ဇူလိုင်-၂၃၊၂၀၂၆။ရွှေပြည်စိုး/People’s Spring
စစ်တပ်ထိန်းချုပ်ထားတဲ့ရှမ်းပြည်နယ်မြောက်ပိုင်း၊လားရှိုးမြို့ပေါ်မှာမူးယစ်ဆေးကြောင်နေသူက ဒေသခံတွေကိုသေနတ်နဲ့ ခြိမ်းခြောက်လို့ ဝိုင်းဖမ်းပြီး ရဲလက်အပ်လိုက်ရပါတယ်။
ဒီဖြစ်ရပ်ကလားရှိုးမြို့ရပ်ကွက်(၈)မှာ ဇူလိုင်လ ၂၂ရက် နေခင်းပိုင်းကဖြစ်ပွားခဲ့တာပါ။အိမ်စီးကားမောင်းလာတဲ့အမျိုးသားတစ်ဦးကဆေးကြောင်ပြီး သေနတ်ပြ ခြိမ်းခြောက်တာလို့ ဒေသခံတစ်ဦးကပြောပါတယ်။
“ပစ္စတိုမှတ်တယ်။ထုတ်ပြီးခြိမ်းခြောက်တာ။ ကျွန်တော်တို့ကအနားမကပ်ရဲဘူး။ ပစ်ရင်လည်း ထိကုန်မှာ။ တော်သေးတာကအဲဒီလူ ဆေးတော်တော်ကွဲနေတာ။ ရဲကို လှမ်းခေါ်တော့ ရဲတောင် မကပ်ရဲလို့ ဒေသခံတွေ ဝိုင်းဖမ်းရတယ်”လို့ ကဒေသခံကပြောပါတယ်။

Public Service Announcement
သေနတ်ပစ်ခတ်မှုမဖြစ်ပွားခဲ့ပေမယ့် ဒေသခံတွေက ဝိုင်းပြီးဖမ်းဆီးချိန်မှာ ရုတ်ရုတ်သဲသဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
စစ်တပ်ပြန်ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ရဲ့ တရားဥပဒေစိုးမိုးမှုမရှိတဲ့အခြေအနေဟာ ကြောက်စရာကောင်းနေပြီလို့ မြို့ခံတွေကပြောပါတယ်။စစ်တပ်နဲ့ နီးစပ်တဲ့ သူတွေတောင် လားရှိုးမြို့မှာ တရားဥပဒေစိုးမိုးမှုမရှိတဲ့အတွက် သတိနဲ့နေထိုင်ကြဖို့ လူမှုကွန်ရက်ပေါ်မှာရေးသားပြောဆိုနေကြပါတယ်။
ဇူလိုင်လ၁၉ရက်ညနေကလည်းလားရှိုးမြို့ရပ်ကွက်(၁၀)ထဲက စတိုးဆိုင်တစ်ဆိုင်ကို ဓားပြဝင်တိုက်သူတွေက ဆိုင်ရှင်အမျိုးသမီးနှစ်ဦးကိုသတ်ဖြတ်သွားခဲ့ပါတယ်။ အဲဒီဖြစ်စဉ်မှာလည်းတရားခံဖမ်းမိခြင်းမရှိသေးပါဘူး။
လားရှိုးမြို့ဟာ၁၀၂၇စစ်ဆင်ရေးဒုတိယလှိုင်းမှာ ကိုးကန့်တပ်(MNDAA) နဲ့မဟာမိတ်တပ်တွေက ၂၀၂၄ သြဂုတ်လမှာသိမ်းယူခဲ့ပါတယ်။တရုတ်အစိုးရရဲ့ကြားဝင်စွက်ဖက်မှုနဲ့ MNDAAက ကျည်တချက်မဖောက်ပဲ ၂၀၂၅ ဧပြီလမှာ စစ်တပ်ကိုပြန်လွှဲပေးခဲ့ပါတယ်။
အဲ့ဒီနောက်ပိုင်းလားရှိုးမြို့မှာ လုယက်မှုတွေ၊ ဓားပြမှုတွေ၊ ပြန်ပေးဆွဲမှုတွေနဲ့ ခိုးမှုတွေ မကြာခဏဖြစ်နေပြီးတရားခံပများစုဖမ်းမမိဘူးလို့ဒေသခံတွေကပြောပါတယ်။


















































