Connect with us

Hi, what are you looking for?

သတင်း

ထိုင်းအစိုးရက စစ်အုပ်စုရွေးကောက်ပွဲကို ဆန့်ကျင်ဖို့နဲ့ ပြင်းပြင်းထန်ထန်ရှုတ်ချဖို့ ရွှေ့ပြောင်းမြန်မာတွေ တောင်းဆို

ထိုင်းအစိုးရက မြန်မာစစ်အုပ်စုရဲ့ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့နဲ့ ပြင်းပြင်းထန်ထန်ရှုတ်ချဖို့ ထိုင်းနိုင်ငံရောက်ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေက တောင်းဆိုခဲ့ကြတယ်လို့ သိရပါတယ်။

(ဘန်ကောက်မြို့ စစ်ကောင်စီသံရုံးရှေ့မှာ ဆန္ဒပြနေကြတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများကို တွေ့ရစဉ်(ပုံဟောင်း)။ ဓာတ်ပုံ - PS)

ဒီဇင်ဘာ-၁၆၊ ၂၀၂၅။ People’s Spring

ထိုင်းအစိုးရက မြန်မာစစ်အုပ်စုရဲ့ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့နဲ့ ပြင်းပြင်းထန်ထန်ရှုတ်ချဖို့ ထိုင်းနိုင်ငံရောက်ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေက တောင်းဆိုခဲ့ကြတယ်လို့ သိရပါတယ်။

စစ်ကောင်စီကျင်းပမယ့်ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အသံနဲ့ သဘောထားတွေကို ဗမာ့ရေးရာနှင့် ပဋိပက္ခလေ့လာရေး(BACS)အဖွဲ့က ကွင်းဆင်းသုတေသနပြုလုပ်ခဲ့ပြီး ‘မြန်မာကိုလေးစား’(RESPECT Myanmar)စစ်တမ်းကို ထုတ်ဝေလိုက်ပါတယ်။

မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဟာ စစ်အုပ်စုပြုလုပ်မယ့်ရွေးကောက်ပွဲကို အတုအယောင်၊ အလိမ်အညာဖြစ်လို့ ငြင်းဆန်နေကြတာဖြစ်ပြီး ဒီမိုကရေစီနည်းကျရွေးကောက်ပွဲတွေကို ဘယ်လိုမျိုး လိုလားသလဲဆိုတာ NLD အရပ်သားအစိုးရလက်ထက်မှာ ပြုလုပ်ကျင်းပခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ ပါဝင်ခဲ့မှုက သက်သေဖြစ်တယ်လို့ BACS အဖွဲ့သားဖြစ်သူ ဒေါက်တာလွမ်းဝေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ဒါသည် illegitimate ဖြစ်တယ်။ တရားမဝင်ဘူးပေါ့။ ဘာလို့တရားမဝင်ဘူးလဲလို့ မေးတဲ့အခါ သူတို့ပြောတဲ့ စကားရှိတယ်။ ငါတို့ မဲထည့်စရာမလိုဘူးတဲ့။ ၂၀၂၀ တုန်းက မဲထည့်ထားပြီးသားတဲ့၊ ဒီမဲထည့်ထားပြီးသားကို အာဏာသိမ်းသွားတဲ့အတွက် နောက်ထပ်လာမယ့် ရွေးကောက်ပွဲကို ဘာမှ မဲထည့်စရာမလိုဘူးတဲ့ ဒါသည်ရွှေ့ပြောင်းမြန်မာတွေက ပြောခဲ့ကြတဲ့ အသံဖြစ်တယ်။ ဒီရွေးကောက်ပွဲသည် တရားမဝင်ဘူး၊ မလွတ်လပ်ဘူး၊ တရားမမျှတဘူး။ သူတို့ အဲ့လိုမြင်ကြတယ်”လို့ ဒေါက်တာလွမ်းဝေက ဆိုပါတယ်။

ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ စစ်အုပ်စုရဲ့ ၂၀၂၅ ရွေးကောက်ပွဲကို တရားမဝင်သောရွေးကောက်ပွဲအဖြစ်လည်းကောင်း၊ ပြည်သူလူထုရဲ့ ဆန္ဒကို မထင်ဟပ်သော၊ ကိုယ်စားမပြုနိုင်သောရွေးကောက်ပွဲအဖြစ်လည်းကောင်း၊ ပါဝင်ခြင်း၊ မပါဝင်ခြင်းအပေါ် လုံခြုံဘေးကင်းမှု မရှိနိုင်သော ရွေးကောက်ပွဲအဖြစ်လည်းကောင်း ရှုမြင်ကြတာကို ထင်ရှားစွာတွေ့ရှိရတယ်လို့ စစ်တမ်းမှာ ဖော်ပြပါတယ်။

ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ စစ်အုပ်စုကို တရားဝင်မှုရှိသောကိုယ်စားပြုတဲ့အဖွဲ့အစည်း ဒါမှမဟုတ် အစိုးရအဖြစ် ဘယ်သူကမျှ လက်မခံကြတာကို တွေ့ရှိခဲ့ရတယ်လို့ စစ်တမ်းက ဆိုပါတယ်။

ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အခက်အခဲများစွာ ကြုံတွေ့နေရပြီး အဓိကအားဖြင့် တရားဝင်နေထိုင်ခွင့်ဆိုင်ရာ အခက်အခဲများ၊ အလုပ်အကိုင်ရှားပါးခြင်း၊ ခေါင်းပုံဖြတ်ခံရခြင်းနဲ့ အတင်းအဓမ္မဖမ်းဆီးကာ ပြန်ပို့ခံရခြင်းတို့ကို အလေးပေးပြောဆိုကြတယ်လို့ သိရပါတယ်။ စစ်အုပ်စုဟာ အဲဒီကိစ္စရပ်တွေနဲ့ ဖိအားပေးပြီး အတင်းအကြပ် မဲထည့်စေမှာကိုလည်း မြန်မာရွှေ့ပြောင်းအလုပ်သမားတွေက စိုးရိမ်ကြတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံ၊ အာဆီယံနဲ့ နိုင်ငံတကာက စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲကို အစစ်အမှန်ထင်မှတ်ကာ လက်ခံအသိအမှတ်ပြုပြီး ရွှေ့ပြောင်းမြန်မာပြည်သူတွေကို အတင်းအဓမ္မ နေရပ်ပြန်ဖို့ ဖိအားပေးလုပ်ဆောင်လာကြမှာကို ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေက စိုးရိမ်ကြတယ်လို့ စစ်တမ်းမှာ ဖော်ပြပါတယ်။

ထိုင်းအစိုးရအနေနဲ့ စစ်အုပ်စုနဲ့ ပူးပေါင်းကာ ရွှေ့ပြောင်းမြန်မာပြည်သူတွေကို မဲထည့်ဖို့ အတင်းအကြပ်ဖိအားပေးခြင်းတွေ မလုပ်ပြုလုပ်ဖို့နဲ့ နေထိုင်ခွင့်ဆိုင်ရာ အခြေအနေများဖြေလျှော့ပေးဖို့၊ အလုပ်အကိုင်ဆိုင်ရာ ကိစ္စရပ်တွေကို ကူညီဆောင်ရွက်ပေးဖို့၊ အတင်းအကြပ်ဖမ်းဆီးကာ ပြန်ပို့နေခြင်းတွေကို ရပ်တန့်ပြီး ဒုက္ခသည်များလို့ သတ်မှတ်ကာ လူသားစာနာမှုဆိုင်ရာ အကူအညီတွေ ပေးဖို့ တောင်းဆိုခဲ့ကြတယ်လို့ သိရပါတယ်။

BACS ဟာ ‘မြန်မာကိုလေးစား’စစ်တမ်းကို ထိုင်းနိုင်ငံရှိ ခရိုင် ၁၁ ခု၊ မြို့ကြီး ၁၄ မြို့ကို သွားရောက် သုတေသနပြုစုခဲ့ပြီး ရွှေ့ပြောင်းမြန်မာပြည်သူ ၂၀၉ ဦး ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။ ပါဝင်သူ ၁၁၁ ဦးကို တစ်ဦးချင်း တွေ့ဆုံမေးမြန်းခြင်းနဲ့ ၉၈ဦးကို အုပ်စုဖွဲ့ဆွေးနွေးခြင်းနဲ့ စစ်တမ်းပြုစုခဲ့တာလို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ခွင့် စာရွက်စာတမ်း (work permit)တွေ မှန်မှန်ကန်ကန် ကိုင်ဆောင်ထားရင်တောင်မှ ဥပဒေအရ နိုင်ငံခြားသားတွေ ပါဝင် လုပ်ကိုင်ခွင့် မရတဲ့ အလုပ်အမျိုးအစားတွေ ရှိပါတယ်။

ဆောင်းပါး

ထိုင်းရောက်မြန်မာလုပ်သားတချို့ ရမ်းကားတဲ့ဖြစ်ရပ်တွေအပြီး ရက်ပိုင်းအတွင်းမှာပဲ ထိုင်းနိုင်ငံတဝန်းမှာလူဖမ်းပွဲ​တွေစတင်နေပါပြီ။

သတင်း

ဟားခါးမြို့နယ်အတွင်း စစ်တပ်ရွေးကောက်ပွဲဝင်ပြိုင်သူတွေရဲ့ ပိုင်ဆိုင်မှုတွေကို ပြည်သူပိုင်အဖြစ် သိမ်းဆည်း

သတင်း

မြန်မာစစ်တပ်ဟာ အကြောက်တရား၊ ရန်လို အကြမ်းဖက်မှု၊ ဖိနှိပ်မှုတွေ ထူပြောနေတဲ့ အခြေအနေတစ်ခုမှာ ရွေးကောက်ပွဲ ကျင်းပဖို့ စီစဉ်နေတယ်လို့ ကုလသမဂ္ဂ(UN)က ဒီဇင်ဘာ ၂၃ရက် မနေ့က သတိပေး ပြောကြားခဲ့ပါတယ်။