အိမ်သွင်/People’s Spring
အာရက္ခတပ်တော်(AA) က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)ကိုအပြီးသတ်သိမ်းပိုက်ရန်ထိုးစစ်ဆင်နေသောတိုက်ပွဲအတွင်း ထွက် ပြေးသည့် တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်ကျော်ကျော်သန်း သေဆုံးသွားပြီဖြစ်ကြောင်းအမ်းမြို့တွင် ရှိနေသည့် စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
ဗိုလ်မှူးချုပ်ကျော်ကျော်သန်းဦးဆောင်သည့် စစ်ကောင်စီတပ်ဖွဲ့သည် နပခအနီးတောထဲတွင် AAစစ်ကြောင်းနှင့် ထိပ်တိုက်တိုးပြီး တိုက်ပွဲဖြစ်ပွားစဥ် သေဆုံးခြင်းဖြစ်သည်ဟု ကနဦးသိရှိထားသည့် အခြေအနေကို အထက်ပါ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
“သူက နပခထဲကနေ ခုခံနေရင်းကနေ ထွက်ပြေးတာ။ နပခကို သိမ်းတာက လက်စမသတ်သေးဘူး။ ချနေရဆဲပဲ။ တိုင်းဦးစီးမှူးကတော့ သေတာ အမှန်ပါ။ သူနဲ့အတူ နောက်ထပ်၂၀ လောက်ပါတယ်”ဟု ၎င်းက ပြောသည်။
ဗိုလ်မှူးချုပ်ကျော်ကျော်သန်းသည် ပြီးခဲ့သည့် နိုဝင်ဘာလအထိ နပခထဲတွင် ရှိနေသည်ဟု သတင်းရထားကြောင်းAAနှင့် နီးစပ်သည့်သတင်းရင်းမြစ်တဦးက နိုဝင်ဘာလဆန်းပိုင်း၌ပြောခဲ့သည်။
သြဂုတ်လက နပခအနီးရှိ အမြောက်ကြီးတပ်နှင့် အရိုးတောင်လက်နက်ကြီးစခန်းကို AAက ထိုးစစ်ဆင်တိုက်ခိုက်သည့် တိုက်ပွဲ၌ ဒဏ်ရာရပြီး သေဆုံးသွားခဲ့သည်ဟု သတင်းထွက်ခဲ့ဖူးသေးသည်။
သို့သော် နပခတိုင်းချုပ် ဗိုလ်ချုပ်ကျော်စွာဦးနှင့်ဒုတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်းတို့ နိုဝင်ဘာလအတွင်း ထွက်ပြေးသွားပြီး ဗိုလ်မှူးချုပ်ကျော်ကျော်သန်းက ဆက်လက်ခုခံနေခဲ့သည်ဟု ဒီဇင်ဘာလဆန်းတွင် သတင်းပြန်ထွက်ပေါ်ခဲ့သည်။
ဗိုလ်ချုပ်ကျော်စွာဦးသည် ကျောက်ဖြူ၌ သွားရောက်တိမ်းရှောင်နေကြောင်း နိုဝင်ဘာလအစောပိုင်းကသတင်းများထွက်ပေါ်ခဲ့သလို စစ်တွေမြို့တွင်ရောက်ရှိနေကြောင်းလည်း သတင်းများထပ်မံထွက်ပေါ်နေသည်။ဗိုလ်မှူးချုပ်သောင်းထွန်းသည် ပြီးခဲ့သည့် နိုဝင်ဘာလ ၄ရက်ကမကွေးမြို့အခြေစိုက် တပ်မ(၈၈)သို့ ရဟတ်ယာဉ်ဖြင့်ထွက်ပြေးသွားခြင်းဖြစ်သည်။
ဗိုလ်မှူးချုပ်သောင်းထွန်းနှင့်ဗိုလ်မှူးချုပ်ကျော်ကျော်သန်းတို့ပိုင်ဆိုင်သည့် အမ်းမြို့မှ နေအိမ်နှစ်လုံးကိုလည်း AA က ချိတ်ပိတ်သိမ်းဆည်းခဲ့သည်။
ဗိုလ်မှူးချုပ်ကျော်ကျော်သန်း သေဆုံးသည့်သတင်းကို AAက တရားဝင်မထုတ်ပြန်သေးပေ။
AAသည် ဒီဇင်ဘာလ ၈ရက်က မောင်တောမြို့သိမ်းတိုက်ပွဲ၌ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ -၁၅) စကခမှူးဗိုလ်မှူးချုပ်သူရိန်ထွန်းကိုဖမ်းမိခဲ့သည်။
AA က အမ်းနပခ ကိုအပြီးသတ်ရန် အပြင်းအထန်ထိုးစစ်ဆင်နေပြီး အမ်းမြို့နယ်ရှိ အခြားသော တပ်ရင်းများ ၊ဌာနချုပ်များ ၊စခန်းများကို သိမ်းပိုက်ပြီးဖြစ်သည်။AA က အမ်းနပခ ကိုသိမ်းပိုက်ပြီးပါကစစ်ကောင်စီတပ်အတွက် ဒုတိယမြောက်တိုင်းစစ်ဌာနချုပ် လက်လွှတ်ဆုံးရှုံးရခြင်းဖြစ်လာမည်ဖြစ်သည်။ ပထမဆုံးတိုင်းစစ်ဌာနချုပ်ဆုံးရှုံးရမှုအဖြစ် ၂၀၂၄ သြဂုတ်လဆန်းတွင် MNDAA နှင့် မဟာမိတ်တပ်များကလားရှိုး ရမခကိုသိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။
●ပြင်ဆင်ချက်- ကနဦးသတင်းခေါင်းစီးတွင်နပခ တိုင်းမှူး ဟုမှားယွင်းဖော်ပြမိခဲ့သည်ကိုတိုင်းဦးစီးမှူး ဟု ပြန်လည်ပြင်ဆင်အမှန်ဖော်ပြထားပါသည်။