ဇူလိုင်-၃၁၊၂၀၂၆။ခိုင်မြတ်/People’s Spring
ရခိုင်ပြည်နယ်အတွင်းကမြို့နယ်တွေ နဲ့ ချင်းပြည်နယ် ၊ပလက်၀မြို့နယ်တို့မှာ သွေးလွန်တုပ်ကွေးဖြစ်ပွားမှုတွေ အများအပြားရှိနေပြီး ဆေးရုံတက်ကုသရတဲ့လူနာ ၁၅၅ ဦးနဲ့ သေဆုံးသူ ၃ ဦး ရှိခဲ့တယ်လို့ အာရက္ခတပ်တော်(AA) လက်အောက်ခံကျန်းမာရေးဌာနက ထုတ်ပြန်ပါတယ်။
သွေးလွန်တုပ်ကွေးကြောင့် ဆေးရုံတက်ရတဲ့လူနာတဦးကို ပြီးခဲ့တဲ့ ဧပြီလ ၂၈ ရက်နေ့မှာ ပထမဆုံးတွေ့ခဲ့တာဖြစ် ပြီး အဲဒီနောက်ပိုင်း မြို့နယ်အချို့မှာကြိုကြားကြိုကြားဆက်တိုက်ဖြစ်ပွားခဲ့တာတွေ့ရတယ်လို့သိရပါတယ်။
တုပ်ကွေးကြောင့်သေဆုံးခဲ့ရသူတွေဟာရမ်းဗြဲမြို့နယ်မှ အသက် ၁ နှစ် ၅ လအရွယ်ကလေးငယ်တဦး၊ မြောက်ဦး မြို့နယ် ဝေသာလီကျေးရွာမှ ၂၇ နှစ်အရွယ် တဦး၊ ၃၆ နှစ်အရွယ် တဦးတို့ဖြစ်တယ်လို့ ကျန်းမာရေးဌာနထုတ်ပြန် ချက်မှာ ဖော်ပြထားပါတယ်။

Public Service Announcement
ဒါကေမယ့် ဒေသခံတွေရဲ့ပြောပြချက်အရတော့မင်းပြားမြို့နယ်ဖုံသာချောင်းဒေသမှ ၆ ဦးနဲ့ အမ်းမြို့နယ် ဒလက်ချောင်းဒေသ မှ ၁ ဦးတို့ဟာလည်း သွေးလွန်တုပ်ကွေးကြောင့် သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။
“ကျန်းမာရေးဌာနကလက်လှမ်း မမီတာကြောင့်ဖြစ်မယ်ထင်တယ်။ဖုံသာချောင်းအထက်ပိုင်းမှာ ရေမကြီးခင်က တုပ်ကွေးနဲ့ သေတဲ့သူတွေရှိခဲ့တယ်” လို့ ဖုံသာချောင်းဒေသခံတဦးက ပြောပါတယ်။
ဖုံသာချောင်းဒေသဟာမင်းပြားမြို့နယ် အထက်ပိုင်း၊ ရခိုင်ရိုးမတောင်ခြေမှာ တည်ရှိတဲ့ ဝေးလံခေါင်သီတဲ့ဒေသ တခုဖြစ်ပြီးကျန်းမာရေးဆေးပေးခန်းတွေလည်း မရှိဘဲအရပ်ထဲကဆေးဆရာတွေကိုသာ အားကိုးနေကြရတာဖြစ်ပါတယ်။
၂၀၂၅ ခုနှစ် ဇူလိုင်လကုန်အထိ့ငှက်ဖျားကြောင့်ဆေးရုံတက်ကုသရသူတွေကတော့ ရမ်းဗြဲမြို့နယ်မှ ၇၈ ဦး၊ မြောက်ဦးမြို့နယ်မှ ၃၇ ဦး၊ ကျောက် ဖြူမြို့နယ်မှ ၁၂ ဦး၊ မြေပုံမြို့နယ်မှ ၇ ဦး၊ အဉ္ဇနပူရ(မင်းပြား)မြို့နယ်မှ ၅ ဦး၊ မောင်တောမြို့နယ်မှ ၅ ဦး၊ ရသေ့ တောင်မြို့နယ်မှ ၅ ဦး၊ ပလက်၀မြို့နယ်မှ ၄ ဦးနဲ့ တောင်ကုတ်မြို့နယ်မှ ၂ ဦးတို့ဖြစ်ကြပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာတုပ်ကွေးအပြင် ငှက်ဖျားဖြစ်ပွားသူတွေလည်း အများအပြားရှိနေပြီး ကျောက်တော်မြို့ နယ် ယိုးချောင်းအထက်ပိုင်း တောင်ပေါက်နဲ့ ပလက်၀မြို့နယ်အစပ် င/တရံမြို့နယ်တို့မှာ ငှက်ဖျားဖြစ်ပွားသူ ၄၉ ဦး ထိရှိနေတယ်လို့ သိရပါတယ်။
AA ကျန်းမာရေးဌာနဟာ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးအတွက်မိုးရာသီမရောက်ခင်ကတည်းကခြင်လောက်လန်းသတ်ဆေး(Abate)၊ ခြင်သတ်ဆေးတွေနဲ့ ကုသရေးအတွက် လိုအပ်တဲ့ ဆေးဝါးတွေ စုဆောင်း ထားခဲ့ပြီး Abate ဆေးခတ်တာ၊ ပညာပေးတာတွေ လုပ်နေခဲ့တယ်လို့ ဆိုပါတယ်။
ဘာကြောင့်ပဲဖျားဖျား နားလည်တတ်ကျွမ်းတဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ပြသပြီး နှာခေါင်းသွေးယိုတာ၊ အစားအ သောက်မဝင်ဘဲ ဆက်တိုက်အန်တာ၊ အညိုအမဲအဖတ်တွေ အန်တာ၊ ဂနာမငြိမ်ဖြစ်တာ၊ အဖျားကျပေမယ့် ခြေ ဖျားလက်ဖျား အေးစက်နေတာ စတဲ့လက္ခဏာတွေ ကြုံလာရင် အချိန်မီ ဆေးရုံတက်ကုသမှုခံယူကြဖို့လည်းAAကျန်းမာရေးဌာနက တိုက်တွန်းထားပါတယ်။
ရခိုင်မှာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်ကသွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၂၄၅၂ ဦးရှိခဲ့ပြီး သေဆုံးသူ ၈ ဦး ရှိခဲ့တယ်လို့ ဆိုပါ တယ်။ မြောက်ဦးမြို့နယ်ဟာ ၉၄၆ ဦးနဲ့ သွေးလွန်တုပ်ကွေးဖြစ်ပွားသူ အများဆုံးဖြစ်ပြီး မင်းပြားမြို့နယ်ကတော့ ၇၀၄ ဦးနဲ့ ဒုတိယအများဆုံးဖြစ်ခဲ့တယ်လို့ AA ကျန်းမာရေးဌာနက ဆိုထားပါတယ်။
ဒါကြောင့် ၂၀၂၆ ခုနှစ်သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုမှာ ၂၀၂၅ ခုနှစ်တစ်နှစ်လုံးဖြစ်ပွားမှုနဲ့နှိုင်းယှဥ်ရင် အရေအတွက်များစွာလျော့ကျခဲ့တာဖြစ်ပါတယ်။
အာရက္ခတပ်တော်က ရခိုင်ပြည်နယ်က ၁၄ မြို့နယ်နဲ့ ချင်းပြည်နယ်ကပလက်ဝမြို့နယ်တို့ကိုသိမ်းပိုက်ထိန်းချုပ်ထားတာဖြစ်ပါတယ်။

















































