■တိုက်ပွဲဆက်ပြင်းထန်နေပြီးစစ်တပ်က ၂ ရက်ဆက်ဗုံးကြဲ
ဧပြီ−၃၊၂၀၂၆။ဇော်ရမ်း/People’s Spring
တိုက်ပွဲပြင်းထန်နေတဲ့ ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ ၂ရက်အတွင်း စစ်ကောင်စီတပ်ရှေ့တန်းစခန်း ၆ခုကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊KPDF ပူးပေါင်းတပ်က သိမ်းယူထားပြီး ဒီနေ့ ဧပြီ ၃ရက်မှာလည်း စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲနေပါတယ်။
ဖားကန့်ဒေသက စစ်ကောင်စီတပ်ရဲ့စခန်းတွေကို ဧပြီ ၂ ရက်မနက် ၅နာရီကစပြီး KIA၊KPDFက တိုက်ခိုက်ခဲ့တာပါ။

Public Service Announcement
ဒီကနေ့ဟာ တိုက်ပွဲ ၂ရက်မြောက်ဖြစ်ပြီး စစ်ကောင်စီတပ်ရှေ့တန်းစခန်း ၆ခုကို သိမ်းယူပြီးပြီလို့ KIA၊KPDFနဲ့ နီးစပ်သူက ပြောပါတယ်။

“ စစ်ဆင်ရေးကို KIAက ဦးဆောင်ပြီး KPDFတွေအနီးကပ် တက်သိမ်းတာ” လို့ ၎င်းက ပြောပါတယ်။
မနေ့က ဧပြီ ၂ရက်တိုက်ပွဲမှာ လေကြောင်းကနေ ၆ကြိမ်ဗုံးကြဲခဲ့ပြီး ဒီနေ့လည်း နေ့လယ် ၁၂နာရီကျော်နဲ့ ၁နာရီ ကျော်မှာ လေကြောင်းကနေ ၂ကြိမ်ဗုံးကြဲသွားတယ်လို့ သတင်းရရှိပါတယ်။
ဖားကန့်မြို့နယ်က စစ်ကောင်စီတပ်စခန်း ၃ခုကို ဧပြီ ၂ရက်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း KIAသတင်းပြန်ကြားရေးဌာန တာဝန်ခံဗိုလ်မှူးကြီးနော်ဘူက အတည်ပြုပါတယ်။
ဖားကန့်ဒေသနဲ့ ကချင်ပြည်နယ်အတွင်း စစ်ရေးအခြေအနေတွေ မေးမြန်းမှုအပေါ် ဗိုလ်မှူးကြီးနော်ဘူက ဒီကနေ့ နေ့လည်ပိုင်းမှာ အခုလို ပြောတာဖြစ်ပါတယ်။
“မနေ့က ဧပြီ ၂ရက်နေ့မှာ မနက် ၅နာရီကတည်းက တိုက်ပွဲဖြစ်တယ်။ ယူမာတို့ နောက် သင်္ချိုင်းကုန်းတွေပေါ့ အဲဒီဘက်မှာကာကင်းထိုင်နေတဲ့ စစ်ကော်မရှင်ရဲ့ ကာကင်းတွေ ၃ခု သိမ်းရတယ်တဲ့။ အဲဒီ ကာကင်းတွေကတော့ အရင်က KIAနဲ့ PDF တွေထိုင်နေတဲ့ ကာကင်းတွေဖြစ်ပါတယ်တဲ့။ စစ်ကော်မရှင်ဘက်က သိမ်းပိုက်ထားတဲ့ ကာကင်းတွေကို မနေ့က တော့ KIAနဲ့ ပူးပေါင်းတပ်တွေ သူတို့ ပြန်သိမ်းတာပေါ့။ “ လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
ဒီနေ့ ဧပြီ ၃ရက်မှာ တိုက်ပွဲဆက်မရှိပေမယ့် မနေ့က ညနေပိုင်းမှာတော့ ဖားကန့်ဒေသကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်တာတွေရှိခဲ့တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
မနေ့ကတိုက်ပွဲဖြစ်နေချိန်မှာ လေကြောင်းကနေဗုံးကြဲတဲ့အပြင် ဖားကန့်ဗျူဟာကုန်းအပါအဝင်လက်နက်ကြီးတပ်ဆင်ထားတဲ့ နေရာတွေကနေ စစ်ကောင်စီက ပစ်ခတ်လို့ ကလေးငယ်အချို့ပါဝင်ဒေသခံ ၆ဦး ဒဏ်ရာရခဲ့ပါတယ်။
လက်ရှိ ဖြစ်ပွားနေတဲ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှုများပြီး KIA၊KPDF ပူးပေါင်းတပ်က ရဲဘော်တစ်ဦး ကျဆုံးထားပါတယ်။ တိုက်ပွဲတွေကြောင့် လုံးခင်းနဲ့ ဖားကန့်သွားတဲ့လမ်းပိုင်းကို အသုံးမပြုကြဖို့နဲ့ လေကြောင်းနဲ့လက်နက်ကြီးအန္တရာယ်သတိပြုကြဖို့ KIA၊KPDFက သတိပေးထားပါတယ်။
ဖားကန့်ဒေသကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာမှာ ဟုမ္မလင်းလေဆိပ်ကို အများဆုံးအသုံးပြုနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအတွင်း မြို့တွေကို စစ်ကောင်စီတပ်က လေကြောင်းကနေတိုက်ခိုက်ရာမှာ အသုံးပြုနေတဲ့ ဟုမ္မလင်းလေတပ်ရဲ့ အန္တရာယ်ကို အထူးဂရုပြုကြဖို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ပြီးခဲ့တဲ့ ဖေဖော်ဝါရီမှာ သတိပေးထားပါတယ်။
ပြီးခဲ့တဲ့ ဖော်ဖော်ဝါရီနဲ့ လက်ရှိမတ်လအတွင်းမှာ စစ်ကောင်စီတပ်က ကချင်ပြည်နယ်က ဖားကန့်၊ ဗန်းမော်၊ ရွှေကူ၊ အင်းတော်ကြီးနဲ့ စစ်ကိုင်းတိုင်းအတွင်းက ပင်လည်ဘူး၊ဗန်းမောက်၊ အင်းတော်၊ ဖောင်းပြင်၊ကောလင်း၊ ဝန်းသို၊ တန့်ဆည်၊ ကျွန်းလှ၊ ထီးချိုင့်မြို့နယ်တွေကို လေကြောင်းကနေ တိုက်ခိုက်ရာမှာ ဟုမ္မလင်းလေတပ်တက် ဂျက်ဖိုက်တာတွေ၊ ဂျိုင်ရိုကော်ပတာတွေအများဆုံးအသုံးပြုခဲ့တယ်လို့တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။



















































