အောက်တိုဘာ-၃၀၊ ၂၀၂၆။ ဒလပန်း/People’s Spring
ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်မှာ ကင်းပတ်ထွက်လာတဲ့ စစ်တပ်လက်အောက်ခံ ပျူစောထီးအဖွဲ့ဝင်တွေ တိုက်ခိုက်ခံရပြီး ၂ ဦး သေဆုံးခဲ့တယ်လို့ ပဲခူးတိုင်းစစ်ဌာနက ဒီနေ့ အောက်တိုဘာ ၃၀ ရက် ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ အမှတ် (၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ (၂၂) အောက်ရှိ တပ်ရင်း (၃၈၀၁)၊ တပ်ခွဲ (၆) က တပ်ဖွဲ့ဝင်တွေက အောက်တိုဘာ ၂၉ ရက် မနက် ၇နာရီခွဲခန့်မှာ နတ်တလင်းမြို့နယ် ရှားစေးဖိုကျေးရွာကနေ ကင်းပတ်ထွက်လာတဲ့ စစ်တပ်လက်အောက်ခံ ပျူစောထီးအဖွဲ့ဝင်တွေကို ကျောက်ဆွယ်နဲ့ ကျောက်ခွက်ကျေးရွာအကြားမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ကြားဖြတ်တိုက်ခိုက်မှုကြောင့် မင်းဘူးကျွန်း ပျူစောထီးကျေးရွာက မင်းမင်းထွန်း နဲ့ ပေါင်းတည်မြို့နယ်၊ အုန်းနှဲကန် ပျူစောထီးကျေးရွာက သိန်းဆောင်ဆိုသူ ပျူစောထီး ၂ဦး သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Public Service Announcement
“ပျူတွေ တိုက်ခံရပြီးတော့ ကျောက်ဆွယ်ရွာထဲကို ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ပစ်ဝင်ပြီး ရွာထဲက နေအိမ်တွေကို မီးရှို့တာတွေ လုပ်သွားတယ်“ လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
ကြားဖြတ်တိုက်ခိုက်မှုအတွင်း G-3 အမျိုးအစား သေနတ် ၂ လက်နဲ့ G-3 ကျည်ဆန်တွေကို သိမ်းဆည်းရမိခဲ့သလို ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ဖွဲ့ဝင်တွေဘက်က ထိခိုက်ဒဏ်ရာရရှိမှု မရှိဘဲ စစ်ဆင်ရေးကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့တယ်လို့ ပဲခူးတိုင်းစစ်ဌာနက ထုတ်ပြန်ထားပါတယ်။




















































