ဒုတိယ ကမ္ဘာစစ်မှာ နာမည်ဆိုးနဲ့ အထူးကျော်ကြားခဲ့တဲ့ နာဇီ ခေါင်းဆောင်ကြီး အဒေါ့ဖ်ဟစ်တလာ မွေးဖွားခဲ့တဲ့ နေရာဟာ အခုတော့ ရဲစခန်းတစ်ခု ဖြစ်လာခဲ့ပါပြီ။
နောင်တစ်ချိန်မှာ ဂျာမနီကို အုပ်စိုးတဲ့ နာဇီပါတီ အကြီးအကဲ ဖြစ်လာပေမယ့် ဟစ်တလာကို ဂျာမနီ နယ်စပ်နဲ့ ကပ်လျက် တည်ရှိရာ ဩစတြီးယား ပိုင်နက်ထဲက ဘရောင်နော် အမ်အင်းဆိုတဲ့ မြို့လေးမှာ မွေးဖွားခဲ့တာပါ။ အဲဒီ ရိုးရာအိမ်ဟောင်းလေးဟာ ပုဂ္ဂလိက ပိုင်ဆိုင်မှုအောက်မှာ ရှိနေခဲ့ပြီး မသန်စွမ်းသူတွေကို အကူအညီပေးနေတဲ့ ရန်ပုံငွေ အဖွဲ့အစည်း တစ်ခုက ရုံးခန်းအဖြစ် အသုံးပြုနေခဲ့ပါတယ်။
တစ်ဖက်မှာလည်း အဲဒီအဆောက်အအုံဟာ ခေတ်သစ် နာဇီဝါဒီတွေအတွက် အထွဋ်အမြတ်ထားရာ နေရာတစ်ခုလို ဖြစ်လာနိုင်တာကြောင့် ဖြိုချသင့်ကြောင်း ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ပြီး အဆောက်အအုံ တည်ရှိဖို့ သင့်မသင့် အငြင်းပွားစရာတွေ ဖြစ်နေခဲ့ပါတယ်။
၂၀၁၇ ခုနှစ်မှာတော့ ဩစတြီးယား အစိုးရက လုပ်ပိုင်ခွင့်အာဏာ အသုံးပြုပြီး အဲဒီအိမ်ကို ဝယ်ယူခဲ့ပါတယ်။ ၂၀၁၉ မှာတော့ အိမ်ကို မွမ်းမံပြင်ဆင်ပြီး ရဲစခန်းအဖြစ် ပြောင်းလဲ ဖွင့်လှစ်မယ်လို့ အစိုးရက ကြေညာခဲ့ပါတယ်။

Public Service Announcement
နောက်ပိုင်းမှာတော့ အိမ်တစ်အိမ်လုံးကို လုံးဝဥဿုံ မမှတ်မိနိုင်လောက်အောင် အကြီးအကျယ် ပြင်ဆင်ခဲ့ပြီး ခေတ်မီ အဆောက်အအုံတစ်ခု ဖြစ်လာစေခဲ့ပါတယ်။ အိမ်အစောင်းနဲ့ ပတ်သက်တာဆိုလို့ မော်သော်ဆန် ချွေးတပ်စခန်းကနေ ယူလာပြီး အိမ်ရှေ့ ပလက်ဖောင်းမှာ ထားရှိတဲ့ ‘ဖက်ဆစ်ဝါဒ ဘယ်တော့မှ ပြန်မရှင်သန်စေရဘူး’ဆိုတဲ့ စာတန်း ရေးထားတဲ့ ကျောက်တုံးကို အရင်အတိုင်း ချန်ထားတာ ဖြစ်ပါတယ်။ အိမ်ရဲ့ မျက်နှာစာမှာတော့ ‘ရဲ’ဆိုတဲ့ စာတန်းကိုပဲ ရိုးရိုးရှင်းရှင်း ရေးသားထားပါတယ်။
အဆောက်အအုံကို ဟစ်တလာနဲ့ ပတ်သက်ဆက်နွှယ်တဲ့ ပုံရိပ်တွေနဲ့ ဆက်စပ်မှုကနေ အပြီးတိုင် ဖယ်ရှားဖို့ ရည်ရွယ်ထားကြောင်း၊ ရဲစခန်းအဖြစ် ပြောင်းလဲ ဖွင့်လှစ်မှုက ခေတ်သစ် နီယိုနာဇီတွေက အဲဒီနေရာကို အလေးအမြတ် ထားစရာ နေရာတစ်ခုလို ပုံဖော်နေတာကို တားဆီးပြီး ဖြစ်သွားစေမယ်လို့ ယုံကြည်ကြောင်း ဩစတြီးယား ပြည်ထဲရေး ဝန်ကြီးရဲ့ သမိုင်းဌာနခွဲ အကြီးအကဲ စတီဖန် မဲလ်ဇော့ချ်က ပြောကြားသွားပါတယ်။
အခုအပြောင်းအလဲကို မြို့ခံပြည်သူတွေကလည်း သဘောတူ လက်ခံကြတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ တစ်ဖက်မှာလည်း နာဇီတွေရဲ့ ကြမ်းကြုတ်ရက်စက်မှုတွေကို ခံခဲ့ရတဲ့ ဂျူးအကျဉ်းသားဟောင်း အဖွဲ့အစည်းတွေ၊ တက်ကြွလှုပ်ရှားသူတွေက ဩစတြီးယား အစိုးရရဲ့ ဆုံးဖြတ်ချက်ဟာ သင့်တော်မှု မရှိဘူးလို့ ဝေဖန်ပြီး ဟစ်တလာနဲ့ ပတ်သက်တဲ့ သမိုင်းဆိုင်ရာ အဆောက်အအုံတွေကို ဒီထက်ပိုပြီး သတိကြီးကြီးထား ကိုင်တွယ်သင့်တယ်လို့ ပြောကြားထားကြပါတယ်။
မြို့ခံတချို့ကတော့ အရင်လိုပဲ မသန်စွမ်းသူတွေကို ကူညီပေးနေတဲ့ ရန်ပုံငွေ အဖွဲ့ကို အဲဒီ အဆောက်အအုံမှာ ဆက်လက် ထားရှိတာက ပိုပြီး သင့်တော်လိမ့်မယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။ ဒါပေမဲ့ အများစုကတော့ ဟစ်တလာ မွေးခဲ့တဲ့ နေရာက ရဲစခန်း ဖြစ်သွားတဲ့ အပြောင်းအလဲကို ထောက်ခံကြကြောင်းလည်း သိရပါတယ်။
ကိုးကား: CNN


















































