ဩဂုတ် ၃၀၊ ၂၀၂၆။ ထားမြတ်/People’s Spring
ကချင်ပြည်နယ်၊ရွှေကူမြို့နယ် ဧရာ၀တီမြစ်ကြောင်းမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ KPDF ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့တဲ့ စစ်ကောင်စီသင်္ဘောအုပ်စုမှ သင်္ဘော ၁စီးကို ဩဂုတ် ၂၉ရက်မှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ဩဂုတ် ၂၇ရက်က ကသာကနေ ရွှေကူမြို့ကို တက်လာတဲ့ စစ်သင်္ဘောအုပ်စုကို ပူးပေါင်းတပ်က တိုက်ခိုက်စဉ် ထိခိုက်ခဲ့တဲ့ သင်္ဘောတွေထဲက စစ်သားတွေ ချန်ထားခဲ့ရတဲ့ စစ်သင်္ဘော ၁စီးကို ဩဂုတ် ၂၉ရက်မှာ သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။
” ၂၇ရက်က ရွှေကူမရောက်ခင် ဘိုကုန်းနားမှာ ကျနော်တို့တိုက်ခိုက်လို့ ဝမ်းဗိုက်ကလည်းနည်းနည်းပေါက်သွားတာ။အဲဒီမှာ စက်ကလည်း ပျက်ရင်းနဲ့ အဲဒီမှာ ထားလိုက်တာ။ရန်သူတွေက အဲဒီမှာ တပ်စိပ်တစိပ်ချထားပြီးမှ စောင့်ထားခိုင်းတယ်။ အဲဒါကို မနေ့က ကျနော်တို့ ရွှေကူ KPDF တပ်ဖွဲ့တွေ ကို တာဝန်ပေးပြီးမှ ပြန်ပြီးမှ သွားချဉ်းကပ်တဲ့အခါ သင်္ဘောကို စောင့်နေတဲ့ တပ်စိပ်တစိပ်က ထွက်ပြေးသွားတယ်” လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က စစ်သင်္ဘော သိမ်းပိုက်ရရှိမှု အခြေအနေကို ရှင်းပြပါတယ်။

Public Service Announcement
သင်္ဘောစောင့်စစ်ကောင်စီတပ်သားတွေဟာ ရွှေကူမြို့အခြေစိုက် ခမရ(၆၀၂) တပ်ရင်းက တပ်သားတွေလို့ ယူဆကြောင်း သတင်းရင်းမြစ်က ပြောပါတယ်။
“အဲဒီအခါကျမှ မနေ့က ကျနော်တို့သင်္ဘောပေါ်တက်ပြီးမှရှင်းတာပါ။ ပစ္စည်းက တော့ ဘာမှ မရှိတော့ပါဘူး။ စက်ကလည်း ပျက်နေပါပြီ။နောက်ပြီးတော့ ကျနော်တို့ ၁၀၇ ဒဏ်ကြောင့် အဲဒီသင်္ဘောလည်း တဝက်လောက်က တော့ရေဝင်နေပါပြီ” လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
အခြား ကချင်သတင်းရင်းမြစ်တစ်ဦးကလည်း စစ်သင်္ဘောကို တော်လှန်ရေးရဲဘော်တွေ ဝင်ရောက်စီးနင်းနိုင်မှု ရုပ်သံမှတ်တမ်းအချို့နဲ့ ဓာတ်ပုံအချို့ကို ပြသပါတယ်။
ကချင်ပြည်နယ်ကို အင်အားဖြည့်ဖို့ ကြိုးပမ်းလာတဲ့ စစ်တပ်ရဲ့သင်္ဘောအုပ်စုဟာ ရွှေကူမြို့အဝင်မှာ သင်္ဘောတွေ တိုက်ခိုက်ခံရသလို ရွှေကူကနေ ဗန်းမော်မြို့ ကို ဆက်လက်ထွက်ခွာစဉ် ဩဂုတ် ၂၉ရက်ကလည်း သင်္ဘော ၁စီးတိုက်ခိုက်ခံရပြီး မီးလောင်ခဲ့တယ်လို့ သတင်းရင်းမြစ်အချို့က ပြောပါတယ်။
သင်္ဘောထိခိုက်ခဲ့တဲ့အပြင် စစ်တပ်က သေဆုံးထိခိုက်မှုတွေရှိခဲ့တယ်လို့လည်း အသိပေးပါတယ်။
စစ်သင်္ဘောတိုက်ခိုက်ခံရပြီးနောက် ကျန်သင်္ဘောတွေ ရွှေကူမြို့ဘက် ပြန်လှည့်သွားပါတယ်။
လတ်တလော ရွှေကူမြို့နယ် မြေပြင်နဲ့ ရေပြင်တိုက်ပွဲတွေမှာ စစ်တပ်က အရာရှိတွေအပါအဝင် သေဆုံးထိခိုက်များပြားခဲ့ကြောင်းလည်း သတင်းရင်းမြစ်တွေက ပြောပါတယ်။
သီးခြားအတည်မပြုနိုင်ပေမဲ့ ဒဏ်ရာရသူတွေထဲမှာ တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူး အဆင့်အရာရှိတွေပါသလို ခလရ(၁၂၀) တပ်ရင်းမှူးဟာ သေဆုံးခဲ့ကြောင်း ကချင်သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
KIA သတင်းပြန်ကြားရေးဌာနရဲ့ သတင်းဖော်ပြချက်အရ စစ်တပ်ဟာ ဗန်းမော်ကို စစ်အင်အားဖြည့်ဖို့၊ ရွှေကူနဲ့ ဗန်းမော်ကြားက စင်းခန်းတံတားကို ပြန်ထိန်းချုပ်နိုင်ဖို့ ကြည်း၊ရေ၊လေ ထိုးစစ်ဆင်နေတာလို့ အသိပေးထားပါတယ်။


















































