Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီကိုယ်တိုင် ပါဝင်ပတ်သပ်​နေသည့်အွန်လိုင်းလောင်းကစားလုပ်ငန်းများ

လူကုန်ကူးမှု ၏ သားကောင်များကို ဘေးကင်းလုံခြုံမှုပေးနိုင်ရန် နိုင်ငံတကာ၏ ကြိုးပမ်းအားထုတ်မှုများကို အထောက်အကူ ပေးသွားမည်ဟုလည်း NUG ကဆိုသည်။

(အွန်လိုင်း​လောင်းကစားနှင့်လိမ်လည်​သောလုပ်ငန်းများတည်​နေရာပြ​မြေပုံနှင့် အွန်လိုင်း​လောင်းကစားလုပ်သူများကို တရုတ်နိုင်ငံသို့ လွှဲအပ်စဥ် ။ဓါတ်ပုံ-AP၊ UN)
(အွန်လိုင်း​လောင်းကစားနှင့်လိမ်လည်​သောလုပ်ငန်းများတည်​နေရာပြ​မြေပုံနှင့် အွန်လိုင်း​လောင်းကစားလုပ်သူများကို တရုတ်နိုင်ငံသို့ လွှဲအပ်စဥ် ။ဓါတ်ပုံ-AP၊ UN)

နယ်စပ်ဒေသအခြေပြု online လိမ်လည်မှုများ၌ စစ်ကောင်စီက ထဲထဲဝင်ဝင်ပါဝင်ပတ်သက်နေ‌ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ပြီးနောက် ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့ SHRF ကလည်း စစ်ကောင်စီနှင့် အွန်လိုင်း​လောင်းကစားလုပ်ငန်းများ ပတ်သက်မှုကို ထပ်မံအသိပေးချက် ထုတ်ပြန်လာသည်။

တရုတ်နိုင်ငံသားများအား နစ်နာစေသည့် အွန်လိုင်းငွေလိမ်နေသည့် လုပ်ငန်းများကိုဖော်ထုတ်အရေးယူပေးရန် တရုတ်က စစ်ကောင်စီကို ဖိအားပေးပြီးနောက်ပိုင်း အဆိုပါ လုပ်ငန်းများ၌ စစ်အုပ်စုကိုယ်တိုင် ပါဝင်ပါတ်သက်နေသည့်အခြေအနေကို ထုတ်ဖော်အသိပေးလာကြခြင်းဖြစ်သည်။

မြန်မာနိုင်ငံအနှံ့အထူးသဖြင့် စစ်​ကောင်စီတပ်၏ လက်အောက်ခံ နယ်ခြားစောင့်တပ်များ ထိန်းချုပ်ထားသည့် နယ်စပ်ဒေသများတွင် အများဆုံးဖြစ်ပွားကျူးလွန်နေကြသည့် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုခင်းများတွင် စစ်ကောင်စီက ထဲထဲဝင်ဝင် ပါဝင်ပတ်သက်နေကြောင်း၊ နိုင်ငံတကာအသိုင်းအဝိုင်းကဖြေရှင်းရန် ကြိုးပမ်းဆောင်ရွက်နေမှုများကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အနေဖြင့် အသိအမှတ်ပြုချီးကျူးဂုဏ်ပြုကြောင်း၊ မကြာသေးမီက ထုတ်ပြန်ခဲ့သည့် ကုလသမဂ္ဂ၏ အစီရင်ခံစာအရ မြန်မာနိုင်ငံတွင် အနည်းဆုံး လူပေါင်း ၁၂၀,၀၀၀ခန့်သည် အွန်လိုင်းမှတဆင့်လိမ်လည်မှုများကို လုပ်ဆောင်ရန် အတင်းအကြပ် ဖိအားပေးစေခိုင်းခံနေရပြီး အများစုသည် အိမ်နီးချင်းနိုင်ငံများမှ မြန်မာနိုင်ငံအတွင်း သို့ လူကုန်ကူးခံကြရသူများဖြစ်သည်ဟု NUG ကထုတ်ပြန်သည်။

ကမ္ဘာအနှံ့ရှိ လှည့်ဖျားရလွယ်ကူနိုင်မည့်သူများအား ပစ်မှတ်ထားသော၊ အဆင့်မြင့်နည်းပညာ များကို အသုံးပြုထားသည့် ဆန်းပြားရှုပ်ထွေးသည့် အဆိုပါလိမ်လည်မှုများတွင် ရာဇဝတ်မှုများပြုလုပ်ရန် အတင်းအကြပ်စေခိုင်းခြင်း၊ ညဉ်းပန်းနှိပ်စက်ခြင်း သို့မဟုတ် ခေတ်သစ်ကျွန်ပြုခြင်းတို့၏ သားကောင်များစွာ ရှိနေပြီး ယင်းလုပ်ငန်းများ၌ စစ်တပ်က အဓိကပါဝင်ပတ်သက်နေသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရနိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာလ ၁၇ ရက်တွင် ထုတ်ပြန်အသိ​ပေးခဲ့သည်။

Public Service Announcement

Public Service Announcement

(အွန်လိုင်း​လောင်းကစားနှင့်လိမ်လည်​သောလုပ်ငန်းများတည်​နေရာပြ​မြေပုံနှင့် အွန်လိုင်း​လောင်းကစားလုပ်သူများကို တရုတ်နိုင်ငံသို့ လွှဲအပ်စဥ် ။ဓါတ်ပုံ-AP၊ UN)
(အွန်လိုင်း​လောင်းကစားနှင့်လိမ်လည်​သောလုပ်ငန်းများတည်​နေရာပြ​မြေပုံနှင့် အွန်လိုင်း​လောင်းကစားလုပ်သူများကို တရုတ်နိုင်ငံသို့ လွှဲအပ်စဥ် ။ဓါတ်ပုံ-AP၊ UN)

“လူကုန်ကူးမှု၊ ငွေကြေးလိမ်လည်မှုများ၊ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုခင်းများနှင့်စပ်လျဉ်း၍ အမျိုးသားညီညွတ်ရေးအစိုးရ၏ ထုတ်ပြန်ချက်”ဟု အမည်​ပေးထား​သောထုတ်ပြန်ချက်မှာ အွန်လိုင်းမှ လိမ်လည်မှုများနှင့်ပတ်သပ်၍ NUG ၏ ပထမဆုံးထုတ်ပြန်ချက်လည်းဖြစ်သည်။

“အကြမ်းဖက်စစ်တပ်သည် ၎င်း၏ အကြီးမားဆုံးဝင်ငွေအရင်းအမြစ် တစ်ရပ်အဖြစ် အဆိုပါအွန်လိုင်းလိမ်လည်မှုများတွင် ထဲထဲဝင်ဝင် ပါဝင်ပတ်သက်လျှက်ရှိပြီး ယင်းအချက် က အဆိုပါ ရာဇ၀တ်မှုများကို ဖြိုခွဲခြင်းမပြုရသည့် အကြောင်းရင်းတစ်ချက်လည်း ဖြစ်သည်”ဟု ဖော်ပြထားသည်။

ယင်း‌ထုတ်ပြန်ချက်ထွက်ပေါ်လာပြီး နောက်တစ်ရက် အောက်တိုဘာလ ၁၈တွင် ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့ SHRF က “ငရဲတွင်း၌ ပိတ်မိခြင်း” ခေါင်းစဉ်ဖြင့် အစီရင်ခံစာ ထုတ်ပြန်လာသည်။

ထိုအစီရင်ခံစာ၌“ဝ” ဒေသအွန်လိုင်းရာဇဝတ်မှုများ၌ Mytel ဆက်သွယ်ရေးကွန်ရက်အသုံးပြု‌ ဆောင်ရွက်နေသည့်အပေါ် စုံစမ်းစစ်ဆေးပေးရန် Mytel ဆက်သွယ်ရေးကွန်ရက်နှင့် ဖက်စပ်ကုမ္ပဏီViettel အား ပိုင်ဆိုင်သည့် ဗီယက်နမ်အစိုးထံတောင်းဆိုထားသည်။

Mytelကို မြန်မာစစ်တပ်က တိုက်ရိုက်ထိန်းချုပ်ထားပြီး “ဝ”ဒေသ၌ အဆိုပါ ဆက်သွယ်ရေး ကွန်ရက်ကို အသုံးပြုပြီး အွန်လိုင်းရာဇဝတ်မှုများ ကျူးလွန်သည်ကို ထိထိရောက်ရောက် အရေးယူခြင်းမရှိသည်မှာ မေးခွန်းထုတ်စရာဖြစ်နေကြောင်း အစီရင်ခံစာတွင်‌ ​မေးခွန်းထုတ်ထားသည်။

“ဝ”ဒေသမှအွန်လိုင်းငွေလိမ်ခြင်းကို ဦးဆောင်လုပ်ကိုင်နေသည်ဟုဆိုကာ “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) မှ အရာရှိနှစ်ဦးဖြစ်သည့် ချန်ရန်ပန်(ခ)ပေါက်အိုက်ပန်းနှင့် ရှောက်ရန်ပန်(ခ)ဟော်ချွင်ထင်ကိုတရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာနကအောက်တိုဘာ ၁၂ ရက်နေ့တွင် ဖမ်းဝရမ်းထုတ်ခဲ့သည်။ သတင်းပေးနိုင်သူကို ယွန် ၁၀၀,၀၀၀ မှ ၅၀၀,၀၀၀အထိ ပေးမည်ဟု ဆုငွေပါထုတ်ခဲ့သည်။

ငါးရက်အကြာ အောက်တိုဘာ ၁၆ ရက်နေ့တွင်၎င်းတို့ နှစ်ဦးကို ရာထူးမှ ထုတ်ပယ်လိုက်ကြောင်း “ဝ”ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP ဗဟိုကော်မတီကထုတ်ပြန်သည်။

ထို့​နောက် စစ်ကောင်စီကလည်း ထပ်ဆင့်ဖမ်း ဝရမ်းထုတ်ကြောင်း အောက်တိုဘာ ၁၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြန်သည်။စစ်ကောင်စီ၏ထိုလုပ်ရပ်သည် အမျိုးသားညီညွတ်ရေးအစိုးရ၏ သံတမန်ရေးရာအရ အကျိုးအမြတ်ရသွားမည်ကိုစိုးရိမ်ခြင်း နှင့် တရုတ်အစိုးရအလိုကျလိုက်လံလုပ်ဆောင်နေခြင်းဖြစ်သလို ထိုရာဇဝတ်လုပ်ငန်းများ၌ ၎င်းတို့ကိုယ်တိုင် ပါဝင်ပတ်သက်နေမှုကို ဖုံးကွယ်နိုင်ရန် ကြိုးစားခြင်းဖြစ်သည်ဟု လေ့လာသုံးသပ်သူအချို့ကသုံးသပ်သည်။

ပြီးခဲ့သည့် မေလကရှမ်းပြည်နယ်မြောက်ပိုင်းလောက်ကိုင်မြို့ရှိ အွန်လိုင်း လောင်းကစားရုံသို့ ပို့ဆောင်ခံခဲ့ရပြီး ၎င်းနှင့်ရင်းနီးသော စစ်တပ်အရာရှိတစ်ဦး၏ အကူအညီဖြင့် ချက်ချင်း ပြန်လွတ်လာသူ အမျိုးသမီးတစ်ဦးက အဆိုပါလုပ်ငန်းများ၌ စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်များ နက်ရှိုင်းစွာ ပါဝင်ပတ်သက်နေသည်ဟု People’s Spring ကိုပြောသည်။

အသက် ၃၀ခန့်အရွယ်ရှိအဆိုပါအမျိုးသမီးမှာခေတ်ပညာတတ်တစ်ဦးဖြစ်သည်။ကွန်ပြူတာကျွမ်းကျင်စွာအသုံးပြုနိုင်ပြီး လစာ သိန်း၃၀ခန့် ရမည်ဆို၍ လောက်ကိုင်သို့ လိုက်သွားစဉ် အွန်လိုင်းလိမ်လည်သည့်လုပ်ငန်းလုပ်နေသော အဆောက်အဦးအတွင်း ပို့ဆောင်ခံခဲ့ရသည်။

“အထဲမှာ ကွန်ပြူတာအလုံးရေ ထောင်ချီရှိတယ်။ ဟောခန်းကြီး။ မသင်္ကာတော့လို့ ချက်ချင်းလှည့်ပြန်လာတာကို တားတယ်။ ကျမအသိ စစ်တပ်ကတစ်ယောက်ကို ဖုန်းဆက်‌ပြောလိုက်တော့မှ သူတို့ချင်း ပြောပြီး ပြန်လွှတ်ပေးတာ”ဟု သူ့အ​တွေ့အကြုံကို ဖွင့်ဟသည်။

မူဆယ်မှာဖြစ်စေ၊ ဝ​ဒေသမှာဖြစ်​စေ ၊ကိုးကန့်​ဒေသမှာဖြစ်​စေ၊ မြဝတီမှာဖြစ်​စေ အွန်လိုင်း​လောင်းကစားနှင့်လိမ်လည်​သောလုပ်ငန်းများမှာ စစ်​ကောင်စီလက်​အောက်ခံပြည်သူ့စစ်များ၊နယ်ခြား​စောင့်တပ်များ၊ စစ်ကောင်စီနှင့်နီးစပ်သူများ ပါဝင်​နေ​ကြောင်း နယ်စပ်​ဒေသမှ ပြည်သူအချို့က​ပြောသည်။

စစ်ကောင်စီတပ်သည် မြန်မာနိုင်ငံတွင် နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှုခင်းများနှင့် ငွေကြေးလိမ်လည်မှုများကို အဓိကဆောင်ရွက်ကျူးလွန်​နေပြီး အဆိုပါရာဇ၀တ်မှုများမှ ၎င်းတို့ရရှိထားသည့် တရားမဝင်ငွေကြေးစီးဆင်းမှုများကို ဖော်ထုတ်သွားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ထားသည်။

ထိုအပြင် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုခင်းများကို တွက်ချက်ခန့်မှန်းနိုင် ရန်အတွက် NUGက လုပ်ငန်းအဖွဲ့တစ်ရပ်ကို ဖွဲ့စည်းထားရှိပြီး၊ ရာဇဝတ်ပြစ်မှုများ နှိမ်နှင်းရေးအတွက် မြန်မာနိုင်ငံရှိ တိုင်းရင်းသားအဖွဲ့အစည်းများ အပါအဝင် ပြည်တွင်းပြည်ပရှိ သက်ဆိုင်သူများ အပြင် နှိမ်နှင်းရေးတွင် အရေးပါသည့်အခန်းကဏ္ဍမှ ပါဝင်နေကြသော တရားဥပဒေ စိုးမိုးရေး ဆောင်ရွက်နေသူများ၊ နိုင်ငံခြားသံရုံးများ၊ အစိုးရများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ အရပ်ဘက် အဖွဲ့အစည်းများ၊ ကယ်ဆယ်ရေးအဖွဲ့များနှင့် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများနှင့် ချိတ်ဆက်ညှိနှိုင်းဆောင်ရွက်သွားရန် အသင့်ရှိသည်ဟု အသိ​ပေးသည်။

လူကုန်ကူးမှု ၏ သားကောင်များကို ဘေးကင်းလုံခြုံမှုပေးနိုင်ရန် နိုင်ငံတကာ၏ ကြိုးပမ်းအားထုတ်မှုများကို အထောက်အကူ ပေးသွားမည်ဟုလည်း NUG ကဆိုသည်။

ကမ္ဘာ့နိုင်ငံများအနေဖြင့် အဆိုပါ ရာဇဝတ်ဂိုဏ်းခေါင်းဆောင်များ၊ အကျင့် ပျက်ဝန်ထမ်းများနှင့် ရာဇ၀တ်မှုများကို ကျူးလွန်နေသော အခွင့်ထူးခံလူတန်းစားများကို ဖမ်းဆီး ခြင်းနှင့် ရာဇဝတ်မှုကျူးလွန်ရာလုပ်ငန်းခွင်နေရာများကို ပိတ်သိမ်းခြင်းတို့ဖြင့် တရားဥပဒေ စိုးမိုးရေးလုပ်ဆောင်ချက်များကို အာရုံစိုက်လုပ်ဆောင်ရန် မျှော်လင့်ကြောင်းနှင့် တစ်ချိန်တည်း တွင်လိမ်လည်ဂိုဏ်းများ၏ရာဇဝတ်လုပ်ငန်းများ အတင်းအကျပ်စေခိုင်းရန် ခေါ်ဆောင်ခြင်းခံရ သည့် ထောင်ပေါင်းများစွာသောသူများအား လူ့အခွင့်အရေးဆိုင်ရာရှုထောင့်မှ ရှုမြင်ဆက်ဆံရန် အလွန် အရေးကြီး‌​ကြောင်းလည်း NUG ကသ​ဘောထားကို ထုတ်ပြန်ထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ယင်းပြဿနာများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ရဲတပ်ဖွဲ့နှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးဆိုင်ရာ ကြားကာလကော်မတီများ၊ အုပ်ချုပ်ရေး အဖွဲ့များနှင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များ၏ လက်အောက်ရှိ ရဲတပ်ဖွဲ့များ၏ စွမ်းဆောင် ရည်မြှင့်တင်ပေးနိုင်ရန်အတွက် နိုင်ငံတကာ၏ ပူးပေါင်းဆောင်ရွက်မှုများကိုလည်း ဖိတ်ခေါ်အပ် ပါသည်ဟု ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။