သြဂုတ် – ၆ ၊၂၀၂၆
ပါကစ္စတန် နိုင်ငံမှာ မုဒိမ်းမှု စွပ်စွဲချက် တစ်ခုနဲ့ ဆက်စပ်ပြီး ရဲစခန်းတစ်ခုက ရဲဝန်ထမ်းနဲ့ တခြားအမှုထမ်း ၇၈ ဦးစလုံးကို လုပ်ငန်းတာဝန်ကနေ ဆိုင်းငံ့ထားလိုက်ပါတယ်။
လာဟိုးမြို့က ရဲစခန်း တစ်ခုထဲမှာ သင်ယူမှုဆိုင်ရာ အားနည်းချက် ပြဿနာ ရှိနေတဲ့ အသက် ၂၀ အရွယ် မိန်းကလေးငယ်တစ်ဦး မုဒိမ်းကျင့် ခံခဲ့ရတယ်ဆိုတဲ့ စွပ်စွဲချက်ကို အကြောင်းပြုပြီး ရဲစခန်းရဲ့ ရဲတပ်ဖွဲ့ဝင်နဲ့ တခြားဝန်ထမ်း အားလုံးကို ရာထူးက ဆိုင်းငံ့ထားလိုက်တာ ဖြစ်ပါတယ်။
ဒါဟာ ပါကစ္စတန် ရဲတပ်ဖွဲ့ သမိုင်းမှာတော့ စည်းမျဉ်းစည်းကမ်းဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေအတွက် အတိုင်းအတာ ပမာဏ အကျယ်ပြန့်ဆုံး အရေးယူ ကိုင်တွယ်မှု တစ်ခုလည်း ဖြစ်လာပါတယ်။

Public Service Announcement
တိုင်ကြားသူ မိန်းကလေးက လက်ထောက် စစ်ဆေးရေး အရာရှိ တစ်ဦးက သူ့ကို ဖမ်းဆီးပြီး ဂါဇီယာဘက် ရဲစခန်းကို ခေါ်လာခဲ့ကြောင်း၊ ပြီးတော့ ရဲစခန်း ဒုတိယထပ်က အခန်းတစ်ခုထဲမှာ မုဒိမ်းကျင့်ခဲ့ကြောင်း ထွက်ဆိုထားပါတယ်။
မိန်းကလေးရဲ့ မိသားစုက သူဟာ လမ်းပေါ်မှာ ပျောက်သွားခဲ့ပြီး အဲဒီနောက် ငိုယိုပြီး ပြန်လာခဲ့ကြောင်း၊ ရဲစခန်းမှာ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့် စော်ကားခံရတယ်လို့ ပြောပြခဲ့ကြောင်း ဆိုပါတယ်။
အဓိက ပြစ်မှုကျူးလွန်သူအဖြစ် စွပ်စွဲခံရတဲ့ အရာရှိဟာ အခုအခါ ဖမ်းဆီးခံထားရပြီး ဖြစ်ပါတယ်။ ဒါ့အပြင် ရဲစခန်းထဲက ရဲတပ်ဖွဲ့ဝင်နဲ့ ဝန်ထမ်းတွေ အားလုံးပါ ဩဂုတ် ၄ ရက်မှာ တာဝန်က ဆိုင်းငံ့ခံရပြီး ဖြစ်စဉ်နဲ့ ဆက်နွှယ်မှု ရှိမရှိ စုံစမ်းစစ်ဆေးခံရမှာပါ။
ရဲစခန်းထဲမှာ မှားယွင်းတဲ့ လုပ်ရပ်တစ်ခု ဖြစ်ပွားရင် သက်ဆိုင်ရာ စခန်းမှာရှိတဲ့ အရာရှိတွေ၊ အမှုထမ်းတွေအားလုံး စစ်ဆေးခံရမယ်လို့ စည်းမျဉ်းတွေမှာ တိတိကျကျ ပြဋ္ဌာန်းထားကြောင်း လာဟိုးရဲတပ်ဖွဲ့ရဲ့ စုံစမ်းရေး ဒုတိယ အရာရှိချုပ် ဖိုင်ဆယ်လ် ကမ်ရန်က ပြောပါတယ်။
အမျိုးသမီး ရဲဝန်ထမ်းတွေ မပါဘဲ အဲဒီ စုံထောက်အရာရှိက မိန်းကလေးကို အခန်းထဲ ခေါ်သွင်းသွားတဲ့ ကိစ္စကို ရဲစခန်းရဲ့ ဘယ်အရာရှိကမှ မေးခွန်းမထုတ်ခဲ့ဘူးလို့လည်း ကမ်ရန်က ဆိုပါတယ်။
စုံစမ်းစစ်ဆေးမှုတွေအပြီး တာဝန်ပျက်ကွက်သူတွေ၊ အပြစ်ရှိသူတွေ ပေါ်ထွက်လာရင် ရာထူးကနေ ထုတ်ပယ်မှာ ဖြစ်ကြောင်း၊ လာဟိုးမှာရှိတဲ့ ရဲစခန်း အားလုံးဟာ ဘေးကင်းလုံခြုံတဲ့ နေရာတွေ ဖြစ်နေဖို့လိုကြောင်းလည်း သူက ပြောကြားသွားပါတယ်။
ရဲစခန်းထဲမှာ မုဒိမ်းမှု ဖြစ်ပွားခဲ့တာဟာ ပါကစ္စတန် ပြည်သူတွေကြားမှာ အကြီးအကျယ် ဒေါသပေါက်ကွဲတဲ့ မှုခင်းလည်း ဖြစ်လာပါတယ်။ ပါကစ္စတန်မှာ လိင်အကြမ်းဖက် ခံရတဲ့ အမျိုးသမီးတွေဟာ ရဲတွေရဲ့ မယုံသင်္ကာ မေးခွန်းထုတ်မှုတွေနဲ့ တရားဥပဒေ စိုးမိုးရေး ဝန်ထမ်းတွေအပေါ် မယုံကြည်မှုတွေကြောင့် ရဲတိုင်ဖို့ တွန့်ဆုတ်နေလေ့ရှိကြောင်း လူ့အခွင့်အရေး အဖွဲ့တွေက ထောက်ပြနေချိန်မှာပဲ ဒီပြဿနာမျိုး ပေါ်ပေါက်လာတာပါ။
ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း ပါကစ္စတန်မှာ ဥပဒေရေးရာ ပြင်ဆင်ပြောင်းလဲမှုတွေ ပိုမို လုပ်ဆောင်လာခဲ့ပေမယ့်လည်း မုဒိမ်းမှုတွေနဲ့ ပတ်သက်ရင် ထိရောက်တဲ့ ပြစ်ဒဏ်စီရင် ချမှတ်နိုင်တာတွေ နည်းပါးနေဆဲလို့ ဆိုပါတယ်။ ၂၀၂၄ ခုနှစ် စာရင်းတွေအရ စွပ်စွဲမှုတွေရဲ့ ၀.၅ ရာခိုင်နှုန်းမှာ တရားခံတွေအပေါ် ပြစ်ဒဏ်ချမှတ်မှု ရှိခဲ့ပြီး ၂၀၂၅ မှာတော့ ၄ ရာခိုင်နှုန်းထိ မြင့်တက်လာကြောင်း သိရပါတယ်။
ကိုးကား – Guardian


















































