Connect with us

Hi, what are you looking for?

သတင်း

နောင်ချိုတိုက်ပွဲ စစ်​တပ်က အင်အား ၆၀၀၀ ခန့်အသုံးပြုထိုးစစ်ဆင်​နေဟု DPLA ​ပြော

ရှမ်းပြည်နယ်မြောက်ပိုင်း၊နောင်ချိုမြို့နယ်မှာ တိုက်ပွဲတွေဆက်ဖြစ်နေပြီး စစ်ကောင်စီတပ်က အင်အား ၆၀၀၀ ခန့်အသုံးပြု ထိုးစစ်ဆင်လာနေတယ်လို့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA)ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

​ကစထ-၂ ကစထမှူးဒုတိယဗိုလ်ချုပ်ကြီးနိုင်နိုင်ဦးနဲ့ စစ်သားအချို့ကို ​နောင်ချိုမြို့နယ်သို့ ဇွန်လ ဒုတိယပါတ်က ​လာ​ရောက်ခဲ့စဥ်။ဓါတ်ပုံ-စစ်ကောင်စီ

ဇွန်-၂၆၊၂၀၂၅/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊နောင်ချိုမြို့နယ်မှာ တိုက်ပွဲတွေဆက်ဖြစ်နေပြီး စစ်ကောင်စီတပ်က အင်အား ၆၀၀၀ ခန့်အသုံးပြု ထိုးစစ်ဆင်လာနေတယ်လို့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA)ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

“ရပ်စောက်၊ဗထူးနဲ့ ဒီနောင်ချိုကြားမှာ သူတို့ရှိတဲ့ ခန့်မှန်းချေကတော့ အင်အားကတော့ (၃၀၀၀) ဝန်းကျင်တော့ ရှိမယ်။ပြင်ဦးလွင်ဘက်က စစ်ကြောင်းကလည်းဒီဘက်ကအင်အားလောက်ရှိမယ်။ တော်တော်လေးကို တန်ပြန်ထိုးစစ်ဆင်လာတဲ့အနေအထားမှာကသူတို့ကအရင်ထက်မတူတဲ့လူအင်အားတွေ တောက်လျှောက်သုံးပြီးတော့ သုံးလာတာမျိုးတွေ၊ လက်နက်အင်အား ဒရုန်းတွေပေါ့လေ သုံးလာတာမျိုးတွေရှိတယ်”လို့DPLAရဲ့ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ဒါ့အပြင်စစ်ကောင်စီရဲ့ထိုးစစ်အတွက် အကောင်းဆုံးပြင်ဆင်ခုခံနေတယ်လို့လည်း၎င်းကဆက်ပြောပါတယ်။

Public Service Announcement

Public Service Announcement

“သူတို့ဘက်ကအင်အားအလုံးအရင်းနဲ့ ထိုးစစ်ပြင်လာတာရှိတယ်။ဒီ ၂၄ရက်နေ့ တိုက်ပွဲဆိုရင် လေကြောင်းပစ်ကူလည်း တော်တော်လေးတိုက်ခိုက်တာတွေရှိတယ်။ နောက်ပြီး လက်နက်ကြီးတွေပေါ့လေ။ မနေ့ည၊ ဒီနေ့မနက်ထိ နောင်ချိုမြို့ထဲကို လက်နက်ကြီးတွေ အဆက်မပြတ်ပစ်ခတ်နေတာလည်း ရှိတယ်ခင်ဗျ”လို့သူကပြောပါတယ်။

ဇွန်လ ၂၅ရက်မှာလည်း ပြင်ဦးလွင်-နောင်ချိုလမ်းပိုင်းက ဘန့်ဘွေးနဲ့ ဆမ္မဆယ်ကျေးရွာနဲ့ တောင်းခမ်း-နောင်ချို လမ်းပိုင်းကကံကြီးရွာအနီးကနောင်သြကျေးရွာတို့မှာလည်း တိုက်ပွဲတွေဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

“မနေ့ကတော့တိုက်ပွဲတွေပြင်းထန်တယ်။ဒီမနက်ပိုင်းမှာတော့ ကျနော်တာဝန်ယူထားတဲ့ အပိုင်းတွေမှာတော့ ငြိမ်နေပါတယ်”လို့ DPLAရဲ့ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ နောင်ချိုမြို့ကို စစ်ကြောင်းသုံးကြောင်းနဲ့ ထိုးစစ်ဆင်လာပြီးအင်အား(၆၀၀၀)ခန့်အသုံးပြုထားတယ်လို့DPLAကခန့်မှန်းပါတယ်။

“ရှမ်းမြောက်စစ်တိုင်းကျဆုံးသွားပြီးတဲ့နောက်မှာ အဓိက ရှမ်းမြောက်တခွင်ရဲ့ ထိုးစစ်ကတော့ နောင်ချိုပဲရှိတော့တယ်။ရှမ်းမြောက်ရဲ့တပ်တွေအားလုံးဟာလည်း ပိုပြီးတော့ အင်အားဖြည့်တင်းတာတွေ၊ စစ်မှုထမ်းအင်အားတွေရောအကုန်သုံးလာတာမျိုးတွေ့ရပါတယ်”လို့DPLAရဲ့ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ဇွန်လ ၂၅ရက်တစ်ရက်အတွင်း နောင်ချိုမြို့နယ်က နောင်လင်၊ နောင်သြ၊ လုံစံနဲ့ နောင်ဖာကျေးရွာတွေကို တိုက်ပွဲဖြစ်ပွားနေချိန်အတွင်း စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံး (၂၈)လုံးနဲ့ လက်နက်ကြီး (၆၈)လုံးပစ်ကူတိုက်ခိုက်ခဲ့တယ်လို့တအာင်းတပ်မတော်(TNLA)ကဒီကနေ့(ဇွန်လ ၂၆ရက်)မှာ ထုတ်ပြန်ပါတယ်။

ဇွန်လ ၂၅ရက်က နောင်လင်ကျေးရွာမှာစစ်တပ်နဲ့ တအာင်းတပ်မတော်-TNLAတို့ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ကဒရုန်းနဲ့ ဗုံး ၁၄လုံးနဲ့ လက်နက်ကြီး ၅၄လုံးပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ အသိပေးပါတယ်။

ဒါ့အပြင် နောင်သြကျေးရွာမှာလည်း စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော်-TNLAတို့ တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံး (၇)လုံး၊ လက်နက်ကြီး (၇)လုံး ပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ ထပ်မံဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်ဟာ လုံစံကျေးရွာကိုလည်း ဒရုန်းနဲ့ ဗုံး (၄)လုံး၊ လက်နက်ကြီး (၇)လုံး ပစ်ကူတိုက်ခိုက်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ အုမ္မခါးရွာဘက်လည်း ဒရုန်းနဲ့ ဗုံး (၃)လုံး ကြဲချခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တိုက်ပွဲဧရိယာအနီးက ကျေးရွာသားတွေကို လွန်ခဲ့တဲ့ ဇွန်လ ၂၀ရက်ကတည်းကရွှေ့ပြောင်းထားပြီလို့လည်း ဆိုပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေအတွက် အကူအညီတွေလိုအပ်နေလို့ အရပ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ ကူညီပေးကြဖို့လည်း DPLAက တောင်းဆိုပါတယ်။

နောင်ချိုမြို့နယ်မှာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စစ်​ကောင်စီတပ်အ​ပေါ် တန်ပြန်ထိုးစစ် ဇွန်လ ၂၄ရက် မနက်မှာ စတင်ခဲ့ပါတယ်။

၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂) စတင်ခဲ့တဲ့နေ့ ရဲ့ (၁)နှစ်ပြည့် နှစ်ပါတ်လည်​နေ့ မရောက်မီ တစ်ရက်အလိုမှာ နောင်ချိုမြို့နယ်ကို တော်လှန်ရေးတပ်ဖွဲ့တွေက တန်ပြန်ထိုးစစ် ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂)ကို ၂၀၂၄ ဇွန်လ ၂၅ရက်နေ့မှာ စတင်ခဲ့ပြီး အဲဒီနေ့မှာဘဲ တအာင်းတပ်မတော်(TNLA)နဲ့ PDFပူးပေါင်းတပ်တွေက နောင်ချိုမြို့ကို စတင်သိမ်းပိုက်ခဲ့ပါတယ်။

စစ်​ကောင်စီကလည်း ​တောင်းခမ်းက အ​မြောက်တပ်ရင်း​တွေက​နေ ​နောင်ချိုမြို့ကိုပါ ပြန်သိမ်းနိုင်ဖို့ အပြင်းအထန်ထိုးစစ်ဆင်လာတာ​ကြောင့် ဇွန်လလယ်ကစပြီးနောင်ချိုမြို့နယ်မှာ အနည်းဆုံးကျေးရွာ ခုနစ်ရွာမှာ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့မှာ ကင်းပတ်ထွက်လာတဲ့ စစ်တပ် တိုက်ခံရပြီး သေဆုံးထိခိုက်မှုတွေရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြို(ပကဖ) တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ဦး သေဆုံးပြီးသူ့ရဲ့ ဇနီးဖြစ်သူ ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ် ရေးချောင်းဖျားဒေသမှာ ဂျန်ပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်း အကူအညီနဲ့ ဆောက်လုပ်ထားတဲ့ ဒုက္ခသည်စခန်းနေရာကို စစ်တပ်က ဒီကနေ့ ဇွန်လ ၁၈ရက်မနက်အစောမှာ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ မွန် သတင်းရင်းမြစ်က ပြောပါတယ်။