▪️တပ်သားသီဟနိုင် လက်နက်နှစ်လက်နှင့်အတူ ပူးပေါင်းလာပြီး ၎င်းတို့ကို လွတ်မြောက်နယ်မြေသို့ ပို့ဆောင်
အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ လေတပ်မှ ဗိုလ်ကြီးတစ်ဦးနှင့် တပ်သားတစ်ဦးတို့ အမ်အေ-၃ သေနတ် (၂)လက်နှင့်အတူ CDM ပြုလုပ်ကာ ပြည်သူနှင့်အတူ ရပ်တည်လာကြောင်း CDM တပ်မတော်သားများဖြင့်ဖွဲ့စည်းထားသည့် ပြည်သူ့ပန်းတိုင်က ယနေ့ (မတ်လ ၃) ထုတ်ပြန်သည်။
“ပြည်သူလူထုကို အကြမ်းဖက်သတ်ဖြတ်နေသည့် စစ်ကောင်စီ၏ လုပ်ရပ်များကို မလိုလား မနှစ်မြို့ကြတဲ့ အရာရှိ/စစ်သည်များဟာ မိမိတို့ ဂုဏ်သိက္ခာ၊ မိမိတို့ မျိုးဆက်တွေရဲ့ ဂုဏ်သိက္ခာကို ပြန်လည်ရယူဖို့ စစ်အာဏာရှင်ရဲ့ လက်ကိုင်တုတ်အဖြစ်က ရုန်းထွက်ပြီး ပြည်သူ့ဘက်သို့ ကူးပြောင်းရပ်တည်လာမှုများ တဖြည်းဖြည်း ပိုမိုများပြားလာနေပါတယ်”ဟု ပြည်သူ့ပန်းတိုင်က ဆိုသည်။
CDM ပြုလုပ်လာသည့် လေတပ်မှအရာရှိ ဗိုလ်ကြီးမုတ်သုံသည် ဖေဖော်ဝါရီ ၂၂ ရက်တွင်လည်းကောင်း၊ လေကြောင်းရန်ကာကွယ်ရေးတပ်ရင်းမှ တပ်သားသီဟနိုင်သည် အမ်အေ-၃ သေနတ် (၂)လက်နှင့်အတူ ဖေဖော်ဝါရီ ၂၄ ရက်ကလည်းကောင်း CDM ပြုလုပ်ကာ ပြည်သူ့နှင့်အတူရပ်တည် ကူးပြောင်းလာနိုင်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement
“သူတို့ဟာ ပြည်သူ့ပန်းတိုင်အဖွဲ့ရဲ့ ချိတ်ဆက်ကူညီဆောင်ရွက်ပေးမှုဖြင့် လွတ်မြောက်နယ်မြေတစ်ခုကို ရောက်ရှိခဲ့ပြီ ဖြစ်ပါတယ်”ဟု ပြည်သူ့ပန်းတိုင်က အသိပေးသည်။
ထို့အတူ ယမန်နှစ်ကတည်းက ပြည်သူ့ဘက် ရပ်တည်ခဲ့ပြီး ခက်ခဲစွာ ပုန်းရှောင်နေခဲ့ရသည့် တပ်ကြပ်ကြီးနောင်ရိုးကိုလည်း ပြည်သူ့ပန်းတိုင်အဖွဲ့နှင့် ချိတ်ဆက်ကာ လွတ်မြောက်နယ်မြေတခုကို ကူညီပို့ဆောင်ပေးခဲ့သည်ဟုလည်း သိရသည်။
CDM ပြုလုပ်လာသည့် လေတပ်အရာရှိနှင့်တပ်သားများကို ပြည်သူ့ပန်းတိုင်အဖွဲ့က ပြည်သူလူထုနှင့် မကြာမီ မိတ်ဆက်ပေးသွားမည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။
နိုင်ငံတစ်ဝှမ်း လေကြောင်းမှတဆင့် အကြမ်းဖက်စစ်ကောင်စီ၏ သတ်ဖြတ်နေမှုများအပေါ် မကျေနပ်၍ စစ်ကောင်စီလေတပ်မှ CDM ပြုလုပ်လာသူ ၁၀၀ ကျော်ရှိပြီဖြစ်ကာ ထိုအနက် ပထမဆုံး CDM အရာရှိဗိုလ်ကြီး ဇေသူအောင်သည် ပြည်သူ့ကာ ကွယ်ရေးတပ်- ဒီးမော့ဆို (DMO- PDF) တပ်ရင်း – ၁ နှင့်ချိတ်ဆက်ပြီး ဖေဖော်ဝါရီ ၁၆ ရက်က ပြည်သူ့ဘက် ရပ်တည်လာခဲ့သည်။


















































