စက်တင်ဘာ-၂၉၊ ၂၀၂၅။ လူအေး/People’s Spring
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ် ပလက်ဝမြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲလို့ ဒေသခံအမျိုးသမီးနှစ်ဦး သေဆုံးပြီး ၁၉ဦး ဒဏ်ရာရခဲ့ပါတယ်။
မကွေးလေတပ်ကနေတက်လာပြီး ယောဒေသနဲ့ ချင်းတောင်တန်းကိုဖြတ်ပျံသွားပြီးတဲ့နောက် ပလက်ဝမြို့နယ်ကို ဗုံးကြဲတာလို့ ချင်းပြည်နယ်ဒေသခံသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
“ကြဲတဲ့နေရာက ပလက်ဝ ဆေးရုံနဲ့နီးတယ်။ ဖြတ်ပျံသွားချိန်မှာ ကျနော်တို့ဗုံးခို ကျင်းထဲကို ပြေးဝင်ရသေးတယ်”လို့ ချင်းပြည်နယ်၊ မတူပီမြို့ဒေသခံက ပြောပါတယ်။

Public Service Announcement
ဒီနေ့ စက်တင်ဘာ ၂၉ ရက် နေ့လယ် ၁၂ နာရီခန့်မှာ စစ်ကောင်စီက ပေါင်၅၀၀ ဗုံးကြဲတာဖြစ်ပြီး အသက် ၁၉နှစ်အရွယ်အမျိုးသမီးတစ်ဦးနဲ့ အသက်၄၀ကျော်အရွယ်အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ကလေးငယ်အချို့အပါအဝင် ၁၉ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။
စစ်ကောင်စီက တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့မြို့နယ်တွေကို လေကြောင်းတိုက်ခိုက်မှုတွေ အရှိန်မြှင့်နေပါတယ်။ AAထိန်းချုပ်ထားတဲ့ တောင်ကုတ်မြို့နဲ့ သံတွဲမြို့ကိုလည်း ဖေဖော်ဝါရီ ၂၆ရက်နဲ့ စက်တင်ဘာ ၂၇ ရက်မှာ ဗုံးကြဲလို့ မိသားစုတစ်စုတည်းက အမျိုးသားတစ်ဦးသေဆုံးပြီး ကလေးနှစ်ဦးအပါအဝင် ငါးဦးဒဏ်ရာရရှိသွားပါတယ်။ ဩဂုတ်လ ၂၅ရက်နဲ့ စက်တင်ဘာ ၁၂ရက်ကလည်း မြောက်ဦးမြို့ ဒိုင်းကျီရပ်ကွက်နဲ့ ကျောက်တော်မြို့၊ သရက်တပင်ရွာကို လေကြောင်းကနေဗုံးကြဲလို့ အရပ်သား ၃၅ဦးသေဆုံးပြီး ၃၀ထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။
AAက ရခိုင်ပြည်နယ်မှာ စစ်တွေ၊ မာန်အောင်နဲ့ ကျောက်ဖြူမြို့ကလွဲလို့ ကျန်မြို့တွေကို သိမ်းပိုက်ထားပြီး ချင်းပြည်နယ် ပလက်ဝဒေသကိုလည်း သိမ်းယူထားပါတယ်။ ကျန်မြို့သိမ်းတိုက်ပွဲတွေကိုလည်း စစ်ရေးရည်မှန်းချက်အတိုင်း ဆက်လက်တိုက်ခိုက်သိမ်းပိုက်သွားမယ်လို့ AAက ထုတ်ပြန်ထားပါတယ်။
ဒီနေ့တစ်ရက်တည်းမှာ စစ်ကောင်စီက ပလက်ဝမြို့နယ်အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်၊ ကချင်ပြည်နယ် ဆဒုံးမြို့နယ်တွေကိုလည်း လေကြောင်းကနေဗုံးကြဲလို့ အရပ်သားထိခိုက်သေဆုံးမှုတွေရှိနေပါတယ်။




















































