Connect with us

Hi, what are you looking for?

သတင်း

NUG ဝန်ကြီးချုပ်ရုံးတာဝန်ရှိသူများ ပဲခူးတိုင်းရှိ PDFတပ်ရင်းများထံ သွားရောက်

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ပြည်ထောင်စုဝန်ကြီးချုပ်ရုံးတာဝန်ရှိသူများသည် ပဲခူးတိုင်းအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)တပ်ရင်းများထံ သွားရောက်ပြီး ရဲ‌ဘော်များနှင့် တွေ့ဆုံခဲ့ကြောင်း NUGက ထုတ်ပြန်သည်။

NUG ဝန်ကြီးချုပ်ရုံးတာဝန်ရှိသူများ ပဲခူးတိုင်းအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တပ်ရင်းများထံ သွားရောက်တွေ့ဆုံနေစဉ်။ ဓာတ်ပုံ - NUG

ကဖေး၊ဟန်နွေ/People’s Spring

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ပြည်ထောင်စုဝန်ကြီးချုပ်ရုံးတာဝန်ရှိသူများသည် ပဲခူးတိုင်းအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်းများထံ သွားရောက်ပြီး ရဲ‌ဘော်များနှင့် တွေ့ဆုံခဲ့ကြောင်း NUGက ထုတ်ပြန်သည်။

NUG အလုပ်သမားရေးရာဝန်ကြီးဌာန ဒုဝန်ကြီး ဦးကျော်နီ၊ ဝန်ကြီးချုပ်ရုံးအတွင်းဝန် ဒေါ်ကြည်ပြာ၊ ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန တွဲဖက်အတွင်းဝန် ဦးအာကာမျိုးထက်၊ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ခံ ဦးနောင်ရိုးတို့သည် ပဲခူးတိုင်းအတွင်းရှိ PDF တပ်ရင်းများထံ သွားရောက်ခြင်းဟု NUG က ယနေ့(ဖေဖော်ဝါရီ ၁၃ရက်)တွင် ထုတ်ပြန်သည်။

ခရီးစဉ်အတွင်း PDF များ စိုးမိုးထိမ်းချုပ်ထားသည့် စစ်တောင်းမြစ်အလွန်ဒေသများသို့လည်း သွားရောက်လေ့လာခဲ့ပြီး PDF တပ်ရင်းများ၏ လတ်တလောလိုအပ်ချက်များအတွက် ဝန်ကြီးချုပ်ရုံးက ထောက်ပို့ကူညီမှုများပြုလုပ်ကာ အနာဂတ် စစ်ဆင်ရေးများအတွက် အရေးတကြီးလိုအပ်ချက်များအား အလျင်အမြန် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးကိုလည်း ဆွေးနွေးခဲ့သည်ဟု ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

“NUG ရဲ့ အကြီးပိုင်းလူကြီးတွေ စစ်ဆင်ရေးနယ်မြေတွေကို မြေပြင်ကွင်းဆင်းလေ့လာမှုတွေပြုလုပ်တယ်။ ထောက်ပို့ ကူညီမှုတွေ ပြုလုပ်တယ် ထောက်ပံ့မှုတွေပြုလုပ်လာတယ်ဆိုတာက တော်လှန်ရေးအတွက်တော့ ကောင်းမွန်တဲ့ ပြယုဒ်တခု ရလဒ်တခုအဖြစ်မြင်ပါတယ်”ဟု ပဲခူးတိုင်း ရေတာရှည်မြို့နယ် အခြေစိုက် တော်ဝင်လျှပ်စီး စစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ ရဲဘော်ကိုအီဗယ်က ပြောသည်။

စစ်တောင်းမြစ်ဝှမ်း အလွန်ဒေသသို့ လာသည် ဆိုသည်နှင့်ပတ်သက်၍ မည်သည့်ဒေသကို သွားရောက်သည်ကို မသိရသော်လည်း တော်ဝင်လျှပ်စီးစစ်ကြောင်းလှုပ်ရှားရာ ရေတာရှည်မြို့နယ် စစ်တောင်းမြစ်အရှေ့ခြမ်းဂွင်သို့NUG လူကြီးများ မရောက်သေးကြောင်း ၎င်းက ဆိုသည်။

အဆိုပါဒေသသို့ လာရောက်ရန် ဖိတ်ခေါ်ထားသော်လည်း တကြိမ်မှမလာသကဲ့သို့ ထောက်ပံ့ကူညီမှုများလည်း အပြည့်အ၀မရခဲ့ဟု ရဲဘော်ကိုအီဗယ်က ပြောသည်။ ထို့အပြင် ပေးသင့်ပေးထိုက်သည့် ထောက်ပံ့ကူညီမှုများမရှိသည့်အပြင် အရေးပေါ် အခြေအနေအရ ဖြေရှင်းပေးရမည့် ကိစ္စကိုပင် ဖြေရှင်းပေးရန် ပျက်ကွက်ခဲ့သည်ဟု ဆိုသည်။

“ကျနော့်အနေနဲ့ကတော့ အပြစ်ပြောဆိုလိုခြင်းမဟုတ်ဘဲ ကိုယ့်ရဲ့တော်လှန်ရေးအစိုးရ ဖြစ်တဲ့အတွက် ဒီလိုအပ်ချက်တွေကို အမြန်ဆုံးဖြည့်ဆည်းဖို့ ဒီဖြစ်နေတဲ့ ကွက်လက်တွေကို အမြန်ဆုံးဖြည့်ဖို့ တိုက်တွန်းလိုပါတယ်”ဟု ကိုအီဗယ်က ပြောသည်။

တော်ဝင်လျှပ်စီးစစ်ကြောင်းသည် ယခင်က တောင်ပိုင်းတိုင်းစစ်ဒေသ စစ်ဒေသခွဲ(၂)အောက် ၌ တာဝန်ထမ်းဆောင်ခဲ့သည့် တပ်ဖွဲ့ဖြစ်သော်လည်း အရေးပေါ် တောင်းခံမှုများနှင့် အရေးပေါ် ဖြစ်ပေါ်မှုများ နှင့်ပတ်သက်၍ အကြိမ်ကြိမ်လျစ်လျှူရှုခံရ၍ အလယ်ပိုင်းတိုင်းစစ်ဒေသသို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်နေခြင်းဖြစ်သည်ဟုလည်း အသိပေးသည်။

နိုင်ငံပြင်ပသို့ရောက်နေသည့် အစိုးရအဖွဲ့ဝင်များ ပြည်တွင်းသို့ပြန်လာရန်အမျိုးသားညီညွတ် ရေးအစိုးရ(NUG)ယာယီသမ္မတဒူဝါလရှီးလက တိုက်တွန်းပြီးနောက် NUG အစိုးရ အဖွဲ့ဝင် ဝန်ကြီးအချို့က ၎င်းတို့ တော်လှန်ရေးနယ်မြေများ၌ ရှိနေကြောင်း ဓာတ်ပုံမှတ်တမ်းများဖြင့် ထုတ်ဖော်ပြသကြသည်။

ယာယီသမ္မတဒူဝါလရှီးလသည် ၂၀၂၄ နိုဝင်ဘာ ၂၆ ရက်က ကျင်းပသည့် အစိုးရအဖွဲ့အစည်းအဝေးတွင် ယင်းကဲ့သို့တိုက်တွန်းပြီးနောက် NUGပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်၊ ပညာရေးဒုဝန်ကြီး ဂျာထွယ်ပန်၊ သယံဇာတဝန်ကြီး ဒေါက်တာ တူးခေါင်တို့က တော်လှန်ရေးနယ်မြေများ၌ရှိနေကြောင်း လူမှုကွန်ရက်မှတစ်ဆင့် အသိပေးခဲ့ကြသည်။

ဆက်စပ်သတင်းများ

သတင်း

ဧရာဝတီတိုင်း၊ရေကြည်မြို့နယ်ထဲကအမြောက်တပ်(၃၄၄)နဲ့ ပဲခူးတိုင်းအုတ်ဖိုမြို့နယ်ထဲမှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး အာဏာသိမ်းစစ်တပ်က လေယာဉ်တွေနဲ့ ဆက်တိုက် ဗုံးကြဲခုခံနေရပါတယ်။

သတင်း

အချိန်မရွေးတိုက်ပွဲတွေဖြစ်နိုင်လို့ စစ်တပ်အနီးမနေကြဖို့ (၂၂)ဗျူဟာမှူး သတိပေး

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ NUG ဝန်ကြီးအချို့၊ PDF တပ်မှူးအချို့နဲ့ ဦးမင်းကိုနိုင်တို့ဟာ တော်လှန်ရေးတပ်​တွေက စိုးမိုးထိန်းချုပ်ထားတဲ့​ဒေသမှာအတူ လမ်းလျှောက်ထွက်တဲ့ ရုပ်သံမှတ်တမ်းကို တော်လှန်ရေးသတင်းရင်းမြစ်အချို့က​ပေးပို့ပါတယ် ။

သတင်း

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်တိုက်ပွဲအတွင်း ရန်ကုန်တိုင်းစစ်ဌာန၊ ရန်ကုန်(၅၁၀၂)တပ်ရင်းလက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော် ၅ဦး ကျဆုံးခဲ့ရတယ်လို့ အဲဒီတပ်ရင်းက ဒီကနေ့ ဧပြီ ၁၈ရက်မှာ ထုတ်ပြန်ပါတယ်။