အောက်တိုဘာ ၂၂၊ ၂၀၂၆။ ထားမြတ်/People’s Spring
ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲဆက်ဖြစ်နေပြီး စစ်သားအချို့ အလင်းဝင်လာတာရှိတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
အောက်တိုဘာ ၁၆ရက်တိုက်ပွဲမှာ စစ်တပ်က အရာရှိ အပါအဝင် လက်နက်ချသူ ၂၀လောက်ရှိတယ်ဆိုတဲ့ သတင်းတွေနဲ့ပတ်သက်ပြီး ကချင်စစ်ရေးသတင်းရင်းမြစ်ကို မေးမြန်းရာ အလင်းဝင်ရောက်သူ ၃ဦး ရှိထားတယ်လို့ ပြောပြပါတယ်။
KIA သတင်းပြန်ကြားရေးဌာနရဲ့ အောက်တိုဘာ ၂၁ရက် သတင်းဖော်ပြချက်မှာလည်း မိုးမိတ်မှာ တိုက်ပွဲတွေ ဆက်ရှိနေကြောင်း အသိပေးထားပါတယ်။

Public Service Announcement
KIA တပ်မဟာ(၄) တပ်ရင်း(၃၄) နယ်မြေ ဖြစ်တဲ့ မိုးမိတ်ဒေသမှာ KIAနဲ့ စစ်တပ်အကြား တိုက်ပွဲဖြစ်ပွားနေတာ တလနီးပါး ရှိပြီလို့ဆိုပါတယ်။
အဲဒီ ဒေသကို စစ်တပ်က စစ်အင်အားတွေ ဖြည့်တင်းနေပြီး အောက်တိုဘာ ၁၉ရက်မှာ မိုးမိတ် ၇မိုင်၊ ၈မိုင်၊ ၉မိုင်ဒေသတွေမှာ တိုက်ပွဲဖြစ်ခဲ့ကြောင်း KIA ပြန်ကြားရေးဌာနက ဖော်ပြပါတယ်။
ဒါ့အပြင် KIA တပ်မဟာ(၃)နယ်မြေ ဗန်းမော်မြို့မှာလည်း တိုက်ပွဲဆက်လက်ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။ အောက်တိုဘာ ၁၉ရက်နဲ့ ၂၀ရက်မှာ ဗန်းမော်ဒေသမှာ တိုက်ပွဲတွေ ဆက်ဖြစ်ခဲ့ရာ စစ်တပ်ဘက်က လေကြောင်း ပစ်ကူပေး တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။မြို့တွင်းမှာလည်း တိုက်ပွဲတွေဆက်ရှိနေကြောင်း KIAက အသိပေးပါတယ်။
စက်တင်ဘာမှာ စစ်တပ်က ဗန်းမော်မြို့ကို ရေကြောင်းက စစ်အင်အား တထောင်ကျော်ဖြည့် တင်းခဲ့ပြီးနောက် မြေပြင်တိုက်ပွဲတွေ ပိုမိုပြင်းထန်လာတာပါ။ အလားတူ အောက်တိုဘာလဆန်းမှာ စစ်တပ်က မိုးမိတ်ကို စစ်အင်အားတွေ ဖြည့်တင်းခဲ့ပြီးနောက် မိုးမိတ်-မဘိမ်းလမ်းကြောင်းကို စစ်တပ်က ထိုးစစ်ဆင်နေလို့ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတာပါ။
စစ်ကောင်စီတပ်ဟာ ကချင်ပြည်နယ် မြစ်ကြီးနားအခြေစိုက် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် အပါအဝင် ဒေသတွင်း တပ်စခန်းတွေကို စစ်အင်အား၊ လက်နက်ခဲယမ်းရိက္ခာတွေ နည်းမျိုးစုံနဲ့ ဖြည့်တင်းနေတာမို့ KIA တပ်မဟာ နယ်မြေတွေမှာ စစ်ရေးတင်းမာနေတယ်လို့ KIA ဘက်က အသိပေးထားပါတယ်။




















































