Connect with us

Hi, what are you looking for?

သတင်း

မန္တလေးတွင် MNDAA အ​ကြောင်းမ​ကောင်း​ရေးထား​သောစာများကို စစ်တပ်လက်​အောက်ခံပျူစောထီးများလိုက်ကပ်နေ

မန္တလေးမြို့ တွင် စစ်​ကောင်စီက အ​ရှေ့​မြောက်တိုင်းစစ်ဌာနချုပ်(ရမခ) ကို ထိုးစစ်ဆင်သိမ်းပိုက်ခဲ့​သော MNDAA အ​ကြောင်း မ​ကောင်း​ရေးသား၍ ကိုးကန့်တိုင်းရင်းသားများက ကန့်ကွက်သည်ဆို​သောစာများအား မြို့အနှံ့ လိုက်လံကပ်နေကြောင်း ဒေသခံများက ပြောသည်။

MNDAAကို ကန့်ကွက်ကြောင်းစာများအား ပျူစောထီးများလိုက်ကပ် ၊လိုက်​ဝေနေစဥ်။ ဓာတ်ပုံ-စစ်​ကောင်စီ
လူမျိုး​ရေး အဓိကရုဏ်းဖြစ်ပွား​အောင် စစ်​ကောင်စီဝါဒဖြန် တယ်လီဂရန်များ လှုံ့​ဆော်
မန္တ​လေးမြို့သိမ်းတိုက်ပွဲသတင်း​ကြောင့် စစ်တပ်နှင့်ရဲစခန်းအတွင်းရှိ မိသားစုဝင်များ ရွှေ့ပြောင်းနေ

အင်ကြင်း/People’s Spring

မန္တလေးမြို့ တွင် စစ်​ကောင်စီက အ​ရှေ့​မြောက်တိုင်းစစ်ဌာနချုပ်(ရမခ) ကို ထိုးစစ်ဆင်သိမ်းပိုက်ခဲ့​သော MNDAA အ​ကြောင်း မ​ကောင်း​ရေးသား၍ ကိုးကန့်တိုင်းရင်းသားများက ကန့်ကွက်သည်ဆို​သောစာများအား မြို့အနှံ့ လိုက်လံကပ်နေကြောင်း ဒေသခံများက ပြောသည်။

အကြမ်းဖက်လုပ်ငန်းများ လုပ်သည်ဆိုကာ MNDAA ကို မန္တလေးမြို့နေ ကိုးကန့်တိုင်းရင်း သားများက ကန့်ကွက်သည်ဆို​သော ဝါဒဖြန့် စာများအားသြဂုတ်၁၀ရက်က မန္တလေးမြို့တွင် စစ်တပ်လက်အောက်ခံ ပျူစောထီးများက ဓာတ်တိုင်များတွင်လိုက်ကပ်ပြီး လမ်းသွားလမ်းလာပြည်သူများကိုလည်း လိုက်ဝေနေကြောင်း မြို့ခံအချို့က ပြောသည်။

စာတွင် ကိုးကန့်တပ်က လားရှိုးမြို့ရှိ​ဆေးရုံကို MNDAA က ​ဒရုန်း ၊လက်နက်ကြီး ၊​ရှော့တိုက်ဒုံးများဖြင် ပစ်ခတ်တိုက်ခိုက်သဖြင့် လူနာများ ၊ ကျန်းမာ​ရေးဝန်ထမ်းများ ၊ ပြည်သူများ ​သေဆုံးထိခိုက်ခဲ့သည်ဟု စစ်​ကောင်စီထုတ်ပြန်သည့်အတိုင်း​ဖော်ပြသည်။ သို့​သော် အမှန်တွင် ​တော်လှန်​ရေး တပ်များက ပစ်ခတ်တိုက်ခိုက်ခြင်းမဟုတ်ဘဲ စစ်​ကောင်စီက ​လေ​ကြောင်းမှဗုံးကြဲခဲ့ပြီး MNDAA က ​ဆေးရုံမှကျန်းမာ​ရေးဝန်ထမ်းများ ၊လူနာများကိုပင် ကယ်ထုတ်​​ပေးခဲ့​ကြောင်း ကိုယ်​တွေ့ကြုံခဲ့​သော စစ်ဆရာဝန်များနှင့် MNDAA က ​ပြောသည်။

Public Service Announcement

Public Service Announcement

“အရင်ကလည်း တခါလိုက်ဝေဖူးတယ်ဗျ။ ဘာမှလည်းမဟုတ်ပါဘူး။ သူတို့ကတော့ ဒီလိုပဲလိုက်လုပ်နေကြပဲ။”ဟု မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်နေ အသက် ၅၀ ကျော်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

ထို့အပြင် စစ်ကောင်စီဝါဒဖြန့် တယ်လီဂရန်ချန်နယ်များတွင်လည်း မန္တလေးမြို့ရှိ တရုတ်လူမျိုးများအား ခြိမ်းခြောက်ပြီး လူမျိုးရေးပဋိပက္ခဖြစ်စေရန် ဖန်တီးသည့် စာများအား ရေးသားဖြန့်ဝေနေကြသည်။

ထိုအပြင်မန္တလေးတွင် မြန်မာ-တရုတ် လူမျိုးရေးအဓိကရုဏ်းဖန်တီးရန် စစ်ကောင်စီကစ ကြံစည်နေကြောင်းလည်း စုံစမ်းသိရသည်။ထို​ကြောင့် မန္တလေးကျောက်ဝိုင်းရှိ အရောင်းအဝယ်လုပ်နေကြ​သော တရုတ်လူမျိုးများ အထူးသတိထားကြရန်ပြည်သူ့အချင်းချင်းသတိ​ပေး​နေကြသည်။

“ဘာသာရေး လူမျိုးရေး မှိုင်းတွေတိုက်ပြီး ပြဿနာဖြစ်အောင် လုပ်မနေနဲ့ မရဘူး။ ပြည်သူတွေအားလုံး စည်းလုံးနေပြီ။ ပြည်သူတွေရဲ့ အဓိက ပန်းတိုင်က မအလ စစ်ခွေးတွေကို အမြစ်ပြတ် ချေမှုန်းရေးပဲ။”ဟု မန္တလေးမြို့ခံတစ်ဦးက လူမှုကွန်ရက်တွင် မှတ်ချက်ပြုသည်။

အလားတူ မြို့သိမ်းတိုက်ပွဲများ ပြုလုပ်လာမည်ကိုစိုးရိမ်၍ စစ်တပ်နှင့်ရဲစခန်းများအတွင်းရှိ မိသားစုဝင်များ ပြင်ပသို့ပြောင်းရွှေ့နေကြသည်။

မန္တလေးမြို့၊ နန်းတွင်းထဲမှ စစ်တပ်မိသားစုများ နန်းရှေ့ရှိ ဝန်ထမ်းအိမ်ယာ၌ ပြောင်းရွှေ့နေထိုင်နေကြောင်း MDY REVOLUTION က ဖော်ပြသည်။

“ရဲစခန်းထဲက မိသားစုတွေပါ အကုန်ရွှေ့နေကြတယ်။ တချို့က ရပ်ကွက်တွေထဲရွှေ့ကြတယ်။”ဟု မန္တလေးမြို့ခံတစ်ဦးက ပြောသည်။

ထို့အပြင် စစ်ကောင်စီ ကင်းစခန်းအချို့ ထပ်မံတိုးမြှင့်လာပြီး မတ္တရာဘက်အထွက် အိုးဘိုထောင် မြောက်ဘက်ကပ်လျက် သံလမ်းတွင် စစ်စခန်းတစ်ခု အထိုင်ချ တပ်စွဲထားကြောင်းသိရသည်။

မန္တလေးတောင်ခြေ ၉၅တပ်ရှေ့တွင်လည်း ကတုတ်ကျင်းများတူးကာ ဘန်ကာအသစ်များဆောက်နေပြီး ပုသိမ်ကြီးမြို့နယ်၊ ရေတံခွန်တောင်ခြေ သစ္စာဝေဒဂူ‌ကျောင်းမှ ကျောင်းသားကျောင်းသူများ နေရပ်ပြန်လွှတ်ကာ တောင်ပေါ်တွင်တပ်စွဲထားကြောင်း MDY REVOLUTION က အသိပေးသည်။

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)ရုံးစိုက်ရာ မန္တလေးနန်းမြို့ကျုံး မြို့ရိုးပတ်လည် အုတ်ရိုးများကြားတွင် စစ်ကောင်စီက သဲအိတ်များညှပ်၍ ဘန်ကာများ ပြုလုပ်ထားပြီး ကျုံးပတ်လ​ည်နှင့် မြို့တွင်း အထပ်မြင့်တိုက်များတွင်ပါ တပ်စွဲရန် ပြင်ဆင်နေကြောင်း ​မန္တလေးမြို့ခံများက ပြောသည်။

ထို့အပြင် အရေးပေါ်အသုံးပြုရန်အတွက် ချမ်းမြသာစည်လေယာဥ်ကွင်းဟောင်းကိုပါ ပြန်လည်ပြင်ဆင်နေသည်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းတွင် မန္တလေး PDFနှင့်ပူးပေါင်းတပ်များသည် မန္တလေးတိုင်းအတွင်း၌ စဥ့်ကူးနှင့် မိုးကုတ်မြို့များကို သိမ်းပိုက်ထားပြီးဖြစ်သည်။ သပိတ်ကျင်းနှင့်မတ္တရာတွင်လည်း တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီး မန္တလေးမြို့နှင့် ၅ မိုင်ခန့်အကွာ ပုသိမ်ကြီးမြို့နယ်၌ပါ တိုက်ပွဲများ စတင်ဖြစ်ပွားနေပြီဖြစ်သည်။

မန္တလေးတိုင်းအတွင်းရှိ စစ်တပ်မြို့တော် ပြင်ဦးလွင်မြို့တွင်လည်း တိုက်ပွဲဖြစ်မည်ဟုသတင်းထွက်ပေါ်နေ၍ စစ်တပ်အသိုင်းအဝိုင်းနှင့် တပ်ဧရိယာအနီးတဝိုက်ရှိ ပြည်သူအချို့ သြဂုတ်လပထမပတ်အတွင်းမှစတင်ကာ ပြောင်းရွှေ့မှုများရှိနေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ စစ်မှုထမ်းစုဆောင်းခံရသူတွေက ပျူစောထီးတွေကို ရိုက်နှက်ပြီး ထွက်ပြေးလွတ်မြောက်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ အမျိုးသားပုံစံဝတ်ဆင်နေထိုင်တဲ့ ပစ္စည်းတွေသယ်ယူပို့ဆောင်ပေးသူ(Delivery) အမျိုးသမီးတစ်ဦး ပစ္စည်းပို့ရင်း ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ ဆိုင်ကယ်စီးနင်းလာသူ အမျိုးသားတစ်ဦး အုပ်စုဖွဲ့ ဆိုင်ကယ်လုယက် ခံလိုက်ရပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်မှာ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးနေတဲ့ စစ်တပ် လက်အောက်ခံ ပျူစောထီး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ သားဖြစ်သူကို နေအိမ်မှာတင် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။

Facebook