Connect with us

Hi, what are you looking for?

သတင်း

“ညနေခင်းသတင်းလွှာ”

ဒီနေ့ (စက်တင်ဘာ ၁၉ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪︎စစ်အာဏာရှင်အမြစ်ပြုတ်ရေးလုပ်ဆောင်နေတယ်လို့ AA ပြော

ရက္ခိုင့်တပ်တော်(AA) လုပ်ဆောင်နေတဲ့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ရရေးအပါအဝင် ရက္ခိတလမ်းစဉ်အတိုင်း ဆောင်ရွက်ချက်ဟာ စစ်အာဏာရှင် အမြစ်ပြုတ်ရေးလုပ်ဆောင်ခြင်းပင်ဖြစ်တယ်လို့ AAက ဒီနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

AA ရှင်းလင်းပွဲပြုလုပ်​နေစဥ်။ ဓါတ်ပုံ-Western News
AA ရှင်းလင်းပွဲပြုလုပ်​နေစဥ်။ ဓါတ်ပုံ-Western News

စစ်အာဏာရှင်စနစ်ကို ရခိုင်သာမက မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာက မလိုလားဘဲ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ဗမာပြည်တော်လှန်ရေးလှုပ်ရှားမှု တစ်ခုလုံးကို ပြန်ပြီးကြည့်ပါက အများစုက စစ်အာဏာရှင်ကို အမြစ်ပြတ်ချေမှုန်းရေးကို မူဝါဒချမှတ်ကာအလုပ်လုပ်တာကို တွေ့ရတယ်လို့ AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောပါတယ်။ ရခိုင်တွေလွတ်မြောက်ရင် အခြားသူတွေအတွက်လည်း လမ်းပွင့်ပြီးသားဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။ လက်ရှိမှာ AA ဟာ ရခိုင်ပြည်နယ် နယ်မြေစိုးမိုးမှုကို ရာခိုင်နှုန်းအတိအကျ ပြောဖို့ခက်ခဲပေမယ့် ဒီနှစ်အတွင်း ပိုကြိုးစားလုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

AA တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-AA
AA တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-AA

▪︎တန်းမြှင့်လေ့ကျင့်ရေးတပ်(၁၃)စစ်ကြောင်းမှူး ဗိုလ်မှူးမျိုးမင်းဦးအပါအဝင်သုံးဦး သပိတ်ကျင်းမှာ ပစ်သတ်ခံရ

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်မှာ တန်းမြှင့်လေ့ကျင့်ရေးတပ်(၁၃)လှုပ်ရှားစစ်ကြောင်း မှူး ဗိုလ်မှူးမျိုးမင်းဦးအပါအဝင် သုံးဦး အနီးကပ် ပစ်သတ်ခံရပြီး လက်နက်နဲ့ ခဲယမ်းများရရှိခဲ့တယ်လို့ Thabeikkyin Revolution-TR က ဒီနေ့ထုတ်ပြန်ပါတယ်။ သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးကျေးရွာအရှေ့ဘက် မီးလင်းရွှေလုပ်ကွက်အနီးမှာ မနေ့ညနေပိုင်းက ရွှေစုစုသန်းကုမ္ပဏီမှ စွန့်ပစ်ထားတဲ့ ပစ်စာတွေကို ရွာသူ၊ရွာသားတွေက ကျုံးယူခဲ့ကြပါတယ်။ အဲဒီကျုံးယူတာကို ကုမ္ပဏီကငွေပေးထားတဲ့၊ ခြိမ်းခြောက်မောင်းထုတ်ဖို့ ခေါ်ထားတဲ့ တန်းမြှင့်လေးကျင့်ရေးတပ်(၁၃ )လှုပ်ရှားစစ်ကြောင်းမှူး ဗိုလ်မှူးမျိုးမင်းဦး၊ အရာခံဗိုလ်တစ်ဦးနဲ့ ယာဥ်မောင်းစစ်သားတစ်ဦးတို့လိုက်ပါလာတဲ့ ယာဥ်ကို သပိတ်ကျင်းမြို့နယ် ဗိုလ်လင်းယုန်ကာကွယ်ရေးတပ်ဖွဲ့က အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ အဲဒီမစ်ရှင်မှာ MA-3 ​သေနတ်နှစ်လက် ၊MA-1 သေနတ်တစ်လက်၊ 5.56 ကျည် (၄၁၃)တောင့်၊ (၉) မမ ကျည် ၁၃တောင့် ၊ အီနာဂါဗုံးသီး (၈)လုံးနဲ့ 5.56 ကျည်ဘောက်(၂)ခု တို့ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

သပိတ်ကျင်းတန်းမြှင့်​လေ့ကျင်ွ​ရေးတပ် ၁၃စစ်​ကြောင်းမှူးနှင့် စစ်​ကောင်စိတပ်သား ၂ ဦးကို သပိတ်ကျင်းPDFကတိုက်ခိုက်ရှင်းလင်းပြီးသိမ်းဆည်းရမိ​သောလက်နက်များ။ဓါတ်ပုံ-TR
သပိတ်ကျင်းတန်းမြှင့်​လေ့ကျင်ွ​ရေးတပ် ၁၃စစ်​ကြောင်းမှူးနှင့် စစ်​ကောင်စိတပ်သား ၂ ဦးကို သပိတ်ကျင်းPDFကတိုက်ခိုက်ရှင်းလင်းပြီးသိမ်းဆည်းရမိ​သောလက်နက်များ။ဓါတ်ပုံ-TR

▪︎မိုးဗြဲမြို့မှာ တိုက်ပွဲတွေအချိန်မရွေးဖြစ်လာနိုင်တယ်လို့ ပြည်သူတွေကို PDF သတိပေး

မိုးဗြဲမြို့ရှိ နေရာအများစုမှာ အကြမ်းဖက်စစ် ကောင်စီတပ်ဖြန့်လာပြီး တိုက်ပွဲတွေအချိန်မရွေး ဖြစ်လာနိုင်တယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်(MBPDF)က ဒီနေ့ ထုတ်ပြန်ပါတယ်။ ဒါကြောင့် မိုးဗြဲမြို့နေပြည်သူတွေအနေနဲ့ လုံခြုံစိတ်ချရတဲ့နေရာတွေမှာ နေထိုင်ပေးကြဖို့ တိုက်တွန်းထားပါတယ်။ ဒီလ ၁၅ ရက်ကစလို့ စစ်ကောင်စီတပ်ဟာ မိုးဗြဲမြို့ကို တကျော့ပြန် စစ်ကြောင်းထိုးလာပြီး လက်နက်ကြီးနဲ့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်မှုကြောင့် မိုးဗြဲမြို့ မွေတော်ဘုရားကျောင်းမှာ စစ်ဘေးရှောင် ခိုလှုံနေတဲ့ အပြစ်မဲ့ ပြည်သူ ၁၃ဦး လက်နက်ကြီးထိမှန်ကာ အသက် ၁၀နှစ်အောက် ကလေးယ်မောင်နှမနှစ်ဦးနဲ့ အသက် ၅၀ကျော် အမျိုးသားနှစ်ဦးသေဆုံးခဲ့ပါတယ်။ ကရင်နီပြည်ရဲ့ စစ်ရေးအရအရေးပါတဲ့ မိုးဗြဲမြို့ကို ထိန်းချုပ်ဖို့ စစ်ကောင်စီတပ်က ဒီလ ဒုတိယပတ်ကစပြီး ကြိုးပမ်းခဲ့ပါတယ်။

မိုးဗြဲPDFတပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-MB-PDF
မိုးဗြဲPDFတပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-MB-PDF

▪︎မိုးမိတ်မြို့နယ်တရားရုံး ဗုံးခွဲတိုက်ခိုက်ခံရ

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ်တရားရုံး ဒီနေ့မွန်းလွဲပိုင်းက ဗုံးခွဲတိုက်ခိုက်ခံရပြီး လူထိခိုက်မှုရှိ၊မရှိ မသိရသေးပေမယ့် ရုံးအဆောက်အဦးနဲ့ ကား၊ဆိုင်ကယ်အချို့ ပျက်ဆီးသွား တယ်လို့ သိရပါတယ်။ မိုးမိတ်တရားရုံးဝင်းအတွင်း ဒီနေ့ နေ့လယ် ၂နာရီခန့်မှာ ပြင်းထန်တဲ့ ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ဗုံးခွဲတိုက်ခိုက်ခံရ​​ခြင်းဖြစ်တယ်လို့ အဲဒီအနီးအနား နေထိုင်သူတစ်ဦးကပြောပါတယ်။ ပေါက်ပွဲတဲ့ တချိန်တည်းမှာ သေနတ်သံ လေးချက်လည်း ကြားခဲ့ရတယ်လို့ ဒေသခံက ပြောပါတယ်။

▪︎ဒရုန်းနဲ့လာတိုက်ပါက ပြန်လမ်းမရှိစေရလို့ စိန်ခေါ်ထားတဲ့ရဲစခန်းကို မဟာမိတ်အဖွဲ့က ဒရုန်းနဲ့တိုက်ခိုက်

မြောင်မြို့နယ် ကျောက်ရစ်ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်အဖွဲ့က ဒရုန်းနဲ့ ဒီနေ့ တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီကျောက်ရစ်ရဲစခန်းမှူးက “ကြိုက်တဲ့ဒရုန်းနဲ့လာချလှည့်။ ပြန်လမ်းမရှိစေရဘူး”လို့ စိန်ခေါ်ထားခဲ့တာပါ။ အဲဒီလိုစိန်ခေါ်ထားတဲ့ စခန်းပေါ်ကို ဒရုန်းနဲ့ အခေါက်ပေါင်းများစွာပျံဝဲပြီး အီနာဂါဗုံးသီးပစ်ချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ စစ်ကောင်စီဘက်က ထိခိုက်မှုကိုစုံစမ်းနေပြီး မကြာမီ သတင်းအတိအကျထုတ်ပြန်မယ်လို့လည်း မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးထားပါတယ်။

▪︎စစ်ကောင်စီတပ်က ဓါးစာခံပြည်သူတစ်ဦးအား သတ်ဖြတ်၊ ဘုန်းကြီးကျောင်းပါမချန် မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အတွင်းရှိ ကျေးရွာတွေကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်နေပြီး ဓါးစာခံပြည်သူတစ်ဦးကို သတ်ဖြတ်ကာ ဘုန်းကြီးကျောင်းပါမချန်မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မနေ့က ဘုတလင်မြို့နယ်၊ အောင်သာရွာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က ဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့ပြီး ဘုန်းကြီးကျောင်းရှိ ကားတစ်စီးနဲ့ ဆိုင်ကယ်များစွာကိုလ​ည်း မီးရှို့ဖျက်ဆီးသွားပါတယ်။ နောက်ပြီး ရွာအတွင်း မီးရှို့ဖျက်ဆီးခံရတဲ့ အိမ်ခြေတွေလည်းရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ စက်တင်ဘာ ၁၆ ရက်က ဘုတလင်မြို့နယ် အောင်ချမ်းသာ၊သက်ရှည်ကန် နဲ့ မင်းရွေးရွာတို့ကို ဝင်ရောက်ခဲ့ပြီး ပြည်သူ ၄ ဦးထက်မနည်းဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြစ်ကြီးနားတွင်စစ်​ကောင်စီတပ်က မီးရှိုသတ်ဖြတ်ခံရ​​သောပြည်သူ၏ မိသားစုဝင်များကမီးကြွင်းရုပ်အ​လောင်းမှ အရိုးပြာများ​ကောက်ယူ​နေကြစဥ်။ ဓါတ်ပုံ-CJ
မြစ်ကြီးနားတွင်စစ်​ကောင်စီတပ်က မီးရှိုသတ်ဖြတ်ခံရ​​သောပြည်သူ၏ မိသားစုဝင်များကမီးကြွင်းရုပ်အ​လောင်းမှ အရိုးပြာများ​ကောက်ယူ​နေကြစဥ်။ ဓါတ်ပုံ-CJ

▪︎မြိုင်နယ်မှာ မီးရှို့ဖျက်ဆီးနေသော စစ်ကောင်စီတပ်ကို PDFများ တိုက်ခိုက်

မကွေးတိုင်း၊ မြိုင်မြို့နယ်တောင်ပိုင်းရှိ စိုင်ဂေါင်းကျေးရွာကို ဝင်ရောက်ဖျက်ဆီးမီးရှို့နေတဲ့ စစ်ကောင်စီတပ်ကို မြို့နယ်လေးခုရှိ PDF တွေ ပူးပေါင်းတိုက်ခိုက်ရာ စစ်ကောင်စီဘက်က အထိအခိုက် အကျအဆုံးများရှိတယ်လို့ မြို့ပြပြောက် ကျားတပ်ဖွဲ့(ပခုက္ကူ)က သတင်းထုတ်ပြန်ပါတယ်။ မနေ့က မြိုင်မြို့နယ် တောင်ပိုင်းရှိ စိုင်ဂေါင်းကျေးရွာကို မီးရှို့ဖျက်ဆီးနေတဲ့ စစ်ကောင်စီစစ်ကြောင်းကို မြို့ပြပြောက်ကျားတပ်ဖွဲ့(ပခုက္ကူ)နဲ့ မြိုင်၊ပခုက္ကူ၊ရေစကြို၊ ပေါက်နယ်တွေက မဟာမိတ်တပ်ဖွဲ့တွေ စုပေါင်းကာ လက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ စစ်ကောင်စီဘက်ကလည်း လက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်တိုက်လို့ နာရီ၀က်ခန့် အပြန်အလှန် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပြည်သူ့ရဲဘော်တွေ အထိအခိုက်အကျအဆုံးမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ အသိပေးထားပါတယ်။

▪︎တန့်ဆည်နယ် အင်ကုက္ကားမှ ထွက်ခွာလာတဲ့ စစ်အုပ်စုကို တစ်ရက်တည်း သုံးကြိမ်တိုက်ခိုက်

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် အင်ကုက္ကားကျေးရွာမှ ထွက်ခွာလာတဲ့ စစ်အုပ်စုကို တစ်ရက်တည်း သုံးကြိမ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂၀ကျော် သေဆုံးခဲ့တယ်လို့ Guerrilla Warefare K. P. K က ထုတ်ပြန်ပါတယ်။ စက်တင်ဘာ ၁၇ရက် မနက်ပိုင်းက အင်ကုက္ကားရွာမှ ထွက်ခွာလာတဲ့ စစ်အုပ်စုစစ်ကြောင်းကို Guerrilla Warefare K. P. K၊ Taze Silent Ranger (T. S. R)၊ P. L. A၊ T. C. R. F(P. L. A)၊ Taze Tiger၊ 9 Star၊ တပ်ရင်း(၆)၊ တပ်ရင်း(၈)၊ တပ်ရင်း(၁၀)၊ တပ်ရင်း(၁၆)၊ တန့်ဆည်မြို့နယ် (ပကဖ)၊ ပလဖ အဖွဲ့တွေပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။ ပဒေသာမိုင်းဆွဲမှုတွေအပြင် လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြောက်ကျားတိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဘက်မှ ၂၂ဦးခန့်သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရကာ ကျွန်းလယ်ပျူရွာဘက်သို့ ဆက်လက် စစ်ကြောင်းထိုးသွားတယ်လို့ ထုတ်ပြန်ထားပါတယ်။

▪︎ယုန်တိုးတောင်အနီး စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုရှိ

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်နဲ့ မြင်းခြံမြို့နယ်စပ်ရှိ ယုန်တိုးတောင်အနီးမှာ စစ်ကောင်စီတပ်ကို ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများရှိနိုင်တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ စက်တင်ဘာလ ၁၇ ရက် မွန်းလွဲပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခံရခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သား လေးဦး သေဆုံးကာ တစ်ဦးဒဏ်ရာပြင်းထန်တယ်လို့ မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက အသိပေးပါတယ်။ ယုန်တိုးတောင်အနီး စစ်ကောင်စီတပ်က တပ်စွဲထားပြီး ခရီးသွားပြည်သူတွေကို စစ်ဆေးငွေတောင်းခြင်း၊ ခြိမ်းခြောက်ငွေညှစ်ခြင်းများ မကြာခဏပြုလုပ်လေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

▪︎နိုင်ငံတဝန်းဆန္ဒပြပွဲတွေ

ကချင်ပြည်နယ် ဖားကန့်မြို့နယ်ရှိ ဒေသခံတိုင်းရင်းသားပြည်သူတွေက “အရေးတော်ပုံကြီး အောင်ဖို့ရာ ပြည်တွင်း၊ပြည်ပ ပြိုင်တူတွန်းကြ”၊ “အကြမ်းဖက် စစ်တပ်အမြစ်ဖြတ်ဖို့ ထိုးစစ် တိုက်စစ် အရှိန်အဟုန်မြှင့်ကြ” ၊ “Accept NUG and Our Ambassador, Reject Dictator” စတဲ့စာသားတွေနဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေးချီတက် ဆန္ဒပြခဲ့ကြပါတယ်။

စစ်အာဏာရှင်ဆန်ကျင်​ရေး NUG နှင့်ဦး​ကျော်မိုးထွန်းကို​ထောက်ခံ​ကြောင်းနိုင်ငံတစ်ဝန်းဆန္ဒထုတ်​ဖော်​နေမှုများထဲမှတစ်ခု ။ဓါတ်ပုံ-Aung Khant Zaw
စစ်အာဏာရှင်ဆန်ကျင်​ရေး NUG နှင့်ဦး​ကျော်မိုးထွန်းကို​ထောက်ခံ​ကြောင်းနိုင်ငံတစ်ဝန်းဆန္ဒထုတ်​ဖော်​နေမှုများထဲမှတစ်ခု ။ဓါတ်ပုံ-Aung Khant Zaw

စစ်ကိုင်းတိုင်း ကလေးမြို့ရှိ ဒေသခံပြည်သူတွေက “UN, Prove Your Existence for Justice” စာတန်း ကိုင်ဆွဲကာ ကုလသမဂ္ဂအနေဖြင့် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိရေး လူထုထောက်ခံပွဲ ကျင်းပခဲ့ပါတယ်။ အဲဒီထောက်ခံပွဲကို လူထုအင်အားအများအပြား ပူးပေါင်းပါဝင်ခဲ့ပြီး VAKOK CNDF တပ်ဖွဲ့ မှ ရဲဘော်တွေက သပိတ်စစ်ကြောင်း လုံခြုံရေးအတွက် လိုက်ပါဝန်းရံပေးခဲ့ပါတယ်။

မကွေးတိုင်း ဆောမြို့နယ်မှာ ဒေသခံ ပြည်သူလူထု ထောင်နဲ့ချီကာ “၈/ယောအနဂ္ဃတိုင်း” ၊ “Accept NUG and Our Ambassador, Reject Dictator” ၊ “ကလေးလည်း သတ်တာပဲလား မအေးလိုး” စတဲ့စာသားတွေနဲ့ ချီတက် ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။ The Youth Force (Saw&Kyaukhtu) မှ ဦးဆောင်ကျင်းပခဲ့ပြီး ကျေးရွာကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ဆောမြို့နယ် ပ.က.ဖ အဖွဲ့ဝင်တွေလည်း တက်ရောက်၍ လုံခြုံရေးယူပေးခဲ့ပါတယ်။

ဆက်စပ်သတင်းများ