ဟန်နွေ/People’s Spring
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၏ အမှတ်(၁)စစ်ဒေသ နယ်မြေတွင် နှစ်ရက်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ဦးလက်နက်နှင့် အလင်းဝင်ရောက်လာကြောင်း စစ်ဒေသ(၁)က သတင်းထုတ်ပြန်သည်။
ဇန်နဝါရီ ၁၀ရက်တွင် စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်မှ ပြည်သူ့စစ် နှစ်ဦး၊ ဇန်န၀ါရီ ၉ရက်တွင် မကွေးတိုင်း ဂန့်ဂေါခရိုင် ဆောမြို့နယ် ရဲစခန်းမှ ရဲတပ်သား တစ်ဦး၊ ပခုက္ကူမြို့နယ် မြစ်ခြေမြို့မှ စစ်ကောင်စီတပ်သား နှစ်ဦးတို့သည် အမှတ် (၁)စစ်ဒေသ ကွပ်ကဲမှုအောက်ရှိ တပ်ရင်းများထံသို့ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရှိမ္မကားကျေးရွာတွင် ယာယီအခြေပြုနေသော ဗိုလ်ကြီးအေးမျိုးထွန်း ဦးစီးသော ခမရ(၁၃)တပ်ရင်းမှ ပြည်သူ့စစ်တပ်သား (၂) ဦးသည် MA-1 (၂) လက်၊ MA ကျည် (၄၆၀) တောင့်ဖြင့် ရွှေဘိုခရိုင် တပ်ရင်း-၂ ထံသို့ အလင်းဝင်ရောက်ခဲ့ကြောင်း အသိပေးသည်။
ထို့အပြင် မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်၊ မြို့မရဲစခန်းမှ ရဲတပ်သား တစ်ဦးသည် G-3 (၁) လက်၊ ကျည် (၃၄၉)တောင့်၊ လက်ပစ်ဗုံး (၄) လုံး၊ ကျည်အိမ် (၂)ခုတို့ဖြင့် ဂန့်ဂေါခရိုင် တပ်ရင်း-၃ ထံသို့ အလင်းဝင်ရောက်ခဲ့သည်ဟု ထုတ်ပြန်သည်။
ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့၊ BPI မွေးမြူရေးစခန်းမှ တပ်သား (၂) ဦးသည် MA-1 (၂) လက်၊ အီနာဂါ ဗုံးသီး (၁) လုံး၊ နာနတ်သီးဗုံး (၂) လုံး၊ MA ကျည် (၁၆၆) တောင့်၊ ပို့ကျည် (၅) တောင့်၊ ကျည်အိမ် (၁၀) ခုဖြင့် ပခုက္ကူခရိုင် တပ်ရင်း-၈ ထံသို့ အလင်းဝင်ရောက်ခဲ့ကြောင်း ဖော်ပြထားသည်။
အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ခေါင်းဆောင်များနှင့် တိုင်းရင်းသားတော်လှန်ရေးခေါင်းဆောင်များက ၂၀၂၅တွင် စစ်ရှိန်မြှင့်မည်ဖြစ်၍ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အနေဖြင့် စစ်ကောင်စီကို အကာအကွယ်မပေးဘဲ ပြည်သူ့ဘက် ပူးပေါင်းအလင်းဝင်ကြရန် ဖိတ်ခေါ်ထားသည့် အခြေအနေတွင် ဒေသအသီးသီး၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များ တစ်ဦးချင်းစီသော်လည်းကောင်း တပ်ဖွဲ့လိုက်သော်လည်းကောင်း အလင်းဝင်ရောက်မှုများ ရှိနေသည်။