Connect with us

Hi, what are you looking for?

ဆောင်းပါး

ကပစ(၁၆)သတ်ကွင်းနားက ဟန်ပြဘောလုံးပွဲ

စစ်နက်ထုတ်လုပ်ရေးစက်ရုံကြီးတခု ဦးတည်တိုက်ခိုက်ခံနေရတာကို သတင်းဖုံးကွယ်လိုတဲ့ စစ်တပ်က လူထုကို လှည့်ဖျားဖို့ ဘောလုံးတွေကို အသုံးချနေပါတယ်။

‌ကဖေး/People’s Spring

စစ်နက်ထုတ်လုပ်ရေးစက်ရုံကြီးတခု ဦးတည်တိုက်ခိုက်ခံနေရတာကို သတင်းဖုံးကွယ်လိုတဲ့ စစ်တပ်က လူထုကို လှည့်ဖျားဖို့ ဘောလုံးတွေကို အသုံးချနေပါတယ်။

အာရက္ခတပ်တော်(AA) နဲ့ မဟာမိတ်တပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ ပဲခူးတိုင်း၊ပန်းတောင်းမြို့နယ်ထဲက အမှတ် (၁၆)ကာကွယ်​ရေးပစ္စည်းစက်ရုံ (ကပစ-၁၆) ကိုဦးတည်တဲ့ တိုက်ပွဲတွေဟာ ဇူလိုင်လလယ်မှာ ပိုပြင်းထန်လာပြီး စစ်တပ်အထိနာနေတာပါ။ ဒါကို သတင်း‌မပေါက်ကြားစေလိုတဲ့စစ်တပ်က မြို့ပေါ်မှာ ဘောလုံးပြိုင်ပွဲလုပ်နေပါတယ်။ပန်းတောင်းမြို့နယ်စီမံခန့်ခွဲရေးနဲ့အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလားဆိုတဲ့ ခေါင်းစဉ်နဲ့ ဘောလုံးပြိုင်ပွဲကို စစ်ကောင်စီက ပြုလုပ်နေတာဖြစ်ပါတယ်။

၄ နှစ်တစ်ကြိမ်ကျင်းပတဲ့ ကမ္ဘာ့ဖလားပွဲအပြီး ဘောလုံးအားကစားပေါ် ရူးသွပ်မှုကို လူတကာက အာရုံမပြတ်သေးခင်မှာ အာဏာသိမ်းစစ်တပ်က ကလိန်စေ့ငြမ်းစင်စိတ်ကူးစိတ်သန်းနဲ့ လူထုကို လှည့်ဖျားနေတာလို့ ပန်းတောင်းမြို့ခံတွေကပြောပါတယ်။

Public Service Announcement

Public Service Announcement

“ကပစ(၁၆)ကမျက်ဖြူဆိုက်နေပြီ။ လေကြောင်းကနေပဲ ခုခံနေရတာ။မြို့မှာတော့ ဟန်ပြဘောလုံးပွဲလုပ်ပြနေတယ်။စစ်အုပ်စုကလူထုကိုလည့်ဖျားဖို့ ကြိုးစားတာ”လို့ မြို့ခံတစ်ဦးကပြောပါတယ်။

အမှတ်(၁၆)ကာကွယ်ရေးပစ္စည်းစက်ရုံဟာ ပန်းတောင်းမြို့နယ်၊မသုံးကျေးရွာအနီးမှာ ရှိပါတယ်။ ယမ်းချက်ပြီး ဗုံးသီးတွေ အဓိကထုတ်တဲ့ အဲ့ဒီစက်ရုံဟာ ပန်းတောင်းမြို့နဲ့ ၂၅ မိုင်ခန့်အကွာမှာ ရှိတာပါ။ကပစ(၁၆)ကို AAနဲ့ မဟာမိတ်တွေက ပြီးခဲ့တဲ့ ဇန်နဝါရီလကစပြီး ဦးတည်တိုက်ခိုက်ခဲ့တာပါ။စစ်တပ်က အမှတ်(၁၀) စစ်ဆင်​ရေးကွပ်ကဲမှုဌာနချုပ် (စကခ -၁၀) လက် အောက်ခံ ခြေမြန်တပ်ရင်းတွေဖြစ်တဲ့ ခမရ (၃၆၃)၊ ခမရ(၃၆၄)၊ ခမရ(၃၆၆)၊ ခမရ(၃၆၉) တပ်တွေအပြင် စစ်မှုထမ်းသင်တန်းဆင်းတွေအများအပြားပို့ပြီး ခုခံခဲ့တာပါ။

ထိုးစစ်စတင်တဲ့ ဇန်နဝါရီလထဲမှာပဲ ကပစ(၁၆) ရဲ့ ကာကင်း ၆၆၆ ပွိုင့်ကုန်းနဲ့ မေလထဲကတိုက်ပွဲတွေမှာ ပွိုင့် ၅၀၀ကုန်းရဲ့ ကာကင်းစခန်း အချို့ကိုသိမ်းယူခဲ့ပါတယ်။၆၆၆ပွိုင့်ကုန်းစခန်းသိမ်းတိုက်ပွဲအတွင်း စကခ-၁၀ ရဲ့ စကခမှူး ဗိုလ်မှူးကြီးဟန်လင်းအောင် သေဆုံးခဲ့ပြီး စစ်သုံ့ပန်းတွေကိုလည်း ဖမ်းမိခဲ့ပါတယ်။

ကပစ(၁၆)ကို ဦးတည်တဲ့တိုက်ပွဲတွေဟာ အခုရက်ပိုင်းမှာ ပိုပြင်းထန်နေပါတယ်။ စစ်တပ်ဘက်မှာ အထိနာနေပြီဆိုတဲ့ သတင်းတွေနဲ့အတူ လေကြောင်းကနေ ဗုံးကြဲသံ၊ လက်နက်ကြီး ပစ်ခတ်သံတွေကို မြို့ပေါ်မှာ ကြားနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။

“ဘယ်သူမှ လာမကြည့်တဲ့ သူတို့ဘောလုံးပွဲကိုလာအားပေးဖို့ မိုက်နဲ့ လိုက်အော်သေးတာ။ ဒါက စစ်တပ်လုပ်နေကြအကွက်ပဲ။ အရှက်မှမရှိတာ”လို့ ပန်းတောင်းမြို့ခံအမျိုးသမီးတစ်ဦးကပြောပါတယ်။

ဒီဘောလုံးပွဲကျင်းပနိုင်ဖို့အတွက် လူငယ်တွေစုပေးဖို့ စစ်တပ်ခန့် ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို မြို့နယ်အုပ်ချုပ်ရေးမှူးဦးအောင်သူရက ဖိအားပေးခဲ့ပါတယ်။ဇူလိုင်လ ၂၆ရက်နေ့ကစပြီး ကျင်းပနေပါတယ်။ ဝင်ပြိုင်သူနည်းလို့ စာသင်ကျောင်းတွေက ကျောင်းသားကျောင်းသူတွေပါ အတင်းစာရင်းအသွင်းခံခဲ့ရတယ်လို့ မြိုခံတွေကပြောပါတယ်။ဒါတင်မက​သေးပါဘူး ဒီပြိုင်ပွဲသတင်း လူသိများအောင်စစ်တပ်ရဲ့ သတင်းထုတ်ပြန်ရေးစာမျက်နှာတွေကတဆင့် ကြေညာပေးနေပါတယ်။

စစ်တပ်ရဲ့အဓိကရည်ရွယ်ချက်ကကပစ(၁၆)တိုက်ခိုက်ခံနေရတဲ့သတင်းကို လူမှုကွန်ရက်မှာမကျယ်ပြန့်စေလိုတာဖြစ်နိုင်တယ်လို့ မြိုခံတွေက ယူဆထားပါတယ်။ဒီလိုသတင်းအမှားနဲ့ ဝါဒဖြန့်တဲ့လုပ်ရပ်မျိုးကို စစ်တပ်က အကြိမ်ကြိမ်ပြုလုပ်ဖူးပါတယ်။AAနဲ့ မဟာမိတ်တွေတိုက်ခိုက်လို့ စခန်းတွေဆုံးရှုံးနေတဲ့ နတ်ရေကန်ဗျူဟာတိုက်ပွဲမှာ တပ်မ(၉၉) လက်အောက်ခံတပ်ရင်းတွေ မိခင်တပ်ရင်းဆီပြန်ဝင်တော့အောင်ပွဲရခဲ့သယောင် ကြိုဆိုရေးလုပ်ပြခဲ့ပါတယ်။ တကယ်တော့ တပ်မ(၉၉) တပ်မမှူးကိုး စစ်တပ်က ပြန်ဖမ်းဆီးပြီး အရာရှိအဆင့်တွေပါ သုံ့ပန်းအဖြစ်အဖမ်းခံနေရချိန်နဲ့ တိုက်ပွဲကျနေချိန် လိမ်လည်ဝါဒဖြန့်တာပါ။

လက်ရှိမှာ စကစ(၁၆)အနီးနဲ့ ရခိုင်-ပဲခူးနယ်စပ်စစ်မျက်နှာအပြင် ရခိုင်ပြည်နယ်နဲ့မကွေးတိုင်းနယ်စပ် ဖြစ်တဲ့ ငဖဲမြို့နယ်၊ နတ်ရေကန်ဗျူဟာ၊ ရခိုင်ပြည်နယ်နဲ့ ဧရာဝတီတိုင်းနယ်စပ်ဖြစ်တဲ့ရွှေသောင်ယံ၊သာ‌ပေါင်း၊ ရေကြည်၊ လေးမျက်နှာမြို့နယ်တွေမှာ တိုက်ပွဲတွေပြင်းထန်နေပါတယ်။

နတ်ရေကန်စစ်မျက်နှာမှာ ယခုရက်ပိုင်း စစ်တပ်က လေကြောင်းပစ်ကူယူပြီးအင်အားရာချီဖြည့်နေပါတယ်။ ဧရာဝတီစစ်မျက်နှာမှာလည်း ရေကြည်မြို့နယ်ထဲက စစ်တပ်စခန်းတွေကို AAနဲ့ မဟာမိတ်တွေက သိမ်းယူခဲ့ပါတယ်။တိုက်ပွဲရှုံးနိမ့်နေတဲ့ သတင်းတွေကို ဖုံးကွယ်ဖို့ကိုတော့ စစ်တပ်က ကပစ(၁၆) အနီးမှာပိုပြီး အားထည့်လုပ်ဆောင်နေတာပါ။

“ကပစအနီးကပ်အတိုက်ခံနေရတယ်ဆိုတဲ့သတင်းကျယ်ပြန့်လာရင်ရှေ့တန်းက တပရင်းတွေအထိ သက်ရောက်မှာ။ ဒါကြောင့် လိုက်ဖုံးနေတာ။ ဘောလုံးကတော့ အသုံးချလို့ကောင်းတယ်လေ”လို့အငြိမ်းစားစစ်တပ်အရာရှိဟောင်းတစ်ဦးကမှတ်ချက်ပြုပါတယ်။

စစ်တပ်မှာကပစစက်ရုံ ၂၅ ခုရှိပြီးပန်တောင်းမြို့နယ်အပါအဝင် ပဲခူးတိုင်းထဲမှာ ၇ရုံ၊ မကွေးတိုင်းမှာ ၁၅ ရုံ၊ ပဲခူးနေပြည်တော်(တပ်ကုန်း)မှာ ၂ ရုံ၊ ရန်ကုန် (တိုက်ကြီး)မှာ ၁ ရုံ ရှိပါတယ်။ အာဏာရှင်ဟောင်းဦးသန်း ရွှေက တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ မိုင် ပေါင်းရာချိန်ဝေးတဲ့ဒေသတွေမှာတည်ဆောက်ခဲ့တာဖြစ်ပါတယ်။AAနဲ့မဟာမိတ်‌တွေကတော့ ရခိုင်ရိုးမကိုကျော်ဖြတ်ပြီး ကပစတွေကို ရှင်းလင်းဖို့ စစ်ရေးဖော်ဆောင်နေတာဖြစ်ပါတယ်။လက်ရှိမှာ ကပစ(၁၆)ရှိတဲ့

မသုံရွာအနီးနဲ့ ပန်းကန်ကွဲရွာ၊ ညောင်ကျိုးကျေးရွာပတ်ဝန်းကျင် တွေမှာလည်း တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။မြေပြင်မှာ အထိနာနေတဲ့ စစ်တပ်က စံချိန်တင်လေကြောင်းပစ်ကူပေးပြီး ခုခံနေရတဲ့အခြေအနေလို့ စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။

ဇွန်လ ၁၁ရက်နေ့မှာ စတင်ခဲ့တဲ့ ကမ္ဘာ့ဖ‌လားဘောလုံးပွဲကတော့စပိန်အသင်း ဗိုလ်စွဲပြီးဇူလိုင်လ ၂၀ရက်နေ့မှာ ပြီးဆုံးခဲ့ပါပြီ။ AAနဲ့ မဟာမိတ်တွေက ဇန်နဝါရီလကစပြီး စစ်ရှိန်မြှင့်ခဲ့တဲ့ ကပစ(၁၆) ကိုဦးတည်တဲ့ တိုက်ပွဲတွေကတော့ဆက်လက်ပြင်းထန်နေပါတယ်။ ကပစ(၁၆) တိုက်ခိုက်ခံနေရတဲ့သတင်းကို ဖုံးဖို့ ဇွတ်အတင်း ပုံသွင်းနေရတဲ့ ဘောလုံးပွဲကတော့ ပန်းတောင်းမြို့ဘောလုံးကွင်းထဲမှာ ခြောက်ကပ်ကပ်နဲ့ကျင်းပနေဆဲဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA)ကရောင်းချနေတဲ့ ထီလက်မှတ်တွေဟာဝယ်သူများပြားတဲ့အတွက်မြို့နယ်အချို့မှာ လမကုန်ခင်တပတ်လောက်အလိုကတည်းက ထီလက်မှတ်ဝယ်​တွေကုန်သွားပြီး ဝယ်မရတော့ဘူးလို့ ဒေသခံ တွေက ပြောပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA)တို့ တနာရီကျော်ကြာ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း SCEF ကဒီက​နေ့သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်မှာ ကျင်းပခဲ့တဲ့ ဘောလုံးပြိုင်ပွဲမှာ ကစားသမားတွေတင်မကဘဲ နှစ်ဘက်ပရိသတ်တွေပါ အငြင်းပွားမှုဖြစ်ပြီး တုတ်တွေ၊ခဲတွေနဲ့ပါ ပစ်ပေါက်ခဲ့ကြတာကြောင့် ပွဲပျက်သွားခဲ့ပါတယ်။

သတင်း

ဧရာဝတီတိုင်းအတွင်းရွှေသောင်ယံ၊သာပေါင်း၊ ရေကြည် နဲ့ လေးမျက်နှာမြို့နယ်အတွင်းမှာတိုက်ပွဲတွေပြင်းထန်နေပြီး အာဏာသိမ်းစစ်တပ်ကအင်အားဖြည့်တင်းနေသလို လေကြောင်းကနေ နေ့စဉ် ဗုံးကြဲနေပါတယ်။