Connect with us

Hi, what are you looking for?

သတင်း

မင်းအောင်လှိုင်ရဲ့ ခရီးစဉ်ဟာ စစ်တပ် အုပ်စိုးမှုကို တရားဝင် အသိအမှတ်ပြုတဲ့ အဓိပ္ပါယ် မဟုတ်ကြောင်း ထိုင်းအစိုးရဆို

အာဏာသိမ်းမြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို တရားဝင် အလည်အပတ် ခရီးစဉ်အတွက် ဖိတ်ကြားခဲ့လို့ အပြင်းအထန် ဝေဖန်ခံနေရမှုတွေကို ထိုင်းအစိုးရကကာကွယ် ပြောကြားခဲ့ပါတယ်။

သြဂုတ်-၇၊၂၀၂၆။People’s Spring

အာဏာသိမ်းမြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို တရားဝင် အလည်အပတ် ခရီးစဉ်အတွက် ဖိတ်ကြားခဲ့လို့ အပြင်းအထန် ဝေဖန်ခံနေရမှုတွေကို ထိုင်းအစိုးရကကာကွယ် ပြောကြားခဲ့ပါတယ်။

၂၀၂၁ ခုနှစ်မှာစစ်တပ်ကိုဦးဆောင် အာဏာသိမ်းပြီး အတုအယောင် ရွေးကောက်ပွဲ တစ်ခုကနေ သမ္မတ ရာထူးကို ရယူခဲ့တဲ့ စစ်ခေါင်းဆောင်ကို ထိုင်းအစိုးရက ကြိုဆို လက်ခံခဲ့တာဟာ မင်းအောင်လှိုင် မက်မက်မောမော ရှာဖွေနေတဲ့ နိုင်ငံတကာ တရားဝင် အသိအမှတ်ပြုမှုကို ပေးအပ်လိုက်တဲ့ အဓိပ္ပါယ် ဖြစ်တယ်ဆိုတဲ့ ထောက်ပြမှုတွေလည်း ထွက်ပေါ်နေပါတယ်။ မင်းအောင်လှိုင်ဟာ ထိုင်းနိုင်ငံကို ဩဂုတ် ၆ ရက်နေ့မှာ ရောက်ရှိလာခဲ့တာ ဖြစ်ပြီး ဝန်ကြီးချုပ် အနူတင်ချန်ဝီယာကူရဲ့ ထိုင်းအစိုးရက ကော်ဇောနီခင်းပြီး ဂုဏ်ပြုတပ်ဖွဲ့နဲ့ ကြိုဆိုခဲ့ပါတယ်။

မင်းအောင်လှိုင် ရောက်ရှိနေချိန်အတွင်း ဘန်ကောက်မှာတော့ သူ့ရဲ့ ခရီးစဉ်ကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေလည်း ဖြစ်ပေါ်လာပါတယ်။ ဝေဖန်မှုတွေ၊ ဆန့်ကျင်မှုတွေ မြင့်တက်လာတဲ့နောက်ထိုင်းအစိုးရကမင်းအောင်လှိုင်ကို ဖိတ်ကြားခဲ့တဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ခုခံပြောဆိုလာခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ထိုင်းဒုတိယဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေး ဝန်ကြီးဖြစ်သူ ဆီဟာဆက် ဖုန်ကက်ကောင်က နှစ်နိုင်ငံကြားနယ်စပ်အရေးနဲ့ တခြားကိစ္စတွေ ညှိနှိုင်းဖို့အတွက်အခုလိုတွေ့ဆုံမှုမျိုးကမဖြစ်မနေ လိုအပ်တယ်လို့ဆိုပါတယ်။သူက မင်းအောင်လှိုင်ကို ထိုင်းနိုင်ငံဆီ ဖိတ်ကြားခဲ့တာဟာ အာဏာသိမ်း မြန်မာစစ်တပ်ရဲ့ အုပ်ချုပ်မှုကို တရားဝင် အသိအမှတ်ပြုမှု အပ်နှင်းခဲ့တာဆိုတဲ့သဘောထားမျိုးအဓိပ္ပါယ်မကောက်ယူသင့်ဘူးလို့လည်း ဆိုပါတယ်။

ကီလိုမီတာ ၂၄၀၀ လောက်(မိုင်​ပေါင်း ၁၄၉၀​ကျော်) ရှည်လျားတဲ့ နယ်စပ်ဒေသရဲ့ လုံခြုံရေး၊ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှု၊ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုတွေတိုက်ဖျက်ရေး၊ ကုန်သွယ်ရေး ကိစ္စတွေအတွက် အိမ်နီးချင်း နှစ်နိုင်ငံကြား တိုက်ရိုက် ဆွေးနွေးမှုတွေ လိုအပ်တယ်လို့ ဆီဟာဆက်က ပြောကြားခဲ့ပါတယ်။

မင်းအောင်လှိုင်ကို ဖိတ်ကြားတွေ့ဆုံတာဟာ သူဦးဆောင်တဲ့ အစိုးရကို အားပေး ထောက်ခံတဲ့ အဓိပ္ပါယ်မဟုတ်ဘဲ နှစ်နိုင်ငံလုံးနဲ့ သက်ဆိုင်တဲ့ ပြဿနာတွေကို ဖြေရှင်းဖို့အတွက် အမှန်တကယ် လုပ်ပိုင်ခွင့် ရှိနေသူနဲ့ ဆွေးနွေးတဲ့ လက်တွေ့ကျကျ ဖြေရှင်းမှုအဖြစ် ဆီဟာဆက်က အကြောင်းပြချက် ပေးခဲ့ပါတယ်။

ထိုင်းနိုင်ငံခြားရေး ဝန်ကြီးက မင်းအောင်လှိုင်နဲ့ဆွေးနွေးမှုတွေအတွင်းနှစ်နိုင်ငံကြား မူးယစ်မှောင်ခိုတိုက်ဖျက်ရေး၊အွန်လိုင်းငွေကြေး လိမ်လည်မှု ကျားဖြန့်လုပ်ငန်းတွေ ဖြိုခွင်းရေးတွေမှာ ပိုမို ပူးပေါင်းဆောင်ရွက်ဖို့၊ သတင်းအချက်အလက်တွေပိုမိုမျှဝေဖို့ သဘောတူညီမှု ရခဲ့ကြောင်းလည်း ဆိုပါတယ်။

နောက်ပြီးရှမ်းပြည်နယ်ထဲမှာငွေကြေးပိုမို ထောက်ပံ့ ဖြန့်ဝေပေးမယ့် စီမံကိန်းတွေ၊ သင့်လျော်မယ့် သီးနှံ စိုက်ပျိုးရေးကို အားပေးမယ့် အစီအစဉ်တွေအတွက်လည်း သဘောတူခဲ့ကြတယ်လို့ ဆိုပါတယ်။

ပြီးတော့မြန်မာဖက်ကနေထိုင်းနိုင်ငံထဲစီးဝင်တဲ့နမ့်ခုတ်နဲ့ နမ့်ဆိုင်မြစ်တွေသန့်စင်ရေး ပူးပေါင်းဆောင်ရွက်ဖို့ အဖွဲ့တစ်ခု ထူထောင်နိုင်ရေးကိုလည်း လက်မှတ်ရေးထိုးခဲ့တယ်လို့ သိရပါတယ်။ နောက်ပြီး ထိုင်းနဲ့ မြန်မာတို့ဟာ နှစ်စဉ် အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံဖိုးထိ အပြန်အလှန်ကုန်သွယ်မှုပမာဏကိုမြှင့်တင်ဖို့ စိတ်ပိုင်းဖြတ်ထားကြောင်းလည်းဆီဟာဆက်က ပြောကြားခဲ့ပါတယ်။

ထိုင်းအစိုးရရဲ့ သဘောထားအရ မြန်မာ့ပြည်တွင်း အကျပ်အတည်းမှာ စစ်အင်အားသုံး ဖြေရှင်းမှုမျိုးတွေနဲ့ဆိုရင်ဘယ်ဖက်ကမှ အမှန်တကယ် စစ်မှန်တဲ့ အနိုင်ရမှုမျိုး ရှာဖွေနိုင်မှာ မဟုတ်ဘူးလို့လည်း သူက ဆိုပါတယ်။ သက်ဆိုင်ရာ အစုအဖွဲ့တွေကြား ဆွေးနွေးညှိနှိုင်းရေးအတွက် အဆင်သင့် ဖြစ်လာပြီ ဆိုတာနဲ့ ငြိမ်းချမ်းရေး စကားဝိုင်းတွေစတင်လာနိုင်အောင် ကူညီဖို့ ထိုင်းအမြဲတမ်း ပြင်ဆင်ထားမယ်လို့ ဆီဟာဆက်က ပြောဆိုသွားပါတယ်။

ဒါ​ပေမယ့် ထိုင်းရဲ့ အဓိက အတိုက်အခံ နိုင်ငံရေး ပါတီဖြစ်တဲ့ ပြည်သူ့ပါတီ-PP ကမင်းအောင်လှိုင်ကို ကြိုဆိုခဲ့တဲ့ ထိုင်းအစိုးရရဲ့ ဆုံးဖြတ်ချက်ဟာ ထိုင်းနိုင်ငံက စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (OECD)ထဲ ဝင်ရောက်ဖို့ အားထုတ်မှုတွေကို ထိခိုက်လာစေနိုင်ကြောင်း သတိပေးထားပါတယ်။

လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် အကြီးအကျယ် နာမည်ဆိုး ထွက်နေတဲ့ မင်းအောင်လှိုင်ကို ထိုင်းအစိုးရကအသိအမှတ်ပြု ကြိုဆိုခဲ့တာဟာ ထိုင်းနိုင်ငံအပေါ် နိုင်ငံတကာရဲ့ ယုံကြည်လက်ခံမှုကို ထိခိုက်လျော့ကျသွားစေနိုင်ကြောင်း ပြည်သူ့ပါတီ က ဩဂုတ် ၆ ရက်မှာ ထုတ်ပြန်ခဲ့တာပါ။

ထိုင်းအစိုးရ အနေနဲ့ မြန်မာ့အရေး ချဉ်းကပ်မှု မူဝါဒတွေကို ပြန်လည် သုံးသပ်ဖို့လည်း PPက တိုက်တွန်းခဲ့ပါတယ်။ မင်းအောင်လှိုင်ဟာ သူ့ရဲ့ အာဏာသိမ်း အုပ်စိုးမှု တရားဝင်စေဖို့အတွက် ထိုင်းနိုင်ငံကို အသုံးချတာမျိုး ထိုင်းအစိုးရက အဖြစ်မခံဖို့နဲ့ နောက်ထပ် နိုင်ငံတော် ခရီးစဉ်တွေ မင်းအောင်လှိုင်ကို ဖိတ်ကြားတာမျိုး မလုပ်ဖို့ PPက အကြံပြုခဲ့ပါတယ်။

ထိုင်းအစိုးရ အ​နေနဲ့ မြန်မာ့ တော်လှန်ရေး အစိုးရဖြစ်တဲ့ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ ပူးပေါင်းပြီး လူသားချင်းစာနာမှု အကူအညီတွေ ပေးပို့နိုင်ရေး၊ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ဖြစ်ထွန်းရေး ပူးတွဲ ကော်မတီ တစ်ခု ဖွဲ့စည်းနိုင်ဖို့လည်း PPက တိုက်တွန်း တောင်းဆိုခဲ့ပါတယ်။

ထိုင်းအစိုးရ အနေနဲ့ မူးယစ်မှောင်ခိုမှု၊ ကျားဖြန့်ကိစ္စ၊ လူမှောင်ခိုမှု၊ မြစ်ရေ ညစ်ညမ်းမှုတွေ အပါအဝင် နယ်စပ်ဖြတ်ကျော် ပြဿနာတွေကို ထိထိရောက်ရောက် ဖြေရှင်းပေးဖို့ မြန်မာဖက်ကို အချိန်တိတိကျကျ သတ်မှတ်ပြီး ဖိအားပေးဖို့လည်း PPက တိုက်တွန်းသွားခဲ့ပါတယ်။

ကိုးကား: Thai Enquirer၊ Reuters ၊The Reporters

ဆက်စပ်သတင်းများ

ဆောင်းပါး

အမေရိကန်နိုင်ငံသား အဒမ် ကက်စတီလို (Adam Castillo) လွတ်မြောက်လာမှုဟာ သံတမန်ရေးရာ အောင်မြင်မှုတစ်ရပ် ဖြစ်ပေမယ့် ဒီဖြစ်စဉ်ကို မင်းအောင်လှိုင်ဦး‌ဆောင်တဲ့စစ်အုပ်စု နဲ့ သံတမန်ဆက်ဆံရေး ပုံမှန်ပြန် လည်တည်ဆောက်ဖို့ ဒါမှမဟုတ် မြေရှားသတ္တုဆိုင်ရာ သဘောတူညီချက်တွေ ရရှိဖို့ လမ်းဖွင့်ပေးတဲ့ အကြောင်းပြချက်အဖြစ် အသုံးမပြုသင့်ကြောင်း ကယ်လီဖိုးနီးယားအခြေစိုက် မြန်မာနဲ့...

သတင်း

အာဏာသိမ်းစစ်တပ်ကျောထောက်နောက်ခံကြံခိုင်ရေးပါတီရဲ့ ဥက္ကဋ္ဌ နေရာကိုအာဏာသိမ်းမှုထောက်ခံအားပေးသူဦးခင်ရီပဲကိုပါတီညီလာခံမှာ ဆက်လက်ရွေးချယ်ခန့်အပ်လိုက်တယ်လို့ ညီလာခံကို တက်ရောက်ကြတဲ့ပါတီဝင်တွေက သတင်းဖော်ပြလာပါတယ်။

ဆောင်းပါး

စစ်အုပ်စုက နိုင်ငံတကာကအသိအမှတ်ပြုအောင် ကြိုးပမ်းနေချိန်မှာ အမေရိကန်မရိန်းတပ်သားဟောင်းတစ်ဦးကို လွှတ်ပေးဖို့ အမေရိကန်အရာရှိတွေမြန်မာကိုရှားရှားပါးပါး လာရောက်

သတင်း

မ​​လေးရှား​က သူ့နိုင်ငံ​ရောက်​နေတဲ့ရိုဟင်ဂျာနှစ်သိန်း​လောက်ကို မြန်မာကိုပြန်ပို့ချင်​နေတာဖြစ်ပါတယ်။