Connect with us

Hi, what are you looking for?

သတင်း

နောင်ချိုမှာ တိုက်ပွဲ​တွေပြင်းထန် ၊​တော်လှန်​ရေးတပ်​တွေက​နေရာတစ်​နေရာ လက်လွှတ်ရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊နောင်ချိုမြို့နယ်တောင်ဘက် ကံကြီးကျေးရွာနားမှာ တိုက်ပွဲပြင်းထန်နေပြီး တော်လှန်ရေးတပ်တွေရဲ့ နေရာတစ်ခုလက်လွှတ်လိုက်ရတယ်လို့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA)ဥက္ကဌ ဦးထွန်းထွန်းနိုင်က လူထုနွေဦးကို ပြောပါတယ်။

နောင်ချိုတိုက်ပွဲအတွင်း တွေ့ရသော DPLA တပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ − DPLA

ဇွန်-၂၄၊၂၀၂၅/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊နောင်ချိုမြို့နယ်တောင်ဘက် ကံကြီးကျေးရွာနားမှာ တိုက်ပွဲပြင်းထန်နေပြီး တော်လှန်ရေးတပ်တွေရဲ့ နေရာတစ်ခုလက်လွှတ်လိုက်ရတယ်လို့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA)ဥက္ကဌ ဦးထွန်းထွန်းနိုင်က လူထုနွေဦးကို ပြောပါတယ်။

ကံကြီးကျေးရွာနားကနောင်တော၊ လုံဝယ်၊လုံစံ နဲ့ ဉာဏ်တောကျေးရွာနားမှာ တိုက်ပွဲတွေပြင်းထန်နေတာလို့ ဦးထွန်းထွန်းနိုင်က ပြောပါတယ်။

အဲဒီနေရာတွေမှာ ဒီကနေ့(ဇွန်လ ၂၄ရက်) မိုးလင်းကတည်းက တိုက်ပွဲတွေ ပြင်းထန်နေတာလို့ ဆိုပါတယ်။ စစ်ကောင်စီက ဂျက်ဖိုက်တာ နှစ်စီး၊ Y-12 တစ်စီးနဲ့ လေကြောင်းကနေ လာရောက်ပစ်ခတ်နေတယ်လို့လည်း သူကဆက်ပြောပါတယ်။

Public Service Announcement

Public Service Announcement

နောင်ချိုတိုက်ပွဲအတွင်း တွေ့ရသော TNLA တပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ − TNLA

မနေ့ကလည်း တိုက်ပွဲတွေပြင်းထန်ခဲ့ပြီးအဲဒီဒေသက တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ နေရာတစ်ခု လက်လွှတ်ပေးလိုက်ရတယ်လို့လည်း ဦးထွန်းထွန်းနိုင်က ပြောပါတယ်။

“စစ်ကောင်စီတပ်က ထင်သလောက်တော့ မတိုးပါဘူး။ ရှေ့တိုးတာကတော့အပြန်အလှန်ပါ”လို့ ၎င်းက ပြောပါတယ်။

ဒါ့အပြင် ပြင်ဦးလွင်-နောင်ချိုလမ်းပိုင်းမှာလည်း ဇွန်လ ၂၃ရက်က တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ဆိုပါတယ်။ နောင်ချိုမြို့နယ်မှာ တအာင်းတပ်မတော်(TNLA)နဲ့အတူ DPLAနဲ့ အခြားမဟာမိတ်တပ်တွေက စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်နေတာဖြစ်ပါတယ်။

ဇွန် ၂၄ ရက်မနက် ၉နာရီခန့်မှာ စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံးနှစ်ကြိမ်လာကြဲတယ်လို့နောင်ချိုမြို့ခံတစ်ဦးက ပြောပါတယ်။

“အခုကြဲတာက နောင်သြဘက်မှာ။ မနေ့ညကလည်း မြို့ပေါ်ကို လေယာဉ်လာတဲသေးတယ်။ ဂျက်ဖိုက်တာနဲ့ ဒီနေ့နဲ့ဆို သုံးရက်ရှိပြီ”လို့ နောင်ချိုမြို့ခံက ပြောပါတယ်။

တအာင်းတပ်မတော်(TNLA)ရဲ့ဇွန်လ ၂၁ရက်တိုက်ပွဲသတင်းထုတ်ပြန်ချက်မှာ နောင်ချိုမြို့နယ်က ကျေးရွာခုနစ်ရွာမှာ တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဖော်ပြပါတယ်။

နောင်ချိုမြို့ကိုစစ်ကြောင်းထိုးလာတဲ့စစ်တပ်စစ်ကြောင်း သုံးခုလုံးနဲ့ တော်လှန်ရေးတပ်တွေဟာ ကျေးရွာခုနစ်ရွာမှာ တိုက်ပွဲဖြစ်ပွားနေတာပါ။

နောင်ချိုမြို့တောင်ဘက် တောင်းခမ်းဒေသကနေ စစ်ကြောင်းထိုးလာတဲ့ တောင်းခမ်း-ကံကြီးလမ်းပိုင်းက စစ်ကောင်စီတပ်နဲ့ လက်ပန်ကုန်း၊ သရက်ကုန်းနဲ့ လုံဝယ်ကျေးရွာတို့မှာ တိုက်ပွဲဖြစ်ပွားနေပြီး တောင်းခမ်းကနေလာတဲ့ကံကြီးရွာ အရှေ့ဘက်က တောင်းခမ်း-မဲပုတ်-နောင်ချိုလမ်းပိုင်းက စစ်တပ်နဲ့ ဉာဏ်တောနဲ့ရွှေသွန်းကျေးတွေမှာ တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ TNLAက ထုတ်ပြန်ပါတယ်။

ဒါ့အပြင် ပြင်ဦးလွင်-ဝက်ဝံ-ဘန့်ဘွေး-နောင်ချိုလမ်းပိုင်းကလာတဲ့ စစ်​ကြောင်းနဲ့ အုမ္မသီးနဲ့ ဆမ္မဆယ်ကျေးရွာတွေမှာ တိုက်ပွဲဖြစ်ပွားနေတယ်လို့ လည်းသိရပါတယ်။

စစ်ကောင်စီဟာ နောင်ချိုထိုးစစ်အတွက် အင်အားအများအပြားပို့ဆောင်နေတယ်လို့ ပြင်ဦးလွင်မြို့ခံအချို့က ပြောပါတယ်။ဇွန်လ၂၁ရက်မှာ ပြင်ဦးလွင်မြို့ကနေ စစ်ကားတွေအများအပြားနောင်ချိုဘက်သွားတယ်လို့ ပြောပါတယ်။

ညီနောင်မဟာမိတ်သုံးဖွဲ့က ငလျင်ဒဏ်သင့်ပြည်သူတွေနဲ့ လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်နိုင်ဖို့အတွက် တိုက်ပွဲဖြစ်ပွားနေတဲ့နေရာတွေကို ထိုးစစ်ဆင်မှာမဟုတ်ဘဲ တဖက်သတ်အပစ်ရပ်ကာလကို ဇွန်လကုန်အထိ့ထပ်တိုးထားစဉ်မှာ စစ်ကောင်စီတပ်က အခွင့်ကောင်းယူပြီး အဆက်မပြတ်ထိုးစစ်ဆင်နေတာကြောင့် နောင်ချိုမြို့နယ်မှာ တိုက်ပွဲတွေ မကြာခဏဖြစ်ပွားနေတယ်လို့ TNLAရဲ့က ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့က ကောင်းတပ်ကျေးရွာပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးကော်မတီရဲ့ အလှူခံဌာနကို ဇွန်လ ၁၅ရက်မှာ ပိတ်သိမ်းရပ်ဆိုင်းသွားမှာ ဖြစ်ကြောင်း ကော်မတီက ဒီကနေ့ ထုတ်ပြန်ခဲ့ပြီး အလှူရှင်ပြည်သူတွေအနေနဲ့ ပါဝင်လှူဒါန်းလိုရင် မပိတ်သိမ်းမီ အပြီးသတ် ပါဝင်လှူဒါန်းပေးဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။

သတင်း

တအာင်းတပ်မတော်(TNLA) ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့ ကောင်းတပ်ရပ်ကွက် ပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးအတွက် အာရက္ခတပ်တော်(AA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ ၀ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSA) လားရှိုးဆက်ဆံရေးရုံးတို့က အလှူငွေတွေ ပေးအပ်ခဲ့ကြောင်း ကောင်းတပ်ရွာ ပြန်လည်ထူထောင်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ် ကောင်းတပ်ရပ်ကွက် ပေါက်ကွဲမှုဖြစ်စဉ်မှာ သေဆုံးထိခိုက်နစ်နာဆုံးရှုံးခဲ့ကြရတဲ့ မိသားစုဝင်တွေကို တအာင်းတပ်မတော်(PSLF/TNLA) ခေါင်းဆောင်တွေက သွားရောက်တောင်းပန်ပြီး ဝမ်းနည်းကြောင်း ဖော်ပြခဲ့တယ်လို့ TNLAက သတင်းထုတ်ပြန်ပါတယ်။