ရရှိထားသော အောင်မြင်မှုများ တာရှည်ခံစေရန် အစမ်းသပ်ခံကာလဖြစ်သည်ဟုရှုမြင်ကြောင်းမြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA) ဖွဲ့စည်းမှု နှစ်ပတ် လည်နေ့သို့ ညီနောင်မဟာမိတ်အဖွဲ့များဖြစ်သော အာရက္ခတပ်တော် (AA) နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)တို့က ပေးပို့သောသဝဏ်လွှာ တွင်ဖော်ပြထားသည်။
မတ်လ ၁၁ရက်တွင် MNDAA ဖွဲ့စည်းမှု ၃၆နှစ် ပြည့်မြောက်ပြီဖြစ်ရာ မဟာမိတ်များဖြစ်သည့် ULA/AAနှင့် PSLF/TNLAတို့က ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့ခြင်းဖြစ်သည်။လာမည့်ကာလများ၌လည်း အချင်းချင်းအကြားစုစည်းညီညွတ်မှုသည်ပို၍အရေးကြီးလာမည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။
“မိမိတို့လက်ရှိရရှိထားသောအောင်မြင်မှု၏အသီးအပွင့်များ တာရှည်ခံပြီး ပိုမို ဖွံ့ဖြိုးလာစေရန် အစမ်းသပ်ခံကာလများလည်းဖြစ်သည်ဟုရှုမြင်သုံးသပ်သည်။ ထို့ကြောင့် မိမိတို့ ညီနောင် မဟာမိတ် (၃) ဖွဲ့ အကြား စည်လုံးညီညွတ်မှု၊ နားလည်မှု ယခုထက်ပို၍ ခိုင်မာသည်ထက်ခိုင်မာအောင်ဆက်လက်လုပ်ဆောင်သွားကြမည်ဖြစ်သည်” ဟု သဝဏ်လွှာ၌ ဖော်ပြထားသည်။

Public Service Announcement
MNDAA၊ TNLAနှင့် AAတို့သည် ၂၀၂၃ အောက်တိုဘာ ၂၇ရက်တွင် ၁၀၂၇ စစ်ဆင်ရေးကို ဆင်နွှဲခဲ့ရာ ကိုးကန့်ဒေသ၊တအာင်းဒေသနှင့် ရက္ခိုင်ဒေသရှိ စစ်ကောင်စီတပ်စခန်းများ၊တပ်ရင်းများ၊ ဌာနချုပ်များစွာနှင့် မြို့ပေါင်း ၃၆ မြို့ကို သိမ်းပိုက်ထားပြီးအုပ်ချုပ်ရေးလုပ်ငန်းများဖော်ဆောင်လျက်ရှိသည်။
ယခုအချိန်တွင် ကိုးကန့်အမျိုးသားထု တစ်ရပ်လုံးနှင့် (MNTJP/MNDAA) အဖွဲ့အစည်း၏ စစ်ရေး၊ နိုင်ငံရေး ရည်မှန်းချက်များမှာ အတိုင်းအတာတစ်ခုအထိအထမြောက်ခဲ့ပြီးဖြစ်ကြောင်းဖော်ပြသည်။ထို့အပြင် စစ်ရေး၊ နိုင်ငံရေးရည်မှန်းချက်များအလုံးစုံအထမြောက်သည့် နည်းတူ ကိုးကန့် ဒေသ ယခုထက် အေးချမ်းသာယာ၊ စည်ပင်၊ ဖွံ့ဖြိုးတိုးတက်သည်အထိဆက်လက်ကြိုးပမ်းအားထုတ်ကြရန် ကိုလည်း ညီနောင်မဟာမိတ် စိတ်ဓာတ်အပြည့်ဖြင့် တိုက်တွန်းလိုက်ကြောင်းသဝဏ်လွှာ၌ဖော်ပြသည်။
ညီနောင်မဟာမိတ် (၃) ဖွဲ့သည် တစ်ဖွဲ့ချင်းစီ၏ ရည်မှန်းချက်၊ ဘုံရည်မှန်းချက်များအတွက်စုစုစည်းစည်း ညီညီညွတ်ညွတ်ဖြင့် အတူတကွ၊ မရပ်မနား ချီတက်ဖြတ်သန်းလာခဲ့သည်မှာ နှစ်ပေါင်း (၁၅) နှစ်ခန့် ရှိလာခဲ့ပြီဖြစ်ကြောင်း၊ ဤကာလများ၌လည်း တော်လှန်ရေး၏ လောကဓံကို ဆိုးအတူ၊ ကောင်းအတူ အတူတကွ ရင်ဆိုင်ခဲ့ကြပြီးဖြစ်ကြောင်း ဖော်ပြသည်။
တစ်ဖွဲ့ချင်းစီ၏ ရည်မှန်းချက်ပြည့်မြောက်ရန်အတွက် ကျန်နှစ်ဖွဲ့ကလည်း ပူးပေါင်း ဆောင်ရွက်ပြီး အတတ်နိုင်ဆုံး ဖေးမကူညီခဲ့ရာအဖွဲ့ (၃) ဖွဲ့၏ အဖွဲ့အစည်း၊ ခေါင်းဆောင်၊ တပ်ဖွဲ့ဝင်များ အချင်းချင်းအကြား အပြန်အလှန်ချစ်ခင်ရင်းနှီးမှု၊ စည်းလုံးညီညွတ်မှု၊ မိတ်ဖက်ပီသမှု၊ လေးစားမှု၊ ယုံကြည်မှုတို့ကို အမြင့်ဆုံးတည်ဆောက်နိုင်ခဲ့ကြသည်ဟုဆိုသည်။
ညီနောင်မဟာမိတ် (၃) ဖွဲ့၏ စည်းလုံးညီညွတ်မှု၊ လုပ်ဆောင်ချက် များသည် ယခုနောက်ပိုင်းထွက်ပေါ်လာသော တော်လှန်ရေးအဖွဲ့အစည်းသစ်များအတွက် အတုယူစရာနှင့် စံပြဖြစ်ခဲ့ ရသည်မှာ အမှန်ပင်ဖြစ်ကြောင်းလည်း သဝဏ်လွှာ၌ ပါရှိသည်။
လက်ရှိအချိန်တွင် MNDAA အဖွဲ့အစည်း၏ ရည်မှန်းချက်များမှာ အတိုင်းအတာတစ်ခုထိအောင်မြင်ခဲ့ပြီး ဖြစ်သော်လည်း အောင်မြင်မှုနှင့်အတူ အခက်အခဲ၊ အတားအဆီးများသည် ဒွန်တွဲလျက် ပါလာတတ်သည် ဆိုသည်ကိုသတိမူ၊ ဂရုပြုသင့်ကြောင်း ဖော်ပြသည်။
ညီနောင်မဟာမိတ် (၃) ဖွဲ့တို့သည် “မရှိအတူ၊ ရှိအတူ ညီနောင်များ” ဖြစ်ကြသောကြောင့် တစ်ဖွဲ့၏ အခက်အခဲသည် ကျန်သည့်နှစ်ဖွဲ့၏ အခက်အခဲဖြစ်သည်ဟု အမြဲတမ်းမှတ်ယူထားရှိပြီး (၁၅) နှစ်ခန့်အတွင်း အခက်အခဲပေါင်း များစွာကိုအတူရင်ဆိုင်ဖြတ်သန်းခဲ့ဖူးသော အတွေ့အကြုံများကို ပိုင်ဆိုင်ရရှိထားပြီးဖြစ်ကာ လာလတ္တံ့သော ကာလများ၌ ရင်ဆိုင်ကြုံတွေ့ရမည့်အခက်အခဲများရှိလာပါကလည်း ညီနောင်နှစ်ဖွဲ့အနေဖြင့်ယခင်နည်းတူညီနောင်မဟာမိတ်ပီသစွာဖြင့်စုစည်းကျော်ဖြတ်သွားကြရန် အမြဲအသင့်ရှိဟု TNLAနှင့် AAက MNDAAထံ သဝဏ်လွှာပေးပို့သည်။
ကိုးကန့်တပ် MNDAA သည် မဟာမိတ်များနှင့် ပူးပေါင်းပြီး အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် အခြေစိုက်ရာ လာရှိုးမြို့အပါအဝင် မြို့ပေါင်း ၉ မြို့ကို အပြီးသတ် သိမ်းပိုက်ထိန်းချုပ်ထားသည်။ သို့သော် တရုတ်အစိုးရ၏ ဖိအားပေးမှုကြောင့် လားရှိုးမြို့သိမ်းပိုက်ပြီးသော ၂၀၂၄ ခုနှစ်သြဂုတ်လဆန်းနောက်ပိုင်း စစ်ကောင်စီတပ်နှင့် တိုက်ပွဲမဖြစ်တော့သလို ၊ ယခုအခါစစ်ကောင်စီနှင့် အပစ်ရပ်စဲထားသည့် အဖွဲ့ဖြစ်သည်။
အလားတူမြို့ပေါင်း ၁၂ မြို့သိမ်းပိုက်ထားသော TNLAတပ်ဖွဲ့သည်လည်း တရုတ်အစိုးရ၏ စီစဉ်ပေးမှုဖြင့် စစ်ကောင်စီနှင့် ဖေဖော်ဝါရီလတွင်တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့သော်လည်း ဆွေးနွေးမှုများအဆင်မပြေကြောင်း TNLAကထုတ်ပြန်ထားသည်။
AA က ရခိုင်ပြည်နယ်တွင် စစ်တွေ ၊ကျောက်ဖြူ ၊မာန်အောင်မြို့နယ် မှအပ ကျန် ၁၄ မြို့နယ် ကိုသိမ်းပိုက်ပြီး ချင်းပြည်နယ်မှ ပလက်ဝ မြို့နယ်ကိုလည်းသိမ်းပိုက်ထားသည်။ သို့သော်တရုတ်ကြားဝင်မှုဖြင့် စစ်ကောင်စီနှင့်ဆွေးနွေးမှု ရှိနေကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည်။ကျောက်ဖြူ ၊စစ်တွေ မြို့မှ စစ်တပ်စခန်းများကို၂၀၂၅ ဖေဖော်ဝါရီ လမှစ၍ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ၊ ရခိုင်-ဧရာဝတီအစပ် ၊ ရခိုင်-ပဲခူးအစပ် ၊ ရခိုင်-မကွေးအစပ်မှစစ်စခန်းများ စစ်တပ်စစ်ကြောင်းများကိုထိုးစစ်ဆင်တိုက်ခိုက်နေသည်။
