မေ ၂၁၊ ၂၀၂၆။ ထားမြတ်/People’s Spring
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဟာ အစိုးရအဖွဲ့ဝင် ဝန်ကြီး၊ ဒုဝန်ကြီး ၇ဦးကို လူချင်းတွေ့ဆုံပြီး နိုင်ငံရေး၊ စစ်ရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာနဲ့ လူသားဆိုင်နာဆိုင်ရာကိစ္စတွေ ဆွေးနွေးခဲ့ကြောင်း NUGက ဒီကနေ့ မေလ ၂၁ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
တွေ့ဆုံဆွေးနွေးတဲ့ နေ့ရက်နဲ့ နေရာကို ဖော်ပြမထားပေမယ့် အဲဒီ အစည်းအဝေးကို ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်း၊ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးလွင်ကိုလတ်၊ လျှပ်စစ်၊စွမ်းအင်နှင့်ဆောက်လုပ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးစိုးသူရထွန်း၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဒေါ်ရွှေပုံ၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဂျာထွယ်ပန်၊ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး နိုင်ကောင်းရွက်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးများဖြစ်ကြသော ဒေါက်တာစိုင်းခိုင်မျိုးထွန်း၊ ဒေးဗစ်ဂွမ်အောင်တို့တက်ရောက်ခဲ့ကြတာ တွေ့ရပါတယ်။

တွေ့ဆုံမှုမှာ စစ်ရေး၊ နိုင်ငံရေးအပါအဝင် အကြောင်းအရာ ၇ရပ်ကို ဆွေးနွေးခဲ့တယ်လို့ အသိပေးခဲ့ပါတယ်။

Public Service Announcement
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နဲ့ ပတ်သက်သော လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ဖက်ဒရယ်ယူနစ်များနဲ့ ကြားကာလပြည်သူ့အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များ၊ မဟာဗျူဟာမြောက်စစ်ဆင်ရေးဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံတကာဆက်ဆံရေး၊ ကျန်းမာရေး၊ ပညာရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဟာ စီမံကိန်း၊ဘဏ္ဍာရေးနှင့်ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင်ထွန်းနိုင်နဲ့ မြန်မာ့နွေဦးဘဏ်(SDB) တာဝန်ရှိသူတွေ၊ လူ့အခွင့်အရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း၊ ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူမျးနဲ့လည်း သီးခြားစီ တွေ့ဆုံခဲ့ကြောင်း ထုတ်ပြန်ထားပြီးဆွေးနွေးမှု အကြောင်းအရာတွေကိုတော့ ဖော်ပြမထားပါဘူး။
NUG အစိုးရ အဖွဲ့ဝင်တွေအနေနဲ့ ယခင်က အခြေအနေ အကြောင်းအမျိုးမျိုးကြောင့် အွန်လိုင်းဆွေးနွေးမှုများသာ အဓိက ပြုလုပ်ခဲ့ရပြီး နောက်ပိုင်းမှာ ယာယီသမ္မတ၊ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းအပါအဝင် ဝန်ကြီး ဒုဝန်ကြီးတွေဟာ မြေပြင်ကွင်းဆင်းတာ တွေ ပြုလုပ်ခဲ့သလို အခုလို အစိုးရ အဖွဲ့ဝင်အချင်းချင်း လူချင်းတွေ့ ဆွေးနွေးမှုတွေ လုပ်ဆောင်လာနိုင်တာ တွေ့ရပါတယ်။


















































