကြေညာဖို့ ပြောထားပါတယ်”လို့ချောင်းဦးပကဖ တာဝန်ခံက ပြောပါတယ်။

ပြည်သူတွေကလည်း လက်နက်ကြီးရန်နဲ့ လေကြောင်းရန်ကို အိုင်ကွန်နားထောင်ပြီး စစ်ဘေးရှောင်ရတော့ ပြည်သူတွေသိသင့်တာကို အိုင်ကွန်ကနေ ဝေမျှတာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။

အိုင်ကွန်နဲ့ပါသတိပေးရတဲ့အထိဖြစ်လာတဲ့ K Pay ကိစ္စ၊ ဘယ်လောက်အထိ ဆိုးရွားနေတယ်ဆိုတာကို ဆက်ကြည့်ကြရအောင်ပါ။

ပြီးခဲ့တဲ့ မတ်လခန့်က မုံရွာနယ်တကြောမှာ Kpay အကောင့်တွေကို ငွေငါးသောင်းနဲ့ လိုက်ဝယ်တာတွေ ခေတ်စားခဲ့ပါတယ်။ပင်မစေခိုင်းသူက KPay အကောင့်တစ်ခု ကျပ် တစ်သိန်းပေးပြီး ဝယ်ယူရာမှာ ကြားခံပွဲစားက ကျပ် ​လေးသောင်း၊ လူရှာပေးသူက ကျပ်တစ်သောင်းနဲ့ မှတ်ပုံတင်ရှင်က ကျပ် ၅ သောင်း အသီးသီး ခွဲဝေကြောင်း၊ အကောင့်ဖွင့်၍ မရပါကလည်း မှတ်ပုံတင် ပိုင်ရှင်ကိုခရီးစရိတ်အဖြစ်ကျပ်တစ်သောင်း ပြန်ပေးကြောင်း သိရပါတယ်။ ဒါ့ကြောင့်ပြည်သူတွေဟာအစုလိုက်အပြုံလိုက် ရောင်းချနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် ယမန်နှစ်အတွင်းကပဲ မန္တလေးတိုင်းထဲက မန္တလေး၊ မိတ္ထီလာ၊ ဝမ်းတွင်း၊ မလှိုင် စတဲ့ဒေသတွေမှာလည်း KPay အကောင့်လာရောက်ဝယ်ယူတာတွေရှိခဲ့ပြီး မန္တလေးမှာဆိုရင် KPayအကောင့်ရောင်းချခဲ့တဲ့ပြည်သူအချို့ကိုငွေလိမ်လုပ်ငန်းနဲ့ဆက်စပ်လို့ဆိုပြီး ဖမ်းဆီးခံရတာတွေ ရှိခဲ့ပါသေးတယ်။

မုံရွာမှာလည်း ပွဲတော်အလား ကားတွေဆိုင်ကယ်တွေ၊ သုံးဘီးတွေနဲ့ အုန်းအုန်းထအောင် လာရောင်းကြတယ်။ အဲဒီနောက် မုံရွာနဲ့ နယ်မြေချင်းဆက်နေတဲ့ ချောင်းဦးနယ်မှာပါ လာဝယ်လာကြတယ်လို့ ချောင်းဦးမြို့နယ် ပကဖ တာဝန်ခံ ကိုဇာနည်သိန်းက ပြောပါတယ်။

“ကျွန်တော်တို့ဘက်က လက်မခံတော့ မုံရွာနယ်မှာ အထိုင်ချပြီးသူတို့ဆီကိုလူစုခေါ်ပြီးဖွင့်နေတာ”လို့ ပကဖတာဝန်ခံက ပြောပါတယ်။

၎င်း Kpay ဝယ်တဲ့အုပ်စုဟာနယ်ဘက်ကျေးဘက်က မသိနားမလည်တဲ့ ရွာသူရွာသားတွေကို ပစ်မှတ်ထားလာကြပါတယ်။ အဆိုးရွားဆုံးကတော့ စစ်ဘေးသင့်ဒေသကပြည်သူတွေပါ ပစ်မှတ်အထားခံလာရတာပါ။ “အဓိကက နယ်ရွာတွေမှာက မအလ စစ်တပ်က စစ်ကြောင်းထိုး မီးရှို့ ဗုံးကျဲနေတော့ စစ်ဘေးကြောင့် ကြပ်တည်းလာနေတဲ့ ပြည်သူတွေကို ဦးတည်ပြီး လုပ်လာနေလို့ပါ”လို့ချောင်းဦးမြို့နယ် ပကဖ တာဝန်ခံ ကိုဇာနည်သိန်းက ပြောပါတယ်။

ဒီတခါမှာ ပိုဆိုးလာတာကတော့ K Pay အကောင့်ဝယ်ယူသူတွေဟာ စစ်ရှောင်တွေကို ကူညီတဲ့အဖွဲ့အစည်းကလူတွေလို အယောင်ဆောင်လာကြောင်း ဒေသခံတွေဆီက သိရပါတယ်။

“ကေပေးဖွင့်ပေးပြီး ထောက်ပံ့ငွေပေးတဲ့ သဘောမျိုး လုပ်လာတာ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“စစ်ဘေးရှောင်တွေကို လာကူညီတဲ့ အဖွဲ့တွေနဲ့ ပုံမှားရိုက်ပြီး ၅သောင်းပေး လုပ်စားနေကြတာ‌”လို့လည်း ချောင်းဦးမြို့နယ် ပကဖတာဝန်ခံကိုဇာနည်သိန်းက ဆိုပါတယ်။

အညာဒေသမှာ KBZ Pay အကောင့်တွေ လာရောက်ဝယ်ယူနေတာဟာ သမားရိုးကျလုပ်ငန်းမဟုတ်ဘဲ အွန်လိုင်းကျားဖြန့်ငွေလိမ်ဂိုဏ်းတွေနဲ့ ဆက်စပ်နိုင်​ကြောင်း CDM ဘဏ်ဝန်ထမ်းဟောင်း ရဲဘော်တစ်ဦးက ပြီးခဲ့တဲ့မေလဆန်းမှာ ပကဖအသံစာမျက်နှာကနေ သတိပေးခဲ့ပါသေးတယ်။

“ဒီအကောင့်တွေရဖို့အတွက် နောက်ကွယ်ကနေ ငွေပေးတဲ့သူပေါ့။ဒီလူတွေကတော့အွန်လိုင်း ကျားဖြန့်ငွေလိမ်လုပ်ငန်းကလူတွေပဲဖြစ်ဖို့များပါတယ်။ သူများရဲ့ Face ID နဲ့ မှတ်ပုံတင်နံပါတ်ကိုသုံးပြီးတော့ K Pay ဖွင့်ပြီးတော့ ငွေပေးပြီးယူသွားတယ်ဆိုကတည်းက သမာအာဇီဝကျကျ နည်းလမ်းတော့ ဟုတ်မနေဘူး။ ဆက်စပ်တယ်လို့တော့ ပြောလို့ရတယ်”လို့ ဘဏ်ဝန်ထမ်းဟောင်း ရဲဘော်က ပြောပါတယ်။

ဒီဖြစ်စဥ်တွေမှာ ဘဏ်ဝန်ထမ်းတွေလည်း ပါဝင်ပတ်သက်မှုရှိနိုင်ကြောင်း ၎င်းက ပြောပါတယ်။

မုံရွာနယ်ထဲက K Pay အကောင့်လာဝယ်တဲ့ဖြစ်စဥ်တွေမှာ တော်လှန်ရေးအဖွဲ့တွေကပါ ပတ်သက်မှုရှိနေတဲ့အပေါ် ဒေသခံအချို့က မေးခွန်းထုတ်နေကြပါတယ်။ “ဖမ်းတော့ ဖမ်းလိုက်သေးတယ်။ ပြီးတော့ ပြန်လွှတ်လိုက်တာ”လို့ မုံရွာဒေသခံတစ်ဦးက ပြောပါတယ်။

ပြည်သူတွေကတော့ စားဝတ်နေရေး ကျပ်တည်းလာတာကြောင့်ငွေလေး၊ငါးသောင်းလေးနဲ့ နောက်ဆက်တွဲ အန္တရာယ်တွေကို ဂရုမစိုက်နိုင်တော့ဘဲ Face ID နဲ့ မှတ်ပုံတင်နံပါတ်ကို အလွယ်တကူပဲ ရောင်းချလိုက်ကြရတယ်။

“အခုချိန်မှာ အားလုံး အညာကို အာရုံစိုက်ပေးကြပါ။ အွန်လိုင်းငွေလိမ်လုပ်ငန်းကလည်း အညာကို target ထားလာနေကြပါပြီ။ တတ်သိနားလည်သူတွေ မီဒီယာတွေ၊ အဖွဲ့အစည်းတွေက မျက်စိဖွင့် နားစွင့်ပြီး ကြိုတင်ကာကွယ်ပေးမှ အညာလူထု အခုထက်ပိုသက်သာမှာပါ”လို့ ချောင်းဦးပကဖ တာဝန်ခံ ကိုဇာနည်သိန်းက မေတ္တာရပ်ခံလိုက်ပါတယ်။ ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် တောကျောင်းလေးကျေးရွာက ရွှေဝါရောင်ဆရာတော်ရဲ့ကျောင်းမှာ သံဃာတွေ ပဋ္ဌာန်းပွဲ ပြုလုပ်နေချိန် အာဏာသိမ်းစစ်တပ်က အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ သံဃာ ၁ပါး ဒဏ်ရာရပြီး ကျောင်းဆောင်ပျက်စီးသွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်နီဒေသက စစ်ဘေးရှောင်ကလေးငယ်တွေရဲ့ ပညာရေးအတွက် ထောက်ပံ့ပေးမယ့် "Keep Their Dreams Alive Thadingyut Charity Concert 2026" ပွဲကို အွန်လိုင်းကနေ ပြုလုပ်သွားမှာဖြစ်ပြီး တော်လှန်အနုပညာရှင် ဂီတအဖွဲ့ သုံးဖွဲ့က ပါဝင်တင်ဆက်သွားမှာပါ။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အတွင်း လူသားချင်းစာနာထောက်ထားရေးနဲ့ လူမှုကူညီရေးလုပ်ငန်းတွေ ဆောင်ရွက်နေကြတဲ့ NGO၊ CSO နဲ့ အသင်းအဖွဲ့တွေအနေနဲ့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)ထံက ခွင့်ပြုချက်ရယူပြီးမှသာ လှုပ်ရှားဆောင်ရွက်ကြဖို့ အဆိုပါအဖွဲ့က ထုတ်ပြန်ပါတယ်။

ဆောင်းပါး

ပန်းလှတောရကျောင်းတိုက်က သက်တော် ၃၀ နှစ်ကျော်အရွယ် ဦးဇင်းဇနက(ဘွဲ့အမည်လွှဲ)ဟာကျောင်းထဲကို ရွာထဲကဧည့်သည်တွေ ရောက်လာလို့ ရေနွေးနဲ့ ဧည့်ခံဖို့ ပြင်တယ်။ ဦးဇင်းက ပန်းလှတောရကျောင်းတိုက်မှာ သီတင်းသုံးနေတာပါ။ ဦးဇင်းတို့ကျောင်းက ချောင်းဦးမြို့ရဲ့ အရှေ့တောင်အရပ် ၆ မိုင်လောက်အကွာလောက်မှာ ရှိတယ်။ ကျောင်းပေါ်ပေါက်လာတာ သုံးလေးနှစ်လောက်ရှိပါသေးတယ်။ခေတ်ဆိုးခေတ်ပျက်ကြီးထဲမှာ ရွာသူရွာသားတွေရဲ့စေတနာသဒ္ဓါတရားတွေကြောင့်ကျောင်းထဲအဆောက်အအုံလေးတွေ ပေါ်လာခဲ့ရတာပါ။