Connect with us

Hi, what are you looking for?

သတင်း

စားနပ်ရိက္ခာထောက်ပံ့မှုရပ်ဆိုင်းမည့်အခြေအနေတွင် နိုင်ငံတကာက မြန်မာပြည်သူများအား မေ့မထားရန် WFP တိုက်တွန်း

ရန်ပုံငွေမလုံလောက်မှုကြောင့် မြန်မာလူဦးရေ တစ်သန်းအတွက် စားနပ်ရိက္ခာအထောက်အပံ့ရပ်ဆိုင်းရတော့မည့်အခြေအနေတွင် နိုင်ငံတကာအသိုင်းအဝန်းအနေဖြင့် မြန်မာပြည်သူများအား မေ့မထားရန် WFP မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် မစ္စတာမိုက်ကယ်ဒန်းဖို့ဒ်က တိုက်တွန်းလိုက်သည်။

“ရန်ပုံငွေတွေ ရရှိနိုင်ဖို့ သေချာစေရေး ကျွန်တော်တို့ကိုထောက်ပံ့နိုင်တဲ့ ကမ္ဘာပေါ်ရှိ နိုင်ငံအားလုံးကို ကျွန်တော် စကားပြောဆိုသွားမှာပါ” – ကုလအတွင်းရေးမှူးချုပ်

အီယိုရီ/People’s Spring

ရန်ပုံငွေမလုံလောက်မှုကြောင့် မြန်မာလူဦးရေ တစ်သန်းအတွက် စားနပ်ရိက္ခာအထောက်အပံ့ရပ်ဆိုင်းရတော့မည့်အခြေအနေတွင် နိုင်ငံတကာအသိုင်းအဝန်းအနေဖြင့် မြန်မာပြည်သူများအား မေ့မထားရန် WFP မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် မစ္စတာမိုက်ကယ်ဒန်းဖို့ဒ်က တိုက်တွန်းလိုက်သည်။

ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP) သည် ရန်ပုံငွေလိုအပ်ချက် အလွန်ကြီးမားမှုကြောင့် ဧပြီလမှစတင်၍ မြန်မာနိုင်ငံရှိ လူဦးရေတစ်သန်းကျော်အတွက် အသက်ကယ်ဆယ်ရေး စားနပ်ရိက္ခာအကူအညီများ ရပ်ဆိုင်းရပါတော့မည်ဖြစ်ကြောင်း မတ်လ ၁၄ရက်တွင် ထုတ်ပြန်ကြေညာသည်။

Public Service Announcement

Public Service Announcement

“အခုဖြစ်လာမယ့် အကူအညီရပ်ဆိုင်းမှုတွေဟာ အသက်ရှင်သန်ရေးအတွက် WFP အကူအညီ တစ်ခုတည်းကိုသာ အားထားနေကြရတဲ့ နိုင်ငံတစ်ဝန်းက ထိခိုက်လွယ် ရပ်ရွာလူထုတွေအတွက် ပြင်းပြင်းထန်ထန်ဆိုးရွားဆိုးရွား ရိုက်ခတ်နိုင်ပါတယ်” ဟု မစ္စတာမိုက်ကယ်ဒန်းဖို့ဒ်က ပြောသည်။

လာမည့်အထောက်အပံ့ရပ်ဆိုင်းမှုသည် စားနပ်ရိက္ခာရရှိရန် WFP ၏ အထောက်အပံ့ကိုသာ အားထားနေရသည့် ရိုဟင်ဂျာအသိုင်းအဝိုင်းများအပါအဝင် ရခိုင်ပြည်နယ်အလယ်ပိုင်းရှိ နေရပ်စွန့်ခွာသူဦးရေ တစ်သိန်းကိုပါ ထိခိုက်မည် ဖြစ်ကြောင်း WFP က အသိပေးသည်။

ပြီးခဲ့သည့်သီတင်းပတ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားရှိ ကမ္ဘာ့အကြီးဆုံးဒုက္ခသည်စခန်းသို့ သွားရောက်ခဲ့သော ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ရိုဟင်ဂျာများ စားနပ်ရိက္ခာလျှော့ချခံရမည့်အခြေအနေကို ရှောင်ရှားနိုင်ရန် လုပ်ဆောင်နိုင်သမျှအရာအားလုံးကို လုပ်ဆောင်မည်ဟု ပြောကြားခဲ့သည်။

ရိုဟင်ဂျာများသည် လာမည့် ဧပြီမှစ၍ WFP ၏ စားနပ်ရိက္ခာထောက်ပံ့မှု အမေရိကန်ဒေါ်လာ ၆အထိ ထက်ဝက်လျှော့ချခံရမည့်အရေးနှင့် ရင်ဆိုင်နေရသည်။

“ရန်ပုံငွေတွေ ရရှိနိုင်ဖို့ သေချာစေရေး ကျွန်တော်တို့ကိုထောက်ပံ့နိုင်တဲ့ ကမ္ဘာပေါ်ရှိ နိုင်ငံအားလုံးကို ကျွန်တော် စကားပြောဆိုသွားမှာပါ” ဟု ကုလသဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်က ပြောသည်။

WFP ကလည်း လက်ရှိတွင် မြန်မာနိုင်ငံတစ်ဝန်း အခြေအနေများ ဆက်လက်ပြင်းထန်ဆိုးရွားနေ၍ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မည့် ထပ်ဆောင်းရန်ပုံငွေများ ရှာဖွေကြရန် မိတ်ဖက်အားလုံးကို တိုက်တွန်းနှိုးဆော်သည်။

ဆက်လက်၍ နိုင်ငံတကာအသိုင်းအဝန်းအနေဖြင့် မြန်မာနိုင်ငံ၏ အလိုအပ်ဆုံးသောအခြေအနေ၌ မြန်မာပြည်သူပြည်သားများကို မေ့မထားဘဲ တတ်နိုင်သမျှ လူအများဆုံးကို ကယ်တင်နိုင်ရန် လိုအပ်သော ရန်ပုံငွေများကို ထောက်ပံ့ပေးကြရမည်ဖြစ်ကြောင်း WFP မြန်မာဌာနေ ကိုယ်စားလှယ်က တိုက်တွန်းသည်။

သို့ရာတွင် WFP ၏ ယခုကဲ့သို့ ရန်ပုံငွေ လိုငွေပြမှုသည် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ ကမ္ဘာလုံးဆိုင်ရာအကူအညီဖြတ်တောက်ရန် ဆုံးဖြတ်ချက်ကြောင့် ဖြစ်၊​မဖြစ်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။

ယခုနှစ်တွင် မြန်မာပြည်သူပြည်သားများအတွက် အသက်ကယ်ဆယ်ရေးရိက္ခာအထောက်အပံ့များ ဆက်လက်ပေးအပ်သွားနိုင်ရန် WFP သည် အမေရိကန်ဒေါ်လာ သန်း ၆၀ ကို အရေးတကြီး လိုအပ်လျက်ရှိကြောင်း သိရသည်။

ရန်ပုံငွေအသစ်မရရှိပါက WFP သည် ထိခိုက်လွယ်မှု အမြင့်မားဆုံးဖြစ်ကြသည့် အသက်ငါးနှစ်အောက် ကလေးများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ နို့တိုက်မိခင်များနှင့် မသန်စွမ်းသူများပါဝင်သော လူဦးရေ ၃၅,၀၀၀ ခန့်ကိုသာ ကူညီထောက်ပံ့ပေးသွားနိုင်တော့မည်ဖြစ်ကြောင်း အသိပေးသည်။

“ကျွန်တော်တို့ WFP အနေနဲ့ကတော့ မြန်မာပြည်သူပြည်သားတွေကို ထောက်ပံ့ကူညီသွားမယ်ဆိုတဲ့ ကတိကဝတ်အတိုင်း ဆက်လက်ကြိုးစားလုပ်ဆောင်နေမှာဆိုပေမဲ့လည်း အကူအညီတကယ်လိုအပ်နေတဲ့သူတွေဆီ အကူအညီတွေဆက်လက်ပေးပို့နိုင်ဖို့ရာ ရန်ပုံငွေတွေ ချက်ချင်းလက်ငင်းရရှိဖို့ အရေးကြီးပါတယ်” ဟု မစ္စတာမိုက်ကယ်ဒန်းဖို့ဒ်က ပြောသည်။

WFP သည် စားနပ်ရိက္ခာလိုအပ်မှု အမြင့်ဆုံးဖြစ်ကာ အခက်ခဲဆုံးရာသီချိန်ဖြစ်သည့် ဇူလိုင်မှ စက်တင်ဘာအတွက် တွေးမျှော်ကာ အရေးပေါ်အစီအစဥ်အနေဖြင့် ထိုလများတွင် စားနပ်ရိက္ခာပြတ်တောက်နိုင်မည့် လူဦးရေ ၃၀၀,၀၀၀ အား ပြန်လည်ပြီး အထောက်အပံ့များပေးအပ်သွားနိုင်ရန် ဦးစားပေး ကြိုးပမ်းသွားမည်ဟုလည်း အသိပေးသည်။

နိုင်ငံအတွင်းတွင် ပဋိပက္ခများ၊ နေရပ်စွန့်ခွာရွှေ့ပြောင်းမှုများနှင့် သွားရောက်ကူညီခွင့်ကန့်သတ်ချက်များ တိုးမြင့်လာခြင်းကြောင့် စားနပ်ရိက္ခာအကူအညီလိုအပ်ချက်များ ပိုမိုများပြားလာနေသည့် အချိန်မှာမှ ယခုကဲ့သို့ အထောက်အပံ့ရပ်ဆိုင်းမှု ဖြစ်လာရခြင်းဖြစ်ကြောင်း WFP က ဆိုသည်။

ထို့အပြင် မြန်မာနိုင်ငံလူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များနှင့် တုံ့ပြန်ရေးအစီအစဉ်အရ လက်ရှိ မြန်မာနိုင်ငံတွင် လူဦးရေ ၁၅ ဒဿမ ၂ သန်းခန့်သည် တစ်နေ့တာစားနပ်ရိက္ခာလိုအပ်ချက်ကို မပြည့်မီနိုင်သည့်အရေးကြုံနေရကြောင်း ကုလသမဂ္ဂက မတ်လ ၁၃ရက်တွင် ကြေညာခဲ့သည်။

အဆိုပါအရေအတွက်သည် မြန်မာ့လူဦးရေ၏ သုံးပုံတစ်ပုံခန့်ဖြစ်ပြီး ယခင်နှစ်တွင်ရှိခဲ့သည့် လူဦးရေ ၁၃ ဒဿမ ၃ သန်းမှ တိုးမြင့်လာခြင်းဖြစ်သည်။ ထိုအထဲမှ လူဦးရေ ၂ ဒဿမ ၃ သန်းသည် ဆာလောင်မွတ်သိပ်မှုဒဏ်ကို အရေးပေါ်အခြေအနေအထိ ရင်ဆိုင်နေကြရကြောင်း ကုလသမဂ္ဂက ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းငလျင်ကြီးကြောင့် ဒုက္ခရောက်ရသူတွေဟာ ကမ္ဘာ့အရှေ့အလယ်ပိုင်းက ပဋိပက္ခကဖြစ်ပေါ်လာတဲ့ လောင်စာဆီအခက်အခဲနဲ့အတူ စားနပ်ရိက္ခာနဲ့ မြေဩဇာဈေးနှုန်းကြီးမြင့်မှု ဒဏ်တွေကိုပါ ထပ်ဆင့်ခံစားနေရတယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)က ဒီကနေ့ မတ်လ ၂၈ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီတပ်စစ်ကြောင်းထိုးနေတဲ့ ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်က စစ်ရှောင်ပြည်သူတွေဟာ စားနပ်ရိက္ခာပြတ်လပ်မှုဆိုးရွားစွာရင်ဆိုင်နေရတယ်လို့ ဒေသခံတွေနဲ့ စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။

နိုင်ငံတကာ

စစ်ဒဏ်ကို အပြင်းအထန် ခံစားနေရတဲ့ ရခိုင်ပြည်နယ်ထဲမှာ အငတ်ဘေး ဆိုက်လာမယ့် အန္တရာယ်က ကြီးကြီးမားမား ရှိနေကြောင်း လူသားချင်း စာနာမှု ထောက်ပံ့ရေး အေဂျင်စီ တစ်ခုဖြစ်တဲ့ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP)က သတိပေးခဲ့ပါတယ်။

သတင်း

ငလျင်ဒဏ်သင့်ဒေသက မြန်မာလူထုအတွက် စားနပ်ရိက္ခာ ထောက်ပံ့ဖို့ ဥရောပသမဂ္ဂ (EU) က ရန်ပုံငွေ ယူရို ၅ သန်းကို ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်အဖွဲ့ကြီး (WFP) ကတဆင့် ပေးအပ်သွားမယ်လို့ သိရပါတယ်။