Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

“ညနေခင်းသတင်း”

ဒီနေ့ (ဇန်နဝါရီ ၂၃ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪︎ရန်ကုန်တိုင်းစစ်ကြောရေးတာဝန်ခံ ဗိုလ်မှူးသန်းထွဋ်နဲ့အဖွဲ့ကို ပစ်ခတ်ရှင်းလင်း

‌မြို့ပြပြောက်ကျား(UG)တော်လှန်ရေးရဲဘော်တွေကို အသွင်ယူကာ စုံစမ်းဖမ်းဆီးနေတဲ့ ရန်ကုန်တိုင်းစစ်ကြောရေးတာဝန်ခံ ဗိုလ်မှူးသန်းထွဋ်နဲ့ တပ်ကြပ်ကြီးမြင့်အောင်တို့ကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ပဲခူးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်(PDF)က ဒီနေ့ ထုတ်ပြန်ပါတယ်။ တောင်ငူခရိုင် PDF တပ်ရင်း (၃၅၀၁)၊ တပ်ခွဲ (၃)နဲ့ တပ်ခွဲ (၆) ပူးပေါင်းအဖွဲ့က ပစ်ခတ်ဖမ်းဆီးခဲ့တာပါ။ အမှတ်(၁)စစ်ဘက်ရေးရာလုံခြုံရေးအကူတပ် စစ်ကြောရေးတာဝန်ခံ စရက(၁)တပ်မှူးဗိုလ်မှူးသန်းထွဋ် (ဒုဗိုလ်မှူးကြီး အစမ်းခန့်)နဲ့ တပ်ကြပ်ကြီး မြင့်အောင်တို့ လိုက်ပါလာတဲ့ ယာဉ်ကို တော်လှန်ရေးတပ်ဖွဲ့များက ဒီနေ့ နေ့ခင်းက ရန်ကုန် – မန္တလေး အမြန်လမ်း မိုင်တိုင် (၁၆၁)အနီးမှာ စောင့်ဆိုင်းတိုက်ခိုက်ခဲ့တာလို့ အသိပေးပါတယ်။

သေဆုံးသူ နှစ်ဦးထံမှ (၉)မမ ပစ္စတို(၂)လက်၊ ကျည်(၁၂)တောင့်၊ ယာဥ်လိုင်စင်နဲ့ စာရွက်စာတမ်းအချို့ကို သိမ်းဆည်းရရှိခဲ့ပြီး မော်တော်ယာဥ်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဖော်ပြပါတယ်။

(ဗိုလ်မှူးသန်းထွဋ်နှင့် သိမ်းဆည်းရမိသော လက်နက်၊ စာရွက်စာတန်းများအား တွေ့ရစဥ်၊ ဓာတ်ပုံ - Bago Region PDF)
(ဗိုလ်မှူးသန်းထွဋ်နှင့် သိမ်းဆည်းရမိသော လက်နက်၊ စာရွက်စာတန်းများအား တွေ့ရစဥ်၊ ဓာတ်ပုံ – Bago Region PDF)

▪︎မင်းတပ်မြို့နယ်မှာ စစ်ကောင်စီတပ်က အခုလအတွင်း လေကြောင်းမှ ရှစ်ကြိမ်ဗုံးကြဲ

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်း မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF-Mindat) ထိန်းချုပ်နယ်မြေတွေမှာ စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အခုလအတွင်း လေကြောင်း တိုက်ခိုက်မှု ရှစ်ကြိမ်ပြုလုပ်ခဲ့တယ်လို့ မင်းတပ် CDFက ထုတ်ပြန်ပါတယ်။ အကြမ်းဖက်စစ်ကောင်စီမှ အပြစ်မဲ့ပြည်သူများ၊ စစ်ဘေးရှောင်ပြည်သူများနဲ့ CDF-Mindat ရဲ့ တပ်စခန်းများကို ဦးတည်ကာ တိုက်လေယာဉ်တွေနဲ့ တိုက်ခိုက်ခဲ့တာလို့ ဖော်ပြပါတယ်။ ပြည်သူတွေအနေနဲ့ မိမိတို့နေအိမ်များအနီး သတ်မှတ်ထားတဲ့ အတိုင်းအတာများပြည့်မှီတဲ့ ပုန်းခိုကျင်းများတူးကြဖို့နဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းရန်ကို (အထူး)သတိပြုကြဖို့ မင်းတပ် CDFက အသိပေးထားပါတယ်။

Public Service Announcement

Public Service Announcement

ဇန်နဝါရီ ၂၂ရက်တွင် မင်းတပ်မြို့နယ် စွန်တောင်ကျေးရွာအနီး လူနေအိမ်များအား လေကြောင်းမှပစ်ခတ်မှုကြောင့် ပျက်စီးနေစဉ်၊ ဓာတ်ပုံ - မင်းတပ်(ပအဖ)
ဇန်နဝါရီ ၂၂ရက်တွင် မင်းတပ်မြို့နယ် စွန်တောင်ကျေးရွာအနီး လူနေအိမ်များအား လေကြောင်းမှပစ်ခတ်မှုကြောင့် ပျက်စီးနေစဉ်၊ ဓာတ်ပုံ – မင်းတပ်(ပအဖ)

▪︎ကသာ၊ တိုက်ကုန်းရွာအနီးတိုက်ပွဲ အရာရှိအပါအဝင် စစ်​ကောင်စီတပ် ၅၀ ဦးထက်မနည်း​သေ

ကသာမြို့နယ် တိုက်ကုန်းကျေးရွာအနီး ငါးရက်ကြာတိုက်ပွဲမှာ စစ်ကောင်စီဘက်က အရာရှိအချို့အပါအဝင် ၅၀ ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ ကသာမြို့နယ် ပြည်သူ့အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ မြေပြင်မှာ အတုံးအရုန်းကျခဲ့တာကြောင့် လေကြောင်းကနေ အပြင်းအထန်ပစ်ခတ်ခဲ့လို့ ပြန်ဆုတ်ခဲ့တာလို့ အဲဒီတာ၀န်ရှိသူက ဆိုပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၇ ရက် တနေကုန်နဲ့ ဇန်နဝါရီ ၁၈ ရက် မနက်ပိုင်းအထိ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ စစ်ကောင်စီဘက်က သေဆုံးသူများပြားခဲ့ပြီး​နောက် ဇန်နဝါရီ ၁၈ ရက် ညနေပိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

(စစ်​ကောင်စီတပ်ကို PDF များကတိုက်ခိုက်​နေစဥ်။ ဓါတ်ပုံ-KPDF)
(စစ်​ကောင်စီတပ်ကို PDF များကတိုက်ခိုက်​နေစဥ်။ ဓါတ်ပုံ-KPDF)

▪︎မြန်မာ့ သက်တမ်းအရင့်ဆုံးစာရင်းဝင် ကက်သလစ် ဘုရားကျောင်းကြီးမီးရှို့ဖျက်ဆီးခံရတဲ့အ​ပေါ် ပုပ်ရဟန်းမင်းကြီးဝမ်းနည်း​

ပုပ်ရဟန်းမင်းကြီးက မြန်မာနိုင်ငံရဲ့ သက်တမ်း အရင့်ဆုံးစာရင်းဝင် ကက်သလစ်ဘုရားကျောင်းကြီး တစ်ခုဖြစ်တဲ့ “ကောင်းကင်ဘုံသို့ ပင့်ဆောင်ခြင်းခံရသော မယ်တော်သခင်မ’ ခရစ္စယာန်ဘုရားရှိခိုးကျောင်းမီးရှို့ ဖျက်ဆီးခံရတဲ့အ​ပေါ် ဝမ်းနည်းမိကြောင်း မိန့်ဆိုပါတယ်။ စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ​ရေဦးမြို့နယ်၊ ချမ်းသာရွာက သက်တမ်း နှစ် ၁၀၀ ​ကျော်ရှည်လျားခဲ့တဲ့ သမိုင်းဝင် ဘုရားကျောင်းကြီးကို အာဏာသိမ်း စစ်ကောင်စီတပ်​တွေက ဇန်နဝါရီ ၁၅ ရက် မနက်ပိုင်းက မီးရှို့ ဖျက်ဆီးပစ်ခဲ့တာ ဖြစ်ပါတယ်။ ပုပ်ရဟန်းမင်းကြီးက မြန်မာနိုင်ငံရဲ့ မြို့ရွာ အများအပြားက ပြည်သူတွေ ဒုက္ခကြုံနေရတာကို နီးနီးကပ်ကပ် ထိတွေ့ စာနာ ခံစားမိကြောင်း၊ ဒီဒုက္ခတွေ မကြာခင် အဆုံးသတ်သွားပြီး ခွင့်လွှတ်မှု၊ ချစ်ခြင်းမေတ္တာနဲ့ ငြိမ်းချမ်းရေးတွေ ထုံမွှန်းတဲ့ အချိန်တစ်ခု ရောက်လာဖို့ အလေးအနက်ဆုတောင်းကြောင်းလည်း မိန့်ကြားပါတယ်။

ဗာတိကန်နန်း​တော်တွင် ဆု​တောင်းခြင်းအခမ်းအနား၌ပုပ်ရဟန်းမင်းကြီးကို​တွေ့ရစဥ် ။ ဓါတ်ပုံ-Vaticannwes
ဗာတိကန်နန်း​တော်တွင် ဆု​တောင်းခြင်းအခမ်းအနား၌ပုပ်ရဟန်းမင်းကြီးကို​တွေ့ရစဥ် ။ ဓါတ်ပုံ-Vaticannwes

▪︎နွားထိုးကြီးမှာ မုန့်ပို့သူတစ်ဦးကို စစ်ကောင်စီတ​ပ် ဖမ်းဆီးပြီး အလောင်းကို လမ်းဘေးစွန့်ပစ်

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်မှာ စစ်ကောင်စီတပ်က လူငယ်အမျိုးသားတစ်ဦးကို ဖမ်းဆီးသွားပြီးနောက် နှစ်ပတ်ခန့်အကြာမှာ နွားထိုးကြီး-မြင်းခြံလမ်းဘေးတစ်နေရာမှာ အလောင်းစွန့်ပစ်သွားတယ်လို့ လူထုလှုပ်ရှားမှုကော်မတီ တောင်သာက သတင်းထုတ်ပြန်ပါတယ်။ ဒီနေ့ မနက်ပိုင်းက နွားထိုးကြီးမြို့ရဲ့ အနောက်ဖက်ဂေါက်ကွင်းအနီး ညှင်းပမ်းနှိပ်စက်ထားတဲ့ ဒဏ်ရာတွေနဲ့ လူငယ်အမျိုးသားတစ်ဦးအလောင်းတစ်လောင်းလာရောက်စွန့်ပစ်သွားခဲ့ပါတယ်။ အဲဒီလူငယ်အမျိုးသားမှာ လွန်ခဲ့တဲ့ ၂ ပတ်ခန့်က နွားထိုးကြီးမြို့နယ်၊ ထန်းခွမြောက်ရွာမှ စစ်​ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားတဲ့ အသက်(၃၇)နှစ်ရှိ ကိုအောင်ကျော်မြင့်ဆိုသူဖြစ်တယ်လို့ ဆိုပါတယ်။

▪︎စစ်ကြောင်းထိုး မီးရှို့နေတဲ့ စစ်ကောင်စီတပ်ကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မှာ ကျေးရွာတွေကို စစ်ကြောင်းထိုးမီးရှို့နေတဲ့ စစ်ကောင်စီတပ်​ကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ တိုက်နယ်စွန်(စွန်)PDF အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ စစ်ကိုင်းမြို့နယ်၊ ရွာသစ်ကြီးတိုက်နယ်ရှိ ကျေးရွာတွေကို ဒီနေ့ မနက်ပိုင်းက စတင်ကာ စစ်ကြောင်းထိုးဝင်ရောက်ဖျက်ဆီးမှုများပြုလုပ်ခဲ့ တယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်ဟာ သုံးလင့်ရွာအရှေ့ဘက်ခြမ်းရှိ နေအိမ် နှစ်လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး ကျေးရွာအတွင်းရှိ နေအိမ်များ ဝင်ရောက်မွှေနှောက်ခဲ့ပါတယ်။ အဲဒီ စစ်ကောင်စီစစ်ကြောင်း သုံးလင့်ရွာမှထွက်လာစဥ် (၆၀) မမ လက်နက်ကြီးနဲ့ နှစ်ချက် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

▪︎မတူပီ ငလိုင်ရွာခံ နှစ်ဦးကိုစစ်ကောင်စီတပ် သတ်ဖြတ်သွားဟု မိသားစုဝင်ပြော

ချင်းပြည်နယ် မတူပီမြို့နယ် ငလိုင်ရွာကို စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းစဉ် ပြည်သူနှစ်ဦးကို သတ်ဖြတ်သွားတယ်လို့ သတ်ဖြတ်ခံရသူနှစ်ဦးရဲ့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။ ဦးဗန်ဘိတ် နဲ့ ဦးလက်ဗ်လျန် ဆိုသူ နှစ်ဦး အသတ်ခံခဲ့ရတာဖြစ်ပြီး အရပ်သားပြည်သူတွေဖြစ်တယ်လို့ မိသားစုဝင်က ပြောပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၅ ရက်က စစ်ကောင်စီတပ်ဟာ အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းခဲ့ရာ အပြစ်မဲ့ ပြည်သူ နှစ်ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ကာ တစ်ဦးကို နေအိမ်နှင့်အတူမီးရှို့ခဲ့ပြီး ကျန်တစ်ဦးကို ငလိုင် သင်္ချိုင်းမှာ စွန့်ပစ်သွားတယ်လို့ မတူပီ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ က ဒီနေ့ ထုတ်ပြန်ပါတယ်။ ငလိုင်ဒေသမှာ နောက်ထပ်ရုပ်အလောင်း လေးလောင်းကို တွေ့ရပေမယ့် မီးရှို့ထားလို့ စစ်ကောင်စီတပ်ဖွဲ့ဝင်လား၊ ပြည်သူလားဆိုသည်ကို အတိအကျ မသိရသေးဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

▪︎ဒီးမော့ဆိုမြို့နယ် (၆)မိုင်စံပြလမ်းမကြီးကို ပြည်သူများအသွားအလာမလုပ်ကြဖို့ KNDF သတိပေး

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် (၆) မိုင်စံပြလမ်းမကြီးမှာ တိုက်ပွဲပြင်းထန်နေတာကြောင့် ပြည်သူတွေအသွားအလာမလုပ်ကြဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တပ်ရင်း-၉ က ဒီနေ့ အသိပေးထုတ်ပြန်ပါတယ်။ စစ်ကောင်စီတပ်မှာ အင်အား ၁၀၀ ကျော်နဲ့ စစ်ကြောင်းသုံးခုခွဲကာ ထိုးစစ်ဆင်နေတာကြောင့် KNDF က ခုခံစစ်ဆင်နွှဲနေတာလို့ ဖော်ပြပါတယ်။ စစ်ကောင်စီက စစ်ကြောင်းသုံးခုခွဲကာ ဇန်နဝါရီ ၁၁ ရက်မှာ ဝင်ရောက်လာပြီးနောက် တိုက်ပွဲ ဖြစ်ပွားနေရာ ဇန်နဝါရီ ၁၉ ရက်အထိ စစ်ကောင်စီတပ်မှ ခုနစ်ဦးထက်မနည်းသေဆုံးခဲ့တယ်လို့သိရပါတယ်။ စစ်ကောင်စီစစ်ကြောင်းများဟာ (၆)မိုင် ဘုရားကျောင်း နဲ့ လမ်းမကြီးတစ်ကြောရှိ နေရာသုံးခုထက်မနည်း ဝင်ရောက်တပ်စွဲထားပါတယ်။

▪︎စစ်ကောင်စီတပ် စစ်ကြောင်းထိုး မီးရှို့နေလို့ ပေါက်နယ်တောင်ပိုင်း ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရ

မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းမှာ စစ်ကောင်စီတပ်စစ်ကြောင်းထိုး ပစ်ခတ်မီးရှို့နေတာကြောင့် ကျေးရွာအများအပြားမှ ဒေသခံပြည်သူများထွက်ပြေးတိမ်းရှောင်နေရပါတယ်။ မနေ့ မနက်ပိုင်းမှာ အင်အား ၈၀ ခန့်ပါ စစ်ကောင်စီတပ်ဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပေါက်မြို့အနီး ကျသိုက်ကျေးရွာဘက်မှ ရွာစဥ်တလျှောက် စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံပြည်သူများထွက်ပြေးတိမ်းရှောင်နေရတယ်လို့ Pauk Newsletter Page၏ သတင်းပြန်ကြားရေးတာဝန်ခံ Salaiက ပြောပါတယ်။ ဒီနေ့ မနက်ပိုင်းမှာလည်း စစ်ကောင်စီတပ်ဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပေါက်မြို့နယ် တောင်ပိုင်းရှိ သီးခြောက်ကျေးရွာကို ထပ်မံမီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

▪︎ကန့်ဘလူမြို့နယ် အင်းမရွာကို စစ်ကောင်စီတပ် နှစ်ရက်ဆက် မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ အင်းမကျေးရွာကို စစ်ကောင်စီတပ်က နှစ်ရက်ဆက်မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၁၅ လုံး မီးလောင်ပျက်စီးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကန့်ဘလူမြို့နယ်​​မြောက်ပိုင်း၊ ပင့်သာတိုက်နယ်ရှိ အင်းမရွာကို စစ်ကောင်စီတပ်က ဇန်နဝါရီ ၂၁ နဲ့ ၂၂ ရက်​တို့မှာ နှစ်ရက်ဆက် မီးရှို့ခဲ့တာကြောင့် ​နေအိမ် ၁၅ လုံးပြာကျပြီး အိမ်​မွေးတိရိစ္ဆာန်အချို့ပါ ​ထိခိုက်သေဆုံးခဲ့​တယ်လို့ ဒေသတွင်း Infinity Groupက ဖော်ပြပါတယ်။ လူထိခိုက်သေဆုံးတာတော့ မကြားသေးဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။ အင်းမ​ကျေးရွာဟာ ၂၀၂၂ နိုဝင်ဘာ ၁၂ ရက်​ကလည်း မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ​နေအိမ် ၈၀ ကျော် ပြာကျခဲ့ပါတယ်။

ဆက်စပ်သတင်းများ