အပူပိုင်းမုန်တိုင်းသည်ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသနှင့်ရခိုင်ပြည်နယ်၊ ဂွမြို့အနီးမှဖြတ်ကျော်ခဲ့ပြီးနောက်မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နေ၍နောက်ဆက်တွဲသဘာဝဘေးအန္တရာယ်များကိုဆက်လက်သတိပြုနေထိုင်ရန် အမျိုးသားညီညွတ်ရေးအစိုးရ – NUG က သတင်းထုတ်ပြန်ထားသည်။
ဘဂ်လားပင်လယ်မှ အပူပိုင်းမုန်တိုင်းသည်ယနေ့(မတ်၂၂)နေ့လယ်ပိုင်းတွင်ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသကိုမော်တင်စွန်းထိပ်အနီးမှ ကပ်လျက် ဖြတ်ကျော်ပြီးနောက် ညနေပိုင်းတွင် ရခိုင်ပြည်နယ်၊ ဂွမြို့အနီးမှ ထပ်မံ ဖြတ်ကျော်နေသည်ဟု NUG၏ လူသားချင်းစာနာထောက်ထားရေးနှင့်ဘေး
အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဝန်ကြီးဌာနက သတိပေးချက်ထုတ်ပြန်ထားသည်။

မုန်တိုင်းဖြတ်သန်းသည့်မော်တင်စွန်းနှင့် ဂွကမ်းရိုးတန်းဒေများ၌ မုန်တိုင်းဒီရေမှာ ၅ပေမှ ၇ ပေခန့် မြင့်တက်နိုင်ကြောင်း၊မုန်တိုင်းငယ်အရှိန်ကြောင့် နေရာကွက်၍ မိုးကြီးပြီး မိုးသက်လေပြင်းကျရောက်နိုင်ကြောင်းလည်းဆက်လက် သတိပေးထားသည်။ရေကြီးခြင်း၊ မြေပြိုခြင်းစသည့် အန္တ
ရာယ်များလည်း ရှိနိုင်၍မြေနိမ့်ပိုင်းနှင့်ကမ်းပါးများတွင် နေထိုင်ကြသူများ အနေဖြင့် သတိပြုနေထိုင်ကြပါရန်တိုက်တွန်းထားသည်။

မုန်တိုင်းအရှိန်ကြောင့် မိုးနှင့် လေပြင်းကျရောက်ခဲ့သည့် ဧရာဝတီတိုင်းကမ်းရိုးတန်းဒေသများဖြစ်သည့်မော်လမြိုင်ကျွန်းမြို့နယ်၊ ဘိုကလေးနှင့် ဒေးဒရဲမြို့နယ်တို့တွင် ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့သော်လည်း အသေးစိတ်အချက်အလက်များကိုမသိရသေးပေ။

Public Service Announcement

လက်ရှိအခြေအနေတွင်ပင်လယ်ပြင်ငါးဖမ်းထွက်သည့် ရေလုပ်သားများအနေဖြင့်လည်း ဆက်လက်၍ လေပြင်းဘေး အထူးသတိပြုကြရန် လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဝန်ကြီးဌာနက သတိပေးထားသည်။
“ကျွန်မတို့က မုန်တိုင်းသတိပေးချက်ကို အသေးစိတ်မရဘူး။ အရပ်ပြောလောက်ပဲ ကြားနေရတာ။နိုင်ငံရေးကမတည်ငြိမ်တဲ့အခါ မုန်တိုင်းသတင်းလည်း အာရုံမရောက်နိုင်ကြဘူး။ မိုးနဲ့လေ တိုက်လာမှ သတိလေးထားနေရတဲ့အဆင့်။လေ အရမ်းမပြင်းလို့ တော်သေးတယ်” ဟုဧရာဝတီတိုင်းပြင်စလူမြို့ဒေသခံအမျိုးသမီးတစ်ဦးက People’s Springသို့ပြောသည်။

အပူပိုင်းမုန်တိုင်းငယ်သည် မတ်လ ၂၃ရက်ကစတင်ကာ တဖြည်းဖြည်းအားလျော့သွားဖွယ်ရှိ၍ နောက်ရက်များတွင် ပုံမှန်နွေရာသီဥတုအခြေအနေ ဖြစ်လာနိုင်သည်ဟု မိုးလေဝသပညာရပ်ဆိုင်ရာ လေ့လာနေသူတစ်ဦးက ခန့်မှန်းပြောကြားသည်။


















































