Connect with us

Hi, what are you looking for?

သတင်း

မုံရွာ နမခအနီး စစ်ကောင်စီ​၏ စက်တပ်လေထီးတစ်စီး ပျက်ကျ

စစ်ကိုင်းတိုင်း၊မုံရွာမြို့နယ်အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)အနီးတွင် စစ်ကောင်စီ၏ စက်တပ်လေထီး(ပါရာမော်တာ)တစ်စီးပျက်ကျပြီး တပ်သားနှစ်ဦး သေဆုံးကြောင်း ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်များက လူထုနွေဦးသို့ ပြောသည်။

ပခုက္ကူPDF နဲ့ Burma Revolution Rangers တပ်ဖွဲ့ များက ဧပြီ ၂၃ရက်တွင် စစ်တပ်၏ပျက်ကျခဲ့သော စက်တပ်လေထီးကို မီးမရှို့ခင် တွေ့ရစဥ်။ဓါတ်ပုံ - PPDF

ဇူလိုင် ၉ရက်၊၂၀၂၅။ရဲခေါင်/People’s Spring

စစ်ကိုင်းတိုင်း၊မုံရွာမြို့နယ်အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)အနီးတွင် စစ်ကောင်စီ၏ စက်တပ်လေထီး(ပါရာမော်တာ)တစ်စီးပျက်ကျပြီး တပ်သားနှစ်ဦး သေဆုံးကြောင်း ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်များက လူထုနွေဦးသို့ ပြောသည်။

ယမန်နေ့(ဇူလိုင် ၈ ရက်) နံနက် ၁၁နာရီခန့်က ချင်းတွင်းမြစ် လက်ဝဲဘက်ခြမ်းရှိ ခဝဲကျင်းကျေးရွာဘုန်ကြီးကျောင်းအနီးတွင် ပါရာမော်တာပျက်ကျခဲ့ခြင်းဟု ဆိုသည်။

“နမခနေ တက်တက်ချင်း မိနစ်ပိုင်းလောက်မှာပဲ ပျက်ကျတာ။ရာသီဥတုကြောင့်ဖြစ်ဖို့များတယ်။ပါရာ ပေါ်ပါတဲ့ နှစ်ကောင်တော့ ဆေးရုံရောက်ပြီ သေသွားတယ်”ဟု မုံရွာမြို့ခံ စစ်ရေးသတင်းရင်းမြစ်က ၎င်းသိထားသည်ကို ပေါသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် စစ်ကောင်စီ၏ ပါရာမော်တာတစ်စီးပျက်ကျကာ စစ်ကောင်စီတပ်သားနှစ်ဦးသေသည်ကို သတင်းရရှိကြောင်း မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူက အတည်ပြုသည်။သို့သော်ဖြစ်စဥ်အသေးစိတ်ကို ဆက်လက်စုံစမ်းဆဲဟု အသိပေးသည်။

” ချင်းတွင်းမြစ်ကြောင်းအတိုင်းတက်လာတဲ့ ရေယာဥ်တန်းတွေကို ပါရာမော်တာ စက်တပ်လေထီးတွေနဲ့ကင်းထောက်တာပေါ့နော်။ကင်းထောက်နေရင် နဲ့ ဒီနေ့မှာတော့ နှစ်စီးတက်တာ။ဒုတိယ တစ်စီးက ပျက်ကျတာ။၁၁ နာရီလောက်မှာ။နေ့ခင်း ၁၁ နာရီလောက် မှာ။နမခထဲကနေ တက်လာတဲ့ စက်တပ်လေထီးပေါ့။မုံရွာလေဆိပ်နားလေးက ခဝဲကျင်းဘုန်ကြီးကျောင်းဘေးနားလေးမှာ ပြုတ်ကျသွားတာ။မောင်းတဲ့နှစ်ပွေ ကတော့ အမှတ် ၄ တပ်မတော်ဆေးရုံ ကုတင် ၃၀၀ မှာ ရောက်တယ်။ညနေ လေးနာရီမှာပဲ ဦးခေါင်း နံရိုး၊ဇက်ရိုး ကျိုးနဲ့သေဆုံးသွားတယ်”ဟု CDM ဗိုလ်ကြီးဇင်ယော်က ပြောသည်။

သေဆုံးသူများသည် တပ်ကြပ်ကြီးအဆင့်ရှိသူများဟု ယူဆပြီး ပျက်ကျသည့် စက်တပ်လေထီးမှာအကြီးစားပြင်ဆင်ရမည့်အခြေအနေရှိကြောင်း ၎င်းက ဆက်ပြောသည်။

စစ်ကောင်စီသည် စက်တပ်လေထီးများကို ဝေဟင်တိုက်ခိုက်ရေး လက်နက်တစ်ခုအဖြစ် ၂၀၂၄ ဒီဇင်ဘာကစ၍ မန္တလေးတိုင်း၊ ငါးဇွန်မြို့နယ်နှင့် စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ်တို့ကို ဗုံးကြဲခဲ့သည်။

ထို့နောက် ယခုနှစ်ဆန်းပိုင်းတွင် မိတ္ထီလာလေတပ်စခန်းကို ဗဟိုပြု၍ မန္တလေးတိုင်းမှ တော်လှန်ရေးအင်အားစုများအားကောင်းရာ တောင်သာ၊နွားထိုးကြီး၊မြင်းခြံ မြို့နယ်တို့ကို စက်တပ်လေထီးအသုံးပြု၍ ဗုံးကြဲခဲ့သည်။

စစ်ကောင်စီက မုံရွာ နမခကနေလည်း ကနီ ၊မင်းကင်း၊ချောင်းဦးအပါအဝင် စစ်ကိုင်းတိုင်းအတွင်းရှိ နေရာအများအပြားကို စက်တပ်လေးထီးဖြင့် ဗုံးကြဲခဲ့သည်။ အလားတူ မကွေးတိုင်း၊ပဲခူးတိုင်းစသည့် ဒေသများတွင်လည်း စက်တပ်လေထီးများဖြင့် ထပ်တိုးလေကြောင်းလက်နက်တစ်ခုအဖြစ် ဆက် တိုက်အသုံးပြုလာသည်။

စက်တပ်လေထီးဖြင့်ဗုံးကြဲတိုက်ခိုက်မှုများတွင် သေဆုံးဒဏ်ရာရသူ ဆယ်နှင့်ချီရှိနေပြီဖြစ်ပြီး အများစုသည် အရပ်သားပြည်သူများဖြစ်ကြသည်။ ညဥ့်နက်ပိုင်း၌ ပြည်သူများ အိပ်မောကြချိန်တွင် စစ်ကောင်စီက စက်တပ်လေထီးဖြင့် ရက်စက်စွာ သတ်ဖြတ်နေသည်ဟု စစ်ရေးသုံးသပ်သူများက ဆိုသည်။

၎င်းတို့၏ အခြေစိုက်စခန်းများ ပတ်ဝန်းကျင်ကို ကင်းထောက်ခြင်းနှင့် စစ်ရေးအသုံးစရိတ်အရ သက် သာခြင်းတို့ကြောင့် စစ်ကောင်စီသည် လေတပ်စခန်းနှင့် ၎င်း၏အခြေစိုက်တပ်များက စက်တပ်လေထီးများ ပိုမိုအသုံးပြုလာခြင်းဟု စစ်ရေးလေ့လာသူများက သုံးသပ်သည်။

စက်တပ်လေထီးသည် ပျံသန်းချိန်တွင် မီးစက်ကဲ့သို့ ဆူညံသည့်အသံကြားရကာ ပျံသန်းနှုန်းနှေးကွေးပြီး ပွိုင့် ၅ ၊ ငါးကြင်းမြီး(ခ)MG 3ကဲ့သို့ လက်နက်များဖြင့် ပစ်ချနိုင်သည်။

အဆိုပါစက်တပ်လေထီးများကို ပစ်ချနိုင်မှုနှင့်ပတ်သက်၍ ယခုနှစ် ဖော်ဖော်ဝါရီက ပဲခူးတိုင်း၊ညောင်ကျိုးတိုက်ပွဲတွင် အာရက္ခတပ်တော်(AA)က ပစ်ချနိုင်ခဲ့သည်ဟု သတင်းများထွက်ပေါ်ခဲ့ဖူး သည်။ တရာဝင်သတင်းထုတ်ပြန်ခြင်း ၊အတည်ပြုခြင်း မတွေ့ရပေ။

ထို့အပြင် ယခုနှစ် ဧပြီ ၂၃ ရက်တွင် ပခုက္ကူမြို့အခြေစိုက် တပ်မ(၁၀၁)မှ ပျံသန်းလာသည့် ပါရာမော်တာတစ်စီးကို ပခုက္ကူPDF (PPD) နှင့် Burma Revolution Rangers ( BRR ) ရဲဘော်များက ပစ်ချဖျက်ဆီးနိုင်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ စက်မှုဇုန်မှာ တပ်စွဲထားတဲ့ စစ်တပ်ကို ဝင်ရောက်တိုက်ခိုက်ရာ ၄ ဦး သေဆုံးကြောင်း မုံရွာခရိုင်တပ်ရင်းတွေက ထုတ်ပြန်ပါတယ်။

သတင်း

မုံရွာမြို့အ​ခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ရဲ့ပတ်ဝန်းကျင်က မြို့တွေမှာ စစ်ရေးတင်းမာနေပြီး စစ်‌တပ်က အရပ်သားတွေနဲ့ အိမ်ယာတွေကို ပစ်မှတ်ထားတိုက်ခိုက်ဖျက်ဆီးနေတယ်လို့ ​ဒေသခံ နဲ့ ​တော်လှန်​ရေးတပ်ဖွဲ့ဝင်​တွေက​ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်စီးနင်းသူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ကျပ်သိန်းချီတောင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။