ရဲခေါင်/People’s Spring
မွန်ပြည်နယ်၊ ရေးမြို့မရဲစခန်း အချုပ်ခန်း၌ ရဲများအား ပစ်ခတ်ထွက်ပြေးသွားသူများကို ကယ်ထုတ်နိုင်ပြီဖြစ်ကြောင်း ရေးဘီလူးတပ်ဖွဲ့ခေါင်းဆောင်က ပြောသည်။
ယနေ့(ဖေဖော်ဝါရီ ၁ရက်) နံနက် ၉နာရီခန့်က ရဲအုပ်နိုင်လွင်ဦး ဦးစီးသည့်အဖွဲ့မှာ အချုပ်သားများအား ထမင်းပုံးများပေးအပ်စဉ် အချုပ်သားများမှ ဒုရဲအုပ်နိုင်လွင်ဦး၊ ရဲတပ်ကြပ်မြင့်ထွန်း၊ ရဲတပ်သား ကျော်စွာထက်တို့ထံမှ လက်နက်များအား လုယူခဲ့သည်ဟု ဆိုသည်။
ထို့နောက် လုယူခဲ့သည့် လက်နက်ဖြင့်ပစ်ခတ်ရာ ဒုရဲအုပ်နိုင်လွင်ဦး ရဲတပ်ကြပ် မြင့်ထွန်း၊ ရဲတပ်သား ကျော်စွာထက်တို့မှာ အချုပ်ခန်းအတွင်း၌ သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းဌာနဖြစ်သော ရာမညတိုင်မ်းက ဖော်ပြထားသည်။

Public Service Announcement
ထို့အပြင် မြို့မရဲစခန်းမှူး ဒုရဲမှူးမြင့်ဦးလည်း ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။
“မနက် ၉ နာရီကတည်းက မြို့တွင်းမှာသေနတ်ဖောက်သံတွေ ညံသွားတာပဲ။ငါးဦးပြေးတာ၊ သုံးဦးကို ပြန်မိသွားတယ်။နှစ်ဦးကတော့ထွက်ပြေးလွတ်မြောက်ခဲ့တယ်လို့ သိရတယ်”ဟု ရေးမြို့ခံတစ်ဦးက လူထုနွေဦးသို့ ပြောသည်။
ယနေ့ ရေးမြို့မရဲစခန်းမှ ထွက်ပြေးနိုင်ခဲ့သူအချို့နှင့်ပတ်သက်၍ ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ၎င်း၏ လူမှုကွန်ယက်စာမျက်နှာမှတဆင့်”ရေးမြို့ရဲစခန်းက ထွက်ပြေးတဲ့ညီလေးတွေ မင်းတို့လိုက်မမိတော့ဘူး ခေါင်းစိမ်းတို့။ရေးဘီလူးတပ်ရင်းက မြန်တယ်ကွ”ဟု အသိပေးဖော်ပြထားသည်။
ဖြစ်စဥ်နှင့် အသေးစိတ်အချက်အလက်ကိုမူ ရေးဘီးလူးတပ်ဖွဲ့ထံ လူထုနွေဦးက ဆက်သွယ်မေးမြန်းဆဲ ဖြစ်သည်။
