ဧပြီ-၁၇၊ ၂၀၂၆။ထားမြတ်/People’s Spring
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က နှစ်ဦးသဝဏ်လွှာ ပေးပို့ခဲ့ရာ မကြာသေးမီက ဖွဲကစည်းခဲ့တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ရဲ့ အမျိုးသားညီညွတ်မှုအားကို အရင်းတည်ပြီး ပန်းတိုင်အရောက်ဆက်လက်ချီတက်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။
ဝန်ကြီးရဲ့ မိန့်ခွန်းမှာ စစ်ရေးဆိုင်ရာ အခြေအနေတွေနဲ့ နိုင်ငံရေး အကြောင်းအရာအချို့ကို အသိပေးခဲ့ရာ ဦးဆောင်ကောင်စီ ဖွဲ့စည်းနိုင်မှုဟာ တော်လှန်ရေးတဆင့် တက်မှုဟု ပြောပါတယ်။
” နိုင်ငံရေး အခြေခံပေါ်မှာ တော်လှန်ရေးအင်အားစုတွေရဲ့ စုစည်းညီညွတ်မှုကို တည်ဆောက်ပြီး ပီပြင်တဲ့ တော်လှန်ရေးဦးဆောင်မှုကို ဖော်ထုတ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ SCEF ဟာ One Policy One Strategy တခုတည်းသော မူဝါဒ၊ တခုတည်းသော မဟာဗျူဟာအောက်မှာ အလုပ်လုပ်ကြမှာ ဖြစ်ပါတယ်။ ဦးဆောင်မှု ခိုင်မာဖို့နဲ့ မဟာဗျူဟာ မှန်ကန်ဖို့ဟာ တော်လှန်ရေးအောင်မြင်ဖို့ အသက်တမျှ အရေးကြီးပါတယ်။SCEF မှာ နိုင်ငံရေးစုဖွဲ့မှုနဲ့ စစ်ရေးစုဖွဲ့မှု ပါဝင်မယ်။ စစ်ရေးအပိုင်းမှာ ဗဟိုကွပ်ကဲမှုစနစ် တည်ဆောက်ပြီး တနိုင်ငံလုံး လွှမ်းခြုံတဲ့ စစ်မဟာဗျူဟာတရပ် ရေးဆွဲ အကောင်အထည်ဖော်သွားမှာ ဖြစ်ပါတယ်။ SCEF ဟာ အမျိုးသားညီညွတ်မှုအား ပိုကောင်းလာတဲ့ အမှတ်လက္ခဏာလည်း ဖြစ်တယ်။ ဒီအားကို အရင်းတည်ပြီး ခိုင်မာတဲ့ ဦးဆောင်မှု၊မှန်ကန်တဲ့ မဟာဗျူဟာအောက်မှာ စိတ်ဇွဲသန်သန်နဲ့ ပန်းတိုင်အရောက် ဆက်လက်ချီတက်ကြပါစို့” လို့ ဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

Public Service Announcement
(၅)နှစ်သား ပြည်သူ့ကာကွယ်ရေးတပ်မတော် ဟာ အခုဆိုရင် ရင့်ကျက်မှု၊ တည်ငြိမ်မှုအဆင့် တခုကို ရောက်ရှိလာပြီလို့လည်း ဝန်ကြီးက ပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်အတွင်း ပြည်သူ့ကာကွယ်ရေး တပ်မတော် တပ်ရင်းတပ်ဖွဲ့အားလုံးကို စစ်ရုံးချုပ်၊ တိုင်းစစ်ဌာန၊ ခရိုင်စစ်ဌာန ဖြင့် တစ်ခုတည်းသော ကွပ်ကဲမှုစနစ်ကို တည်ဆောက်နိုင်ခဲ့တယ်လို့ ပြောပါတယ်။
“PDF တပ်မတော်ရဲ့ တည်ငြိမ်ရင့်ကျက်မှုဟာ တော်လှန်ရေးရဲ့ အဓိကခွန်အား ဖြစ်ပါတယ်။အခုလို နှစ်သစ်အခါသမယမှာ ရဲဘော်များ၊ မိတ်ဆွေများကို အထူးအသိပေးလိုတာက တော်လှန်ရေးဟာ သူ့ မဟာဗျူဟာ၊ သူ့အစီအစဉ်အတိုင်း ခြေလှမ်းမှန်မှန်နဲ့ ရှေ့ဆက်နေတယ်ဆိုတဲ့ အချက် ဖြစ်ပါတယ်။ တော်လှန်ရေး (၅)နှစ်ကာလမှာ ကျနော်တို့အနေနဲ့ တော်လှန်ရေးတစုံလုံးအပေါ် ပြန်သုံးသပ်၊ ပြုပြင်၊ တည့်မတ်ရတာတွေ ရှိပါတယ်။ အထူးသဖြင့် မဟာဗျူဟာပိုင်း ဦးစားပေးအစီအစဉ်များ ပြန်လည်သတ်မှတ်ခြင်း၊ နည်းဗျူဟာပိုင်းမှာ စစ်ပွဲနဲ့ဆီလျော်အောင် ပြုပြင်ပြောင်းလဲခြင်း လုပ်ရတယ်” လို့ ဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။
ဦးစားပေးအစီအစဉ်တွေအနေနဲ့ တပ်ကို ပိုမာအောင် PDF တပ်ရင်းအလိုက် မွမ်းမံလေ့ကျင့် စုဖွဲ့ရတာ၊ ပကဖကို PDF နဲ့ အတူ တိုက်ပွဲဝင်နိုင်တဲ့ အမာခံ တိုက်ခိုက်ရေး အင်အားဖြစ်အောင် တည်ဆောက်ရတာ၊ အရင်းအမြစ် ရှာဖွေစုစည်းရေးကို ပိုအားစိုက်ရတာ တွေလုပ်ဆောင်ခဲ့ကြောင်း ရှင်းပြပါတယ်။
တော်လှန်ရေး အစပြုချိန်ကတည်းက အချိုးမညီစစ်ပွဲတခု ဖြစ်မယ်လို့ အားလုံး မျှော်လင့်ထားပြီး ကြောင်း၊ ရန်သူမှာ နှစ်ပေါင်းများစွာ တည်ဆောက်ထားတဲ့ တပ်တခု ရှိကာ စစ်လက်နက်ပစ္စည်းနဲ့ ဘဏ္ဍာငွေကြေးအရာမှာ တော်လှန်ရေးဘက်တော်သားတွေထက် အဆများစွာ သာလွန်ကြောင်း ဝန်ကြီးက ပြောပါတယ်။
” ရန်သူမှာ အားနည်းချက်တွေလည်း ရှိတယ်။ ပြည်သူအပေါ် စစ်ကျွန်ပြုရေး အတွေးအခေါ် တပ်ဆင်ထားတဲ့စစ်တပ်၊ ပြည်သူအော့နှလုံးနာတဲ့ စစ်တပ်၊ စိတ်ဓာတ်ကော၊ ကျင့်ဝတ် စည်းကမ်းပါ ပျက်ပြားနေတဲ့ စစ်တပ် ဖြစ်နေတာပါပဲ။ တော်လှန်ရေးတရပ် ဆင်နွှဲတဲ့အခါ ရန်သူ့အားနည်းချက်ကို ကျနော်တို့ မြင်အောင်ကြည့်ဖို့ လိုသလို ကိုယ့်အားသာချက်ကိုလည်း ကိုယ်တိုင် သိဖို့ လိုပါတယ်။ ရန်သူ့အားနည်းချက်ဟာ တော်လှန်ရေးရဲ့ အားသာချက် ဖြစ်စေရပါမယ်။ ရန်သူ့အားသာချက်အပေါ်မှာ ကိုယ့်ရဲ့ ဉာဏ်ပညာနဲ့ ဇွဲသတ္တိသုံးပြီး ကျော်လွှားရမှာ ဖြစ်ပါတယ်” လို့ ဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။
ဒီကနေ့ ပြည်သူ့တော်လှန်ရေးရဲ့ အားသာချက်က ပြည်သူရဲ့ တခဲနက် ထောက်ခံပါဝင်မှု ဖြစ်ကြောင်း ပြောပါတယ်။
“ ဒီအချက်အပေါ်မှာ တော်လှန်ရေးရဲဘော်တွေရဲ့ ပြည်သူအပေါ် တန်ဖိုးထားမှု၊ ခေတ်စနစ်ပြောင်း တော်လှန်ရေးအပေါ် သက်ဝင်ယုံကြည်မှု ထပ်ဆောင်းအားဖြည့်ကြရရင် ဒီတော်လှန်ရေး မအောင်စရာ အကြောင်းမရှိပါဘူး။” လို့ ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။
လက်ရှိ အချိန်မှာ တော်လှန်ရေးဟာ ရပ်တန့်နေတာ မရှိသလို နောက်ဆုတ်နေတာလည်း မရှိဘူးလို့ အသိပေးပါတယ်။
“လတ်တလောမှာ မြို့တချို့ကို ကျနော်တို့ လက်လွှတ်ခဲ့ရပေမယ့် နယ်တွေမှာ တော်လှန်ရေး ရဲဘော်တွေ ဆက်ရှိနေတယ်။ ပြောက်ကျားနည်းဗျူဟာသုံးပြီး ရန်သူကို ပြန်လည်ဝိုင်းပတ်ရေးနဲ့ နယ်မြေစိုးမိုးရေး လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။တော်လှန်ရေးမှာ လက်နက်ခဲယမ်းမီးကျောက်နဲ့ ဘဏ္ဍာရန်ပုံငွေဟာ အမြဲတမ်း အကန့် အသတ် ရှိတဲ့အတွက် မြို့သိမ်း စခန်းသိမ်း တိုက်ပွဲကြီးတွေဆိုရင် အကန့်အသတ်နဲ့သာ ဆောင်ရွက် နိုင်တာ ဖြစ်ပါတယ်” လို့ ဝန်ကြီးက အသိပေးပါတယ်။
တော်လှန်စစ်တလျှောက် ပုံမှန်အားဖြင့် ပြောက်ကျား လှုပ်ရှား ခြွေစစ်ကို အားပြု ကြရကြောင်း၊ ပြည်သူ့ကာကွယ်ရေးရဲဘော်များအနေနဲ့ဆိုရင် အခြေအနေ အချိန်အခါအလျောက် စစ်နည်း ဗျူဟာအမျိုးမျိုးကို ကျွမ်းကျင်စွာ အသုံးပြုနိုင်ဖို့ လေ့ကျင့်ပျိုးထောင်ထားတာ ဖြစ်ကြောင်း ပြောပါတယ်။
၂၀၂၃-၂၄ အတွင်းမှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ ဆင်နွှဲကြတဲ့ အရှေ့၊ အနောက်၊ တောင်၊ မြောက် ဟန်ချက်ညီစစ်ဆင်မှုများကြောင့် ရန်သူဟာ စစ်ရှုံးလုနီးအခြေအနေ ရောက်ရှိခဲ့ပြီး ဖြစ်သလို ရန်သူ့ရဲ့ အမာခံတိုက်ခိုက်ရေးအင်အား အများစုကို တော်လှန်စစ်အတွင်း ချေမှုန်းနိုင်ခဲ့ ကြပေမယ့် စစ်အာဏာ သက်ဆိုးရှည်ရေး လူငယ်တွေရဲ့အသက်ကို စတေးတဲ့ အဓမ္မ စစ်သားစုဆောင်းမှုအစီအစဉ်က စစ်ကောင်စီကို အသက်ရှုပေါက် ရစေခဲ့ဟု ဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။
“ ရန်သူမှာလည်း လူ၊ စစ်လက်ပစ္စည်းနဲ့ ဘဏ္ဍာငွေဆိုတာ အကန့်အသတ်မဲ့ ရှိနေတာတော့ မဟုတ်ပါဘူး။ စစ်ပွဲ ရှည်ကြာတာနဲ့အမျှ ရန်သူမှာလည်း လူ၊ လက်နက်ခဲယမ်း၊ ငွေကြေး စသဖြင့် အားနည်းချက် ရှိလာတယ်ဆိုတာ ကျနော်တို့ သတိပြုရမှာ ဖြစ်ပါတယ်။” လို့ ဦးရည်မွန်က ပြောပါတယ်။
၂၀၂၅-၂၆ ရန်သူ့ထိုးစစ်တွေကိုကြည့်ရင် အကန့်အသတ်နဲ့သာ လုပ်ဆောင် နိုင်တာ ဖြစ်ကြောင်း၊ တနိုင်ငံလုံး ထိုးစစ်ဆင်ဖို့ လုံလောက်တဲ့အား မရှိဟု ဝန်ကြီးက ပြောပါတယ်။
“အခု ဒေသအချို့မှာ အားထည့်လုပ်နေတဲ့ သူ့ထိုးစစ်တွေဟာ ထင်တိုင်းမပေါက် ခရီးမရောက်ဘူးဆိုတာ တွေ့ရမှာ ဖြစ်တယ်။ သူ့ရဲ့ ထိုးစစ်များတာနဲ့အမျှ သူ့တပ် ပြုန်းတီးမှုလည်း ကြီးမားနေတာ ဖြစ်ပါတယ်။တကယ်တော့ တော်လှန်ရေးဘက်တော်သားတွေရဲ့ ကြံ့ကြံ့ခံနိုင်စွမ်းကပဲ တော်လှန်ရေးကို အဆုံးအဖြတ်ပေးမှာ ဖြစ်ပါတယ်။ ကျနော်တို့ တောင့်ခံကြဖို့ လိုပါတယ်။”လို့ ဝန်ကြီး ဦးရည်မွန်က ပြောကြားပါတယ်။


















































