Connect with us

Hi, what are you looking for?

သတင်း

“ညနေခင်းသတင်းလွှာ”

ဒီနေ့ (စက်တင်ဘာ ၂၀ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪︎ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းတွေရဲ့ မပြည့်စုံတဲ့ထုတ်ပြန်ချက်ကို JFM ဖြည့်စွက်ပေး

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်ထဲက စာသင်ကျောင်းကို စစ်အုပ်စုက လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်လို့ UNICEF ရဲ့မပြည့်စုံတဲ့ထုတ်ပြန်ချက်ကို Justice For Myanmar က ထောက်ပြဝေဖန်ကာ ဖြည့်စွက်ပေးလိုက်ပါတယ်။ ကုလသမဂ္ဂလက်အောက်ခံအေဂျင်စီနှစ်ခုရဲ့ ထုတ်ပြန်ချက်တွေမှာ ကျောင်းသားကလေးငယ်တွေ သေဆုံးသည်အထိ တိုက်ခိုက်ပစ်ခတ်ခဲ့တဲ့ တရားခံအမည်ကို ဖော်ပြခဲ့ခြင်းမရှိပါဘူး။ ဒါကြောင့် မြန်မာစစ်တပ်ဟာ ကျွန်ုပ်တို့ကလေးတွေကို သတ်ဖြတ်နေတယ်၊ မြန်မာစစ်တပ်ဟာ ကျွန်ုပ်တို့ကလေးတွေကို အဓမ္မခေါ်ဆောင်နေတယ်၊ မြန်မာစစ်တပ်ဟာ ကျွန်ုပ်တို့စာသင်ကျောင်းတွေကို တိုက်ခိုက်နေတယ်၊ မြန်မာစစ်တပ်ဟာ ကျွန်ုပ်တို့ဆရာ၊ဆရာမတွေကို ဖမ်းဆီးနေတယ် စသဖြင့် JFM က ဖြည့်စွက်ထုတ်ပြန်ပါတယ်။ နောက်ပြီး မြန်မာစစ်တပ်ဟာ လူမျိုတုံးသတ်ဖြတ်မှု၊ စစ်ရာဇ၀တ်မှုနဲ့ လူသားမျိုးနွယ်ကို ဆန့်ကျင်တဲ့ရာဇ၀တ်မှုတွေရဲ့လက်သည်တရားခံဖြစ်တယ်လို့ JFM က ဆိုပါတယ်။

▪︎Save The Children နဲ့ UNICEF တို့ထုတ်ပြန်ချက်မှာ စာသင်ကျောင်းတိုက်ခိုက်ကျူးလွန်သူ စစ်ကောင်စီအမည် မဖော်ပြ

ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းရွာရှိ ကိုယ်ထူကိုယ်ထစာသင်ကျောင်းတစ်ကျောင်းကို စစ်အုပ်စုက လေကြောင်းမှပစ်ခတ်တိုက်ခိုက်တဲ့အပေါ် ကုလသမဂ္ဂကလေးများရံပုံငွေအဖွဲ့ ယူနီဆက်နဲ့ Save The Children တို့က သဘောထား ထုတ်ပြန်ရာမှာ ကျူးလွန်ခဲ့တဲ့အဖွဲ့အစည်း စစ်ကောင်စီရဲ့အမည်ကို ဖော်ပြခြင်းမရှိဘဲ ချန်လှပ်ထားတာကို တွေ့ရပါတယ်။ အဲဒီအဖွဲ့အစည်းနှစ်ခုက စက်တင်ဘာ ၁၉ နဲ့ ၂၀ ရက်စွဲတွေနဲ့ ထုတ်ပြန်ရာမှာ စစ်လေယာဥ်နဲ့ ဆိုးရွားစွာတိုက်ခိုက်မှုကြောင့် ကျောင်းသား၊ ကျောင်းသူ အနည်းဆုံး (၁၁)ဦးသေဆုံးပြီး (၁၇)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိပြီး အနည်းဆုံး (၁၅)ဦးပျောက်ဆုံးနေတယ်လို့ ထုတ်ပြန်ပါတယ်။ ဒါပေမဲ့ ကျောင်းသားကလေးငယ်တွေကို လေကြောင်းကနေ ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့ စစ်​ကောင်စီအ​ပေါ်တိုက်ရိုက်ပြစ်တင်​ဝေဖန်မှုကို အဲဒီနှစ်ဖွဲ့စလုံးက မပြုလုပ်​ပါဘူး။ အဲဒီအတွက် မြန်မာပြည်သူတွေက Save the Children နဲ့ UNICEF တို့ရဲ့ ရပ်တည်ချက်ကို မေးခွန်းထုတ်ဝေဖန်နေကြပါတယ်။

▪︎နယူးယောက်မှာ NUG၊ NUCC၊ CRPH ကိုယ်စားလှယ်အဖွဲ့နဲ့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံ

ကုလသမဂ္ဂညီလာခံတက်ရောက်ဖို့ နယူးယောက်ရောက်ရှိနေတဲ့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးဟာ NUG၊ NUCC၊ CRPH တို့မှ ကိုယ်စားလှယ်တွေနဲ့ မနေ့က တွေ့ဆုံပြီး မြန်မာ့အရေးနောက်ဆုံးအခြေအနတွေကို ဆွေးနွေးခဲ့ပါတယ်။ မလေးရှားနိုင်ငံခြားရေး၀န်ကြီးဟာ NUG ဆီကနေ အပြုသဘောဆောင်တဲ့ အကြံပြုချက်တွေ၊ အဆိုပြုချက်တွေကို ရရှိခဲ့တယ်လို့ ဆိုပါတယ်။ အာဆီယံအနေနဲ့ NUG၊ NUCC တို့နဲ့ ထိတွေ့ဆက်ဆံသင့်ပြီး မြန်မာနိုင်ငံဒီမိုကရေစီ ပြန်လည်ရရှိရေးအဆုံးသတ်တိုက်ပွဲအတွက် မူဘောင်တွေဆီဦးတည်လုပ်ဆောင်ကြဖို့ မလေးရှားက ထပ်မံတောင်းဆိုလိုက်ပါတယ်။

Public Service Announcement

Public Service Announcement

▪︎မန္တလေးမှာ စစ်တပ်သိမ်းထားတဲ့မြေနေရာတွေကို NUG စတင်ရောင်းချ

မန္တလေးမှာ စစ်တပ်သိမ်းယူထားတဲ့ မြေနေရာ သုံးခုကို အကွက်ရိုက်ကာ အိမ်ရာစီမံကိန်းအဖြစ် ရောင်းချမယ်လို့ NUG ဒီနေ့ကြေညာလိုက်ပါတယ်။ ရောင်းချမယ့်အိမ်ရာစီမံကိန်းတွေကို နွေဦးနှင်းဆီ၊ နွေဦးတောင်ရိပ်ညို၊ နွေဦးရောင်စဉ် ဆိုပြီး သတ်မှတ်ထားတာတွေ့ရပါတယ်။ အမေရိကန်ဒေါ်လာနဲ့ရောင်းချပေးမယ့် အဲဒီ အိမ်ရာစီမံကိန်းတွေကို သတ်မှတ်ဈေးနှုန်းရဲ့ ၄၀ ရာခိုင်နှုန်းသာ တော်လှန်ရေးကာလအတွင်းပေးသွင်းရမှာဖြစ်ပြီး ကျန်ရှိတဲ့ ငွေကို တော်လှန်ရေးအောင်ပြီး စီမံကိန်းတွေ စတင်အကောင်အထည်ဖော်ချိန်မှာ ပေးသွင်းရမယ်လို့ NUG ကဆိုထားပါတယ်။ တော်လှန်ရေးကာလအတွင်း ပေးသွင်းရမယ့် ငွေကိုလည်း သုံးလအတွင်း အရစ်ကျခွဲသွင်းနိုင်မယ်လို့ သိရပါတယ်။

▪︎ကလေးဝမြို့နယ် မစိန်နယ်မြေရဲစခန်းကို PDF တိုက်ခိုက်သိမ်းပိုက်

စစ်ကိုင်းတိုင်း ကလေးဝမြို့နယ် မစိန်ကျေးရွာနယ်မြေရဲစခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ စစ်ကောင်စီရဲတပ်သားခုနစ်ဦးထက်မနည်းသေဆုံးပြီး လက်နက်ခဲယမ်းများသိမ်းဆည်းရရှိတယ်လို့ People’ s Defence Force – က​လေးဝ က ဒီနေ့ ထုတ်ပြန်ပါတယ်။ စက်တင်ဘာ ၁၈ ရက် မနက်ပိုင်းမှာ က​လေးခရိုင် ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်-တပ်ရင်း (၉)

ဖြစ်​တဲ့ PDF – ကလးဝ တပ်ဖွဲ့ဝင်တွေက အကြမ်းဖက်စစ်ကောင်စီရဲ့ နယ်မြေရဲစခန်းကို စီးနင်းသိမ်းပိုက်နိုင်ခဲ့တာပါ။ တိုက်ပွဲနေရာမှာ စစ်ကောင်စီရဲတပ်ဖွဲ့ဝင် ၇ ဦး သေဆုံးခဲ့တဲ့အပြင် ထွက်ပြေးသွားတဲ့ ရဲအချို့မှာလည်း ထိခိုက်ဒဏ်ရာပြင်းထန်စွာရရှိခဲ့တယ်လို့ ဆိုပါတယ်။ PDFတပ်ဖွဲ့ဝင်တွေဘက်က အထိအခိုက်အကျအဆုံး မရှိခဲ့ဘဲ စခန်းကို မီးရှို့ဖျက်ဆီးကာ အောင် မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီ စခန်းသိမ်းတိုက်ပွဲကနေ လက်နက်ခဲယမ်းနဲ့ ပစ္စည်းအများအပြား သိမ်းဆည်းရရှိခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီတိုက်ပွဲအတွင်း ဒေသခံအရပ်သားပြည်သူ အမျိုးသမီးတစ်ဦး ထိခိုက်သေဆုံးသွားတယ်လို့ ကြားသိရတဲ့အတွက် အထူးစိတ်မကောင်းဝမ်းနည်းဖြစ်ရပြီး ဖြစ်စဉ်အတွက် ကာယကံရှင်မိသားစုကို လေးလေးနက်နက် တောင်းပန်ကြောင်း People’s Defence Force – Kalewa တပ်ရင်းက ထုတ်ပြန်ပါတယ်။

▪︎စစ်ကောင်စီအရာရှိလိုက်ပါလာတဲ့ ယာဥ်တန်းကို ရေဦး-ခင်ဦးလမ်းတလျှောက် ​ဒေသတွင်း PDF များ တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ရေဦး-ခင်ဦးလမ်းပိုင်းမှာ ဒီနေ့ မနက်ပိုင်းက စစ်ကောင်စီအရာရှိတစ်ဦး လိုက်ပါလာတဲ့ ယာဥ်တန်းကို လမ်းတလျှောက် တိုက်မိုင်း၊ ဆွဲမိုင်းတွေနဲ့ တိုက်ခိုက်ရာ ထိခိုက်မှုများရှိတယ်လို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ပါတယ်။ စစ်ကောင်စီအရာရှိတစ်ဦး လိုက်ပါလာတဲ့ သံချပ်ကာ ကားအကြီး သုံးစီးဟာ ရေဦးမြို့ကနေ ခင်ဦးမြို့ကို ရေဦး-ခင်ဦး လမ်းပိုင်းအတိုင်း ဝင်ရောက်လာတာကို လမ်းတလျှောက် တိုက်မိုင်းဆွဲမိုင်းတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။ အဲဒီတိုက်ခိုက်မှုမှာ အသေအပျောက်ရှိနိုင်ပေမယ့် အတိအကျမသိရသေးဘူးလို့ ဆိုပါတယ်။ စစ်ကောင်စီတပ်ဟာ ခင်ဦးအနောက်ခြမ်းကျေးရွာတွေကို လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာကြောင့် ဒေသခံပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိထားတယ်လို့ သိရပါတယ်။

▪︎”နန်းထိုက်အောင် စစ်ဆင်ရေး”အဖြစ် မြိတ်မှလာတဲ့ စစ်ကောင်စီယာဥ်တန်းကို တိုက်ခိုက်

“နန်းထိုက်အောင် စစ်ဆင်ရေး”အဖြစ် မြိတ်မြို့မှလာတဲ့ စစ်ကောင်စီယာဥ်တန်းကို မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီယာဉ်တစ်စီး မီးလောင်ပျက်စီးခဲ့တယ်လို့ ပုလော PDF (Palaw People’s Defence Force)က ထုတ်ပြန်ပါတယ်။ ဒီနေ့မနက်ပိုင်း ကားသုံးစီးပါ စစ်ကောင်စီယာဥ်တန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊မြိတ်ခရိုင်တပ်ရင်း(၁)နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တို့က ကဒဲကျေးရွာအနီးမှာ မိုင်းခွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ မိုင်းခွဲတိုက်ခိုက်ပြီးနောက် မိနစ်အနည်းငယ်အကြာ လက်နက်ငယ်တွေနဲ့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပါသေးတယ်။ စစ်ကောင်စီဘက်မှ ကားတစ်စီး မီးလောင်ထိခိုက်ပျက်စီးခဲ့ပြီး စစ်ကောင်စီတပ်သား အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

▪︎KNU ဖာပွန်ခရိုင်မှာ နှစ်ရက်အတွင်း တိုက်ပွဲငါးကြိမ်ဖြစ်ပြီး စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုရှိ

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင် တပ်မဟာ(၅)နယ်မြေမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က သေဆုံးထိခိုက်ရှိခဲ့တယ်လို့ တပ်မဟာ(၅)က သတင်းထုတ်ပြန်ပါတယ်။ စက်တင်ဘာ ၁၆ နဲ့ ၁၇ရက်က ဖာပွန်ခရိုင်ရှိ စစ်ကောင်စီရဲ့ ခေါပုပ်စခန်း နဲ့ လှဂွန်းပျို စခန်းတို့ကို တပ်မဟာ(၅)တပ်ဖွဲ့ဝင်တွေက ခြုံခိုတိုက်ခိုက်ခဲ့တာပါ။ ဒါ့အပြင် လကျိုးခိုနဲ့ လှဂွန်းပျိုရွာကြားမှာ တစ်ကြိမ်ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ တိုက်ခိုက်မှု သုံးကြိမ်အတွင်း စစ်ကောင်စီဘက်မှ သေဆုံးမှုကို အတိအကျမသိရသေးပေမယ့် တပ်မဟာ(၅)ဘက်က ထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။

▪︎စစ်ကောင်စီတပ်သားနှစ်ဦး တပ်မဟာ ၅ ထံ အလင်းဝင်

ကော်သူးလေ မူတြော်(ဖာပွန်)ခရိုင် အမှတ်(၅)တပ်မဟာ ထိန်းချုပ်နယ်မြေထဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးဟာ လက်နက်ခဲယမ်းနဲ့အတူ တပ်မဟာ(၅)ထံသို့ အလင်းဝင်ရောက်လာခဲ့တယ်လို့ ကေအဲန်ယူ-မူတြော်သတင်းစဉ်က ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ် ၂၁ ရက်က စစ်ကောင်စီလက်အောက်ခံ စကခ(၈) ခမရ(၄၀၁)တပ်ဖွဲ့ဝင်နှစ်ဦးဖြစ်တဲ့ တပ်သားသာလှနဲ့ ရဲသီဟထွန်းတို့ဟာ ကော်သူးလေ မူတြော်ခရိုင် အမှတ်(၅)တပ်မဟာထိန်းချုပ်နယ်မြေအတွင်းကို အလင်းဝင်ရောက်ရှိလာပြီး (3A-4)လက်ဖြောင့်သေနတ်တစ်လက်နဲ့အတူ ကျည်(၁၆)တောင့် ယူဆောင်လာခဲ့တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။ အခုလို အလင်းဝင်ရောက်ရှိလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် လက်နက်ယူဆောင်လာသူ မောင်သာလှကို ၁၅ သိန်းကျပ်နဲ့ လက်နက်မယူဆောင်လာတဲ့ တပ်သားရဲသီဟထွန်းကိုတော့ ၅ သိန်းကျပ် ဆုငွေပေးခဲ့တယ်လို့ ဆိုပါတယ်၊

▪︎မြိုင်မှာ ကျေးရွာမီးရှို့ဖျက်ဆီးသွားတဲ့ စစ်ကောင်စီတပ်ကို တပ်ပေါင်းစုပေါင်းတိုက်

မကွေးတိုင်း၊ မြိုင်မြို့နယ် ညောင်တွင်းကျေးရွာကို မီးရှို့ဖျက်ဆီးသွားတဲ့ စစ်ကောင်စီတပ်ကို မြိုင်၊ ပခုက္ကူနဲ့ ရေစကြိုမြို့နယ်ရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ရာ စစ်သားနဲ့ရဲများထိခိုက်မှုရှိတယ်လို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။ အဲဒီတိုက်ခိုက်မှုမှာ ပြည်သူ့ရဲဘော်တစ်ဦးလည်း ကျဆုံးခဲ့ရပါတယ်။ မနေ့မနက်ပိုင်းက မြိုင်မြို့နယ်၊ ညောင်တွင်းရွာကို မီးရှို့ဖျက်ဆီးခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သားတစ်ဦး၊ ရဲတစ်ဦး ပြင်းထန်ဒဏ်ရာ ရရှိတယ်လို့ မြိုင်(ပကဖ)က ဆိုပါတယ်။ စစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ညောင်တွင်းရွာရှိ နေအိမ် ၅၁လုံး မီးလောင်ပျက်စီးခဲ့ရပြီး အကူအညီများလိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

▪︎နိုင်ငံတဝန်းဆန္ဒပြပွဲတွေ

စစ်ကိုင်းတိုင်း ကလေးမြို့ပင်မသပိတ်အင်အားစုများ၊ ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ်စစ်ကြောင်း လက်ပံတောင်းတောင် ဒေသခံများနဲ့ မကွေးတိုင်း ဂန့်ဂေါမြို့နယ် ကျောင်းသူ၊ ကျောင်းသားများဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တွေရဲ့ လုံခြုံရေးစောင့်ရှောက်မှုနဲ့အတူ စစ်အာဏာရှင် ဆန့်ကျင်ရေးနဲ့ ကုလသမဂ္ဂမှာ NUG ကို အသိအမှတ်ပြုရေး၊ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်လက်ခံရေးတို့ကို တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။

ဆက်စပ်သတင်းများ