ဧပြီ−၂၊၂၀၂၆။ဇော်ရမ်း၊ထားမြတ်/People’s Spring
ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ ဒီကနေ့(ဧပြီလ၂ ရက်)ဖြစ်ပွားနေတဲ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ် ရှေ့တန်းစခန်း ၃ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊KPDF ပူးပေါင်းတပ်က သိမ်းယူထားပြီး တိုက်ပွဲဆက်လက် ပြင်းထန်နေတယ်လို့ သတင်းရရှိပါတယ်။
ဒီနေ့ မနက် ၅ နာရီကစပြီး စစ်ကောင်စီတပ်ရဲ့စခန်းတွေကို KIA၊KPDFက တိုက်ခိုက်ခဲ့ပြီး ညနေ ၃နာရီခန့်အထိ တိုက်ပွဲအတွင်း အင်မားယန်၊ သုသာန်နေရာနဲ့ ဆွတ်ဘွမ်ကျေးရွာက တပ်စခန်းတွေကို သိမ်းယူခဲ့တာလို့ KIA၊KPDFနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။
” သိမ်းရတာ ၃ခုလို့ကြားတယ်။ ကျန်စခန်း ၃ခုတော့ မကြားရသေးဘူး။ သိမ်းရတာ အရေးပါတဲ့ စခန်းတွေပါ။လောလောဆယ်တော့ ငြိမ်နေတယ်” လို့ KIA စစ်ရေး သတင်းရင်းမြစ်က ဧပြီ ၂ရက်ညပိုင်းမှာ ပြောပါတယ်။

Public Service Announcement
ဒီကနေ့တိုက်ပွဲဖြစ်နေချိန်မှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတဲ့အပြင် ဖားကန့်ဗျူဟာကုန်းအပါအဝင်လက်နက်ကြီးတပ်ဆင်ထားတဲ့နေရာတွေကနေ ပစ်ခတ်လို့ ကလေးငယ်အချို့ပါဝင် ဒေသခံ ၆ဦး ဒဏ်ရာရခဲ့တယ်လို့ သတင်းရရှိပါတယ်။
” စခန်းတွေပေးရတော့ လေယာဉ်တအားကြဲတာ။ ဒီနေ့ ၆ကြိမ်ကြဲတယ်” လို့ အဲ့ဒီသတင်းရင်းမြစ်က ပြောပါတယ်။
ဖားကန့်ဒေသမှာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလလယ်နဲ့ မတ်လဆန်းကလည်း တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားခဲ့ပါတယ်။
လုံးခင်းရဲစခန်းအပါအဝင် လုံးခင်းကျေးရွာအုပ်စုမှာ စစ်ကောင်စီတပ်စွဲထားတဲ့နေရာတွေကို KIA၊KPDF က ဖေဖော်ဝါရီ ၁၄ရက်မနက်အစောပိုင်းမှာ တိုက်ခိုက်ခဲ့ပြီး ရဲစခန်းနဲ့ ခွန်ဆာကုန်းကို သိမ်းယူနိုင်ခဲ့ပါတယ်။
စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ရော လေကြောင်းကပါ ဗုံးကြဲခဲ့တဲ့အတွက် အရပ်သားထိခိုက်သေဆုံးမှုတွေရှိလာလို့ KIA၊KPDFပူးပေါင်းတပ်က ပြန်ဆုတ်ခွာခဲ့ပါတယ်။
ဒီနေ့မနက်မှာတော့ KIA၊KPDF ပူးပေါင်းတပ်က ထိုးစစ်ဆင်တိုက်ခိုက်တာ ဖြစ်ပါတယ်။ သတင်းကြိုရတဲ့ စစ်တပ်က မတ်လဆန်းကတည်းက လက်နက်ကြီးတွေ ပစ်ခတ်နေခဲ့တာပါ။ မတ်လ ၄ရက်က တိုက်ပွဲမှာ စစ်ကောင်စီဗျူဟာကုန်းကနေ ပစ်ခတ်တဲ့လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး အသက်(၇၀)ကျော် အဖွားအိုတစ်ဦးနဲ့ အသက် (၁၅)နှစ်အရွယ် မိန်းကလေးတစ်ဦး ဒဏ်ရာရခဲ့ပါတယ်။
ဒါ့အပြင် မတ်လ ၃ရက်မနက်မှာလည်း စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲလို့ အရပ်သားတစ်ဦး သေဆုံးခဲ့ပါတယ်။
ဒီနေ့တိုက်ပွဲအပေါ် စစ်ကောင်စီကတော့ KIA၊KPDF ပူးပေါင်းတပ်ဟာ ဖားကန့်မြို့ကို သိမ်းယူဖို့အထိ စစ်ရေးဖော်ဆောင်လာတယ်လို့ ပြောဆိုနေကြပါတယ်။
လတ်တလော စစ်ရေးအခြေအနေကို KIAက သတင်းထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။
တိုက်ပွဲအတွင်း စစ်တပ်က ထိခိုက်သေဆုံးမှုများသလို KIA၊KPDFပူးပေါင်းတပ်က တစ်ဦး ကျဆုံးခဲ့ပါတယ်။
ယခုရက်ပိုင်းမှာ လုံးခင်းနဲ့ ဖားကန့်မြို့သွားတဲ့လမ်းပိုင်းကို အသုံးမပြုကြဖို့နဲ့ လေကြောင်းနဲ့လက်နက်ကြီးအန္တရာယ် သတိပြုကြဖို့ KIA၊KPDFက သတိပေးထားပါတယ်။



















































