နိုဝင်ဘာ-၂၅၊၂၀၂၅။People’s Spring
ဒီမိုကရက်တစ် ကရင်အကျိုးပြုတပ် (DKBA)ရဲ့ ကာကွယ်ပေးမှုအောက်မှာ လည်ပတ်နေတဲ့ နယ်စပ်ဖြတ်ကျော် ငွေကြေးလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းကြီး တစ်ခုကို ဖော်ထုတ် တွေ့ရှိခဲ့ကြောင်း ကရင်အမျိုးသား အစည်းအရုံး (KNU)က ထုတ်ပြန်လိုက်ပါတယ်။
နိုဝင်ဘာ ၂၅ ရက်နေ့ မနက်ပိုင်းက ကြေညာချက်မှာ မြဝတီမြို့နယ်ထဲက မင်းလက်ပံ ကျေးရွာအနီး ထိုင်း-မြန်မာ နယ်စပ်ဖြစ်တဲ့ သောင်ရင်းမြစ်နားမှာ DKBA အကာအကွယ်နဲ့သိုသိုသိပ်သိပ် လည်ပတ်နေတဲ့ ကျားဖြန့်လုပ်ငန်းကြီး တစ်ခုကို မမျှော်လင့်ဘဲ ဖော်ထုတ် တွေ့ရှိခဲ့တာလို့ KNUက ဖော်ပြထားခဲ့ပါတယ်။
နိုဝင်ဘာ ၂၁ ရက်နေ့တုန်းက အာဏာသိမ်း စစ်တပ်ဟာ KNUဆီ ဆုံးရှုံးထားတဲ့ နယ်မြေတွေကို ပြန်လည် ရရှိဖို့ ရည်ရွယ်ချက်နဲ့ ထိုးစစ်ဆင်ခဲ့ပါတယ်။ စစ်တပ်ရဲ့ မဟာမိတ် DKBA အဖွဲ့ထဲက နိုင်လွင်ဦးဆောင်တဲ့ DKBA တပ်တွေကလည်း KNU တပ်စွဲထားရာ နေရာတွေကို တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement
နိုင်လွင်ဟာ ကျားဖြန့်ကိစ္စနဲ့ နယ်စပ်ဖြတ်ကျော် ဒုစရိုက် လှုပ်ရှားမှုတွေကြောင့် အမေရိကန် အစိုးရက နိုဝင်ဘာ ၁၂ ရက်နေ့မှာ အရေးယူ ပိတ်ဆို့ကြောင်း သတ်မှတ် ကြေညာထားတဲ့ DKBA ခေါင်းဆောင် လေးဦးထဲမှာ ပါဝင်သူ စိုင်းကျော်လှရဲ့ တိုက်ရိုက် ကွပ်ကဲမှုအောက်မှာ လှုပ်ရှားသူလို့ KNUက ဖော်ပြထားပါတယ်။
DKBA ထိုးစစ်ကို ခုခံတိုက်ခိုက်တဲ့ စစ်ဆင်ရေးအတွင်း KNUဟာ မမျှော်လင့်ဘဲ လျှို့ဝှက်ကျားဖြန့် လုပ်ငန်းနေရာကို ဖော်ထုတ် စီးနင်းမိခဲ့တာလို့ KNU ထုတ်ပြန်ချက်မှာ ဖော်ပြထားခဲ့ပါတယ်။ DKBA တပ်အင်အား ၂၃၀ လောက် လက်နက်ချခဲ့တဲ့နောက် အလွှာတွေ အထပ်ထပ်နဲ့ တည်ဆောက်ထားပြီး အကြီးစား ကျားဖြန့် လုပ်ငန်းတွေ လည်ပတ်နေတဲ့ နေရာတစ်ခုကို ရှာတွေ့ခဲ့ကြောင်း၊ အဲဒီထဲမှာ နိုင်ငံအတော်များများက ကျားဖြန့်ဝန်ထမ်း နှစ်ထောင်ကျော်ကိုလည်းတွေ့ရှိခဲ့ကြောင်း KNU က ကြေညာပါတယ်။
KNUဟာ DKBAက အကာအကွယ် ပေးထားခဲ့တဲ့ အဲဒီ ဧရိယာကို ထိန်းချုပ် သိမ်းယူထားလိုက်ပြီး သံသယရှိသူတွေ ထွက်ပြေးလွတ်မြောက် မသွားနိုင်အောင် အဝင်အထွက်တွေကို ပိတ်ဆို့ထားခဲ့ကြောင်း၊ နောက်တစ်နေ့ နိုဝင်ဘာ ၂၂ ရက်နေ့မှာတော့ မြေပြင်အခြေအနေမှန်ကို ဆန်းစစ်ဖို့၊ ဖိအားပေး ခိုင်းစေခံရသူတွေရှိရင် ကယ်တင်ဖို့၊ ကျားဖြန့်လုပ်ငန်းကို ဖြိုဖျက်ဖို့ အဖွဲ့တစ်ခုကို စတင် တာဝန်ပေးအပ်ခဲ့ကြောင်း KNUက ပြောပါတယ်။
ဒီကိစ္စကို ထိုင်းနဲ့ နိုင်ငံတကာ အာဏာပိုင်တွေဆီ KNUက ချက်ချင်း အသိပေး အကြောင်းကြားခဲ့ပြီး ဖြစ်စဉ်ကို ကိုင်တွယ်ရမယ့် နည်းလမ်းတွေ၊ သံသယရှိသူတွေကို စစ်ဆေး အတည်ပြုနိုင်ရေး ကိစ္စတွေ၊သက်ဆိုင်ရာနိုင်ငံခြားသားတွေကို နေရပ်ပြန်လည် ပို့ဆောင်ရေး လုပ်ငန်းစဉ်တွေကိစ္စ အကြံဉာဏ် တောင်းယူထားတယ်လို့လည်း သိရပါတယ်။
KNUက အဲဒီ ကျားဖြန့် ခြံဝန်းကြီးထဲမှာ ရှိနေတဲ့ နိုင်ငံခြားသားတွေထဲက ရာဂဏန်းလောက်ကို ဘယ်သူဘယ်ဝါဆိုတာ ဖော်ထုတ် အတည်ပြုထားနိုင်ပြီဖြစ်ပြီး ထိုင်းနိုင်ငံသားတွေကိုတော့ လိုအပ်တဲ့ တရားရေး ကိုင်တွယ် ဖြေရှင်းမှုတွေ လုပ်ဆောင်နိုင်အောင် ထိုင်းအာဏာပိုင်တွေဆီ လွှဲပေးခဲ့တယ်လို့လည်း ကြေညာထားပါတယ်။
KNUက လက်ရှိမှာ မြေပြင် စစ်ဆေးရေးအဖွဲ့က ဆက်လက်ပြီး လုပ်ငန်းဆောင်ရွက်နေပေမယ့် စစ်မြေပြင် ဖြစ်တာကြောင့် အဖွဲ့သားတွေရော၊ အဲဒီနေရာမှာ ပိတ်မိနေသူတွေပါ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေတွေ ရှိနေတယ်လို့အသိပေးပါတယ်။ ဒီလို ပမာဏ ကြီးမားတဲ့ ကျားဖြန့် ရပ်ဝန်းတစ်ခုကို ဖြိုခွင်းနှိမ်နင်းရာမှာ နိုင်ငံတကာဆီက ထဲထဲဝင်ဝင်နဲ့ အလေးအနက် ပူးပေါင်းပါဝင်မှုတွေလည်း လိုအပ်တာကြောင့် အဲဒီလို နိုင်ငံတကာကအရေးပေါ်ပူးပေါင်းဆောင်ရွက်ရေးကိုလည်း KNUက တောင်းဆိုလိုက်ပါတယ်။
ရရှိထားတဲ့ သက်သေ အချက်အလက် အထောက်အထားတွေကိုလည်း ပူးပေါင်းဆောင်ရွက်နေတဲ့ ကျွမ်းကျင်သူတွေဆီကို လွှဲပြောင်းပေးအပ်ဖို့ KNUက စီစဉ်ထားပါတယ်။
KNUရဲ့ ကြေညာချက်မှာတော့ ထိန်းချုပ်နယ်မြေတွေထဲမှာ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေကို တိုက်ဖျက်ဖို့၊ နစ်နာသူတွေကို ကာကွယ်ဖို့၊ နယ်စပ်အခြေစိုက် ဒုစရိုက်ဂိုဏ်းတွေကို မှန်ကန်မျှတတဲ့ ပြစ်ဒဏ်တွေ စီရင်နိုင်စေဖို့ မမှိတ်မသုန် ဆက်လက် အားထုတ် လုပ်ဆောင်နေမယ်လို့လည်း ဖော်ပြထားပါတယ်။
ကိုးကား-KNU



















































