Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

“ညနေခင်းသတင်းလွှာ”

ဒီနေ့ (ဇန်နဝါရီ ၁၉ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪︎ပြည်သူလူထုရဲ့ နေအိမ်များကို ရည်ရွယ်ချက်ရှိရှိ စစ်အုပ်စု ရက်စက်စွာ ပစ်မှတ်ထားတိုက်ခိုက်ခဲ့ဟု NUG ထုတ်ပြန်

အကြမ်းဖက်စစ်အုပ်စုက တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် ပစ်ခတ်မှု တစ်စုံတစ်ရာမရှိပါဘဲ ပြည်သူလူထုရဲ့ နေအိမ်များကို ရည်ရွယ်ချက်ရှိရှိ ရက်စက်စွာ ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။ မနေ့က စစ်ကိုင်းတိုင်း၊ကသာမြို့နယ်၊မိုးတားလေးကျေးရွာနဲ့ တိုက်ကုန်းကျေးရွာကို အကြမ်းဖက်စစ်အုပ်စုမှ လေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်လို့ ထုတ်ပြန်လိုက်တာပါ။ မြစ်ကြီးနားလေတပ်စခန်းမှ အကြမ်းဖက်စစ်အုပ်စု လေယာဉ် (၃) စီးနဲ့ (၂) ကြိမ် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ဒေသခံပြည်သူ အနည်းဆုံး (၆) ဦးသေဆုံးခဲ့ရပြီး (၃၀) ကျော် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြပါတယ်။ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ပြည်သူတွေထဲမှာအသက် (၅၀) အထက် သက်ကြီးရွယ်အို (၃) ဦးပါဝင်ခဲ့ပြီး (၁၈) နှစ်အောက် ကလေးငယ်တစ်ဦးလည်းပါဝင်ခဲ့တယ်လို့ ဖော်ပြပါတယ်။

(ရွာထဲဗုံးကျဲခံရမှု​ကြောင့် ​သေဆုံးခဲ့သူတစ်ဦးအနီးမှ ​ဒေသခံတစ်ဦး နှင့် ရွာအတွင်းပျက်စီးမှု။ဓါတ်ပုံ-CJ)
(ရွာထဲဗုံးကျဲခံရမှု​ကြောင့် ​သေဆုံးခဲ့သူတစ်ဦးအနီးမှ ​ဒေသခံတစ်ဦး နှင့် ရွာအတွင်းပျက်စီးမှု။ဓါတ်ပုံ-CJ)

NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေနဲ့ ပြည်သူတစ်ရပ်လုံး တန်းတူညီမျှမှုရရှိရေး၊ ငြိမ်းချမ်းရေးနဲ့ တရားမျှတမှုရရှိရေးဆိုတဲ့ ဦးတည်ချက်များကို ခိုင်ခိုင်မာမာလက်ကိုင်ဆွဲထားပြီး အကြမ်းဖက်စစ်တပ်ရဲ့ ကျုးလွန်မှုများကိုအပြစ်ပေးအရေးယူနိုင်ရေး အစွမ်းကုန်တာဝန်ယူဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ပါတယ်။

စစ်​ကောင်စီတပ်​လေ​ကြောင်းကဗုံးကျဲခဲ့တဲ့မိုးတား​ရွာမှ​​​​ဒေသခံတစ်ဦးနှင့် ​မေးမြန်းခန်း
(ရွာထဲဗုံးကျဲခံရမှု​ကြောင့် ​သေဆုံးခဲ့သူတစ်ဦးအနီးမှ ​ဒေသခံတစ်ဦး နှင့် ရွာအတွင်းပျက်စီးမှု။ဓါတ်ပုံ-CJ)

▪︎အလှူကျင်းပနေချိန် မိုးတားရွာကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်၊ ဒေသခံ ၇ ဦးသေဆုံးပြီး ၃၀ ကျော် ဒဏ်ရာရ

စစ်ကောင်စီဟာ ကသာမြို့နယ် မိုးတားရွာကို မနေ့ ညနေပိုင်းက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ ရွာအတွင်း တိုက်ပွဲလုံးဝ မဖြစ်ဘဲ အလှူတစ်ခုလုပ်နေချိန်တွင် ဗုံးကြဲခဲ့တာဖြစ်ပြီး ဗုံးကြဲမှုကြောင့် ဒေသခံပြည်သူ ၇ ဦးသေဆုံးပြီး ၃၀ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ သေဆုံးသူတွေဟာ ဒေါ်ညို၊ ဒေါ်တင်ငြိမ်း၊ မစန်း ၊ မ​အေးခိုင် ၊ ​ဒေါ်ခင်မာကြည်၊ ဦး​မောင်လွင် တို့ဖြစ်ပြီး တစ်ဦးရဲ့ အမည်ကိုမူမသိရ​သေးပါဘူး။ ကသာခရိုင်ထဲမှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်အကြား တိုက်ပွဲဖြစ်ပွါးခဲ့ပေမယ့် အလှူလုပ်နေတဲ့ မိုးတားရွာနဲ့ မှားစရာမရှိဘဲ အကြောင်းမဲ့သက်သက် လေယာဉ်နှစ်စီးနဲ့ ရွာရဲ့ နေရာ လေးခုကို ဗုံးကြဲချ တိုက်ခိုက်ခဲ့တာလို့ ရွာခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

▪︎နိုင်ငံ စီမံအုပ်ချုပ်ခွင့်ကို အရည်အချင်းရှိတဲ့သူဆီ လွှဲပေးဖို့ စစ်ကောင်စီကို အင်ဒို အစိုးရဝန်ကြီး တိုက်တွန်း

နိုင်ငံကို စီမံအုပ်ချုပ်ခွင့်ကို အရည်အချင်း ပြည့်မီသူတွေ လက်ထဲ လွှဲပြောင်းပေးဖို့ အင်ဒိုနီးရှား အစိုးရရဲ့ ဝန်ကြီးတစ်ဦးက စစ်ကောင်စီကို တိုက်တွန်းလိုက်ပါတယ်။ စစ်ကောင်စီက အာဏာသိမ်းလိုက်တဲ့နောက် မြန်မာနိုင်ငံမှာ ပြည်သူတွေ ဘက်ပေါင်းစုံ အကျပ်တွေ့နေရပြီး နိုင်ငံတကာ အရေးယူ ပိတ်ဆို့မှုတွေ ခံနေရသလို စီးပွားရေးကလည်း ဦးစိုက်ဂျွမ်းပြန် ကျဆင်းနေတာတွေကြောင့် အင်ဒိုနီးရှားရေကြောင်းလုပ်ငန်း ညှိနှိုင်းဆောင်ရွက်မှုနဲ့ ရင်းနှီးမြှုပ်နှံမှု ဝန်ကြီး လူဟွတ် ပန်ဂျိုင်တန်က အခုလို ပြောခဲ့တာပါ။ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေတုန်းက နိုင်ငံရဲ့ စီမံအုပ်ချုပ်ခွင့် ကဏ္ဍအသီးသီးကနေ ဆုတ်ခွာပေးခဲ့တဲ့ အင်ဒိုနီးရှား စစ်တပ်ကို မြန်မာ စစ်အာဏာရှင်တွေ အနေနဲ့ အတုယူသင့်တယ်လို့လည်း သူက အကြံပြုပါတယ်။ ပန်ဂျိုင်တန် ကိုယ်တိုင်ကလည်း အရင်က စစ်ဗိုလ်ချုပ်ဟောင်းတစ်ဦး ဖြစ်ခဲ့ပါတယ်။

( အင်ဒိုနီးရှားရေကြောင်းလုပ်ငန်း ညှိနှိုင်းဆောင်ရွက်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီးလူဟွတ်ပန်ဂျိုင်တန်။ဓါတ်ပုံ- Asia Society )
( အင်ဒိုနီးရှားရေကြောင်းလုပ်ငန်း ညှိနှိုင်းဆောင်ရွက်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီးလူဟွတ်ပန်ဂျိုင်တန်။ဓါတ်ပုံ- Asia Society )

▪︎စစ်အုပ်စုရဲ့ တရားမဝင်ရွေးကောက်ပွဲ ပူးပေါင်းပါဝင်နေသူများကို ထိရောက်စွာ အရေးယူမယ်လို့ ဝေါ(ပအဖ) သတိပေး

အကြမ်းဖက်စစ်အုပ်စုရဲ့ တရားမဝင်ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်နေခြင်းကို ပြည်သူများ ပူးပေါင်းပါဝင်ခြင်းမပြုဖို့ ပဲခူးတိုင်း ဝေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က အမိန့် ထုတ်ပြန်ခဲ့ပါတယ်။ စစ်အုပ်စု သက်ဆိုးရှည်ရေး ပါဝင်နေကြသူများကို ပြည်သူများက မှတ်တမ်းရယူထားကြဖို့လည်း ဝေါ(ပအဖ)က မေတ္တာရပ်ခံခဲ့ပါတယ်။ တရားမဝင် ရွေးကောက်ပွဲကျင်းပနိုင်ဖို့ လူဦးရေ စာရင်းကောက်ယူရေး တအိမ်တက်ဆင်း လုပ်ဆောင်နေတဲ့ စစ်အုပ်စုခန့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ Non-CDM ဝန်ထမ်းများ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းများ၊ စစ်အာဏာရှင် တည်တံ့ရေး ပူးပေါင်း ပါဝင်အားပေးနေတဲ့ စစ်အုပ်စု ထောက်တိုင်များကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေအရ ထိရောက်စွာ အရေးယူမယ်လို့ ထုတ်ပြန်ထားပါတယ်။

▪︎ကျောက်ကြီးမှာ စစ်ကောင်စီတပ် လက်နက်ကြီးနဲ့ပစ်ခတ်နေလို့ ဒေသခံ ၂,၅၀၀ကျော် ထွက်ပြေးတိမ်းရှောင်ရ

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေး ပင်ခရိုင် တပ်မဟာ(၃)နယ်မြေအတွင်း စစ်ကောင်စီတပ်က ကျေးရွာများကို ပစ်မှတ်ထားပြီး လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေတာကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ KNUက ဒီနေ့ အသိပေးပါတယ်။ ဇန်နဝါရီ ၃ မှ ၁၇ ရက်အတွင်း ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာများသို့ လက်နက်ကြီး ၃၁ လုံး ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ ခလယ်တူရယ်၊ ဃဲဒဲကျေးရွာ ၊ ပကော်ခီး၊ ကျို့ကုန်း၊ သရေးစီလော်၊ မတောကူး၊ သေဂေါ်ဒဲ ကျေးရွာနဲ့ ရွှေပေါက်ကံ စတဲ့ကျေးရွာများသို့ လက်နက်ကြီးများ ကျရောက်ပေါက်ကွဲခဲ့ပါတယ်။ အဲဒီလို ပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့ပြီး ဒေသခံပြည်သူတွေရဲ့ နေအိမ်အချို့ ပျက်စီးခဲ့ရပါတယ်။ ဒါ့အပြင် ဒေသတွင်းရှိ ကျေးရွာများမှ ပြည်သူလူထု ၂,၅၆၆ ဦး ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

▪︎ဒီးမော့ဆိုမြို့နယ် (၆)မိုင် စံပြလမ်းမကြီးတစ်လျှောက် စစ်ကောင်စီတပ်နဲ့ နေ့စဉ်တိုက်ပွဲဖြစ်နေ

ဒီးမော့ဆိုမြို့နယ် (၆)မိုင်စံပြလမ်းမကြီးတစ် လျှောက် စစ်ကောင်စီက စစ်ကြောင်းသုံးခုခွဲကာ ဝင်ရောက်လာပြီးနောက် နေ့စဥ်တိုက်ပွဲ ဖြစ်ပွားရာ စစ်ကောင်စီတပ်မှ ခုနှစ်ဥဦးထက်မနည်းသေဆုံးခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တပ်ရင်း – ၉က ဒီနေ့ထုတ်ပြန်ပါတယ်။ စစ်ကောင်စီစစ်ကြောင်းတွေဟာ ဇန်နဝါရီ ၁၁ ရက် မနက်ပိုင်းကစလို့ (၆)မိုင် ဘုရားကျောင်းနဲ့ လမ်းမကြီးတစ်ကြောရှိ နေရာသုံးခုထက်မနည်းဝင်ရောက်တပ်စွဲခဲ့ပါတယ်။ စစ်ကောင်စီရဲ့ ခြေကုပ်ယူ လှုပ်ရှားနေမှုကို KNDF တပ်ရင်း(၉)မှ ဆက်လက်ခုခံထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

(စစ်ကောင်စီတပ်ကို တိုက်ခိုက်လျက်ရှိသည့် KNDF တပ်ရင်း(၉)တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်၊ ဓာတ်ပုံ - KNDF)
(စစ်ကောင်စီတပ်ကို တိုက်ခိုက်လျက်ရှိသည့် KNDF တပ်ရင်း(၉)တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်၊ ဓာတ်ပုံ – KNDF)

▪︎ဖလမ်းမြို့ အထက(၁)အနီးရှိ စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ သုံးဦးသေဟု CNA ပြော

ချင်းပြည်နယ် ဖလမ်းမြို့အထက်တန်းကျောင်းအနီးရှိ စစ်ကောင်စီတပ်ကို မနေ့က ချင်းအမျိုးသားတပ်မတော်(CNA)တပ်ဖွဲ့ဝင်များက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က သုံးဦး သေဆုံးခဲ့တယ်လို့ CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။ မနေ့ နေ့ခင်းက အထက (၁)မှာ တာဝန်ချထားတဲ့ စစ်ကောင်စီတပ်ကို ပစ်ခတ်ရာ သုံးဦး သေဆုံးပြီး တစ်ဦးဒဏ်ရာ ပြင်းထန်ခဲ့တယ်လို့ ဆိုပါတယ်။ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုအတွင်း ကျောင်းသူတစ်ဦး ပေါင်မှာ ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ကာ ရပ်ကွက်နေပြည်သူ အများအပြားကိုလည်း စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

(ချင်းCNA တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်၊ဓာတ်ပုံ - CNA)
(ချင်းCNA တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်၊ဓာတ်ပုံ – CNA)

▪︎ခလရ(၇၇)နဲ့ တိုက်ပွဲ စစ်အုပ်စုအကျအဆုံးများနေဟု မြို့လှ PDF အသိပေး

စစ်ကိုင်းတိုင်း ကသာခရိုင် ချောင်းဝရွာနဲ့ မိုးဒါလေးကျေးရွာကြားမှာ စစ်ကောင်စီ​ရဲ့ ခလရ (၇၇)တပ်ကို ဝိုင်းဝန်းတိုက်ခိုက်ရာ အကြမ်းဖက်စစ်အုပ်စုဘက်မှ အထိခိုက်အကျရှုံးများတယ်လို့ မြို့လှ K-PDF က ဒီနေ့ အသိပေးထုတ်ပြန်ပါတယ်။ စစ်ကောင်စီရဲ့ တပ်မ (၈၈)လက်အောက်ခံ ခလရ (၇၇)ကို မိုးဒါလေး ဒေသခံပြည်သူ့ ကာကွယ်ရေးတပ်၊ ABSDF နဲ့ မြို့လှ K-PDF စစ်ကြောင်းမှူး ဗိုလ်မိုးကြိုး ဦးဆောင်တဲ့တပ်ခွဲတို့က ပူးပေါင်းတိုက်ခိုက်ခဲ့ပါတယ်။ ဒီနေ့အထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး တိုက်ပွဲတွင်း မြေပြင်အခြေအနေအရ ပြည်သူ့ကာကွယ်ရေးတပ်အဖွဲ့များမှာ အထိအခိုက်မရှိ အသာစီးရယူထားတယ်လို့ ဖော်ပြပါတယ်။ ဒီနေ့ မနက် စစ်ကြောင်းမှူးတွေရဲ့ သတင်းပေးပို့ချက်အရ အကြမ်းဖက်စစ်ကောင်စီဘက်မှ အထိအခိုက်၊ အကျအရှုံးများစွာရှိတယ်လို့ မြို့လှ K-PDF က ပြောပါတယ်။

▪︎PDF စခန်း စီးနင်းခံရပြီး ရဲဘော်တစ်ဦးကျဆုံး

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းတိုက်နယ်၊ ထုံးဘိုရွာအနီးရှိ နဂါးနီပြောက်ကျားတပ်ဖွဲ့နယ်မြေစခန်း စီးနင်းတိုက်ခိုက်ခံရပြီး PDF ရဲဘော် တစ်ဦးနဲ့ ပြည်သူတစ်ဦး သတ်ဖြတ်ခံခဲ့ရတယ်လို့သိရပါတယ်။ ဇန်နဝါရီ ၁၇ ရက် မနက်ပိုင်းက စစ်ကိုင်းမြို့နယ်၊ ထုံးဘိုကျေးရွာသို့ စစ်ကောင်စီဘက်က ပစ်ခတ်ဝင်ရောက်ခဲ့ရာ နဂါးနီပြောက်ကျားတပ်ဖွဲ့စခန်း စီးနင်းတိုက်ခိုက်ခံရပြီး ရဲဘော်ရဲဇင်ထွန်း ကျဆုံးခဲ့တယ်လို့ မတ္တရာမြို့နယ်အ​ခြေစိုက် နဂါးနီပြောက်ကျားတပ်ဖွဲ့က အသိပေးပါတယ်။ အခြားရဲဘော်နှစ်ဦးလည်း မစိုးရိမ်ရဒဏ်ရာများ ရရှိခဲ့ပါတယ်။ အဲဒီ စစ်ကောင်စီတပ်ကို မတ္တရာမြို့နယ် ကောင်းကင်တော်လှန်ရေးအင်အားစုနဲ့ စစ်ကိုင်းမြို့နယ် (ပ.က.ဖ)၊ ဝက်လက်မြို့နယ် မဟာမိတ်တပ်ဖွဲ့ များပူးပေါင်းကာ ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ် ပြန်လည်ဆုတ်ခွါသွားတယ်လို့ နဂါးနီပြောက် ကျားတပ်ဖွဲ့က ဆိုပါတယ်။ ဒါပေမဲ့ စစ်ကောင်စီတပ်က ထုံးဘိုရွာရှိ နေအိမ်အလုံး (၂၀)ခန့်နဲ့ အသက် (၄၀)နှစ် အရွယ်အမျိူးသားတစ်ဦးကို မီးရှို့သတ်ဖြတ်သွားပါတယ်။

▪︎ရွှေဘိုနယ်မှာ မီးရှို့နေတဲ့ စစ်ကောင်စီတပ်ကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် တရော်တောကျေးရွာကို မီးရှို့ဖျက်ဆီးနေတဲ့ စစ်ကောင်စီတပ်ကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ နေလစင်္ကြာ Shwebo PDF အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ ဇန်နဝါရီ ၁၇ ရက် ညနေပိုင်းက မီးရှို့ဖျက်ဆီးနေတဲ့ စစ်ကောင်စီတပ်နဲ့ ပျူတွေကို တာဝေးပစ် လက်နက်ကြီးများနဲ့ (၂၄)ချက် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှုအခြေအနေကို စုံစမ်းဆဲဖြစ်တယ်လို့ ဆိုပါတယ်။ တရော်တောကျေးရွာကို ရွှေဘိုမြို့နယ် ကော့ရွာရှိအင်အား ၅၀ ခန့်ပါ စစ်ကောင်စီတပ်နဲ့ ပျူများက လက်နက်ကြီးများ ပစ်ခတ်ဝင်ရောက်ကာ မီးရှို့ဖျက်ဆီးခဲ့တာပြီး နေအိမ် ငါးလုံးခန့် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ