စက်တင်ဘာ -၁ ၊၂၀၂၆။ဇော်၀င်း
ကရင်နီပြည်မှာ ညီညွတ်တဲ့အစိုးရနဲ့အတူ ပြည်နယ်တပ်တစ်ခုတည်းဖြစ်ပေါ်လာဖို့ ဆက်လက်ကြိုးပမ်းသွားမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDFက ဒီကနေ့ စက်တင်ဘာ ၁ရက်မှာ ထုတ်ပြန်ပါတယ်။
KNDF က ပြီးခဲ့တဲ့ ဩဂုတ်၂၈ ရက်နဲ့ ၂၉ ရက်တွေမှာ ကျင်းပပြုလုပ်တဲ့ ပထမအကြိမ်ညီလာခံနဲ့ နိုင်ငံရေးအစီရင်ခံစာမှာ အထက်ပါအကြောင်းအရာကို ဖော်ပြထားပါတယ်။
ဒါပေမယ့် တစ်နိုင်ငံလုံးအတိုင်းအတာအရ လက်နက်ကိုင်တော်လှန်ရေး အရှိန်အဟုန်အားကောင်းခဲ့တဲ့ အချိန်ကစပြီး ဒီကနေ့အချိန်အထိ အဖွဲ့အစည်းတွေအကြား ညီညွတ်မှုနဲ့ တိကျတဲ့ကွပ်ကဲမှုစနစ်ကို အပြည့်အဝ မတည်ဆောက်နိုင်သေးတဲ့ အားနည်းချက်ကို ဆက်လက် ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

Public Service Announcement
ဒါ့အပြင် ပြည်နယ်ကိုယ်စားပြုတဲ့ တပ်တစ်ခုတည်းအဖြစ် စုစည်းနိုင်ဖို့နဲ့ တိကျတဲ့ အမိန့်ပေးကွပ်ကဲမှုစနစ် တည်ဆောက်နိုင်ရေးဟာလည်း ဆက်လက်ဖြေရှင်းရမယ့် စိန်ခေါ်မှုလို့ အသိပေးပါတယ်။
နိုင်ငံရေးရပ်တည်ချက်တွေကို ခိုင်မာစွာဆုပ်ကိုင်ထားပြီး မဆုတ်မနစ်ပေးဆပ်ကြိုးပမ်း တည်ဆောက်လာခဲ့ရာ အဲဒီကြိုးပမ်းမှုတွေက ကရင်နီပြည်ရဲ့နိုင်ငံရေး၊ စစ်ရေး၊ အုပ်ချုပ်ရေးနဲ့ လူမှုစီးပွားရေး အခြေအနေတွေပေါ်သာမက မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဖြစ်စဉ်တွေ အပေါ်မှာလည်း သက်ရောက်မှုတွေဖြစ်ပေါ်ခဲ့တယ်လို့ KNDF က ဆိုပါတယ်။
အခု ၂၀၂၆ မှာ ပထမဆုံး အကြိမ်ကျင်းပတဲ့ KNDF ညီလာခံမှာ KNDF ရဲ့ တော်လှန်ရေးမှောက်တိုင်တွေနဲ့ နိုင်ငံရေးပါဝင်ဆောင်ရွက်မှုများကို စနစ်တကျ ဆက်လက် တည်ဆောက်သွားဖို့ပါ ဆွေးနွေးဆုံးဖြတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
“နိုင်ငံရေးမပါသည့် တော်လှန်ရေးမရှိသကဲ့သို့ နိုင်ငံရေးရလဒ်များအား စုစည်းတည်ဆောက်ထားမှု မရှိသည့် တော်လှန်ရေးသည် လက်နက်ကိုင် တော်လှန်ရေး၏ အောင်မြင်မှုကို မတိုင်းတာနိုင်ပါ”လို့ KNDF က ပြောပါတယ်။
ဒါ့အပြင် မူဝါဒရေးရာဆိုင်ရာ ဆောင်ရွက်တဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) တို့နဲ့အတူ စစ်ရေး၊ နိုင်ငံရေး လုပ်ငန်းစဉ်တွေကို လက်တွဲဆောင်ရွက်နေတယ်လို့လည်း အသိပေးပါတယ်။
အထူးသဖြင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဟာ နိုင်ငံတစ်ဝန်းက လက်နက်ကိုင်တော်လှန်ရေးမှာ စွမ်းစွမ်းတမံ ပါဝင်တိုက်ပွဲဝင်နေတဲ့ အခြားတော်လှန်ရေးတပ်တော်များနှင့်အတူ ခိုင်မာကျယ်ပြန့်တဲ့ တပ်ပေါင်းစုတစ်ခုဖြစ်တည်ဖို့ ရည်ရွယ်ဖွဲ့စည်းထားတဲ့ နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု (SRA) မှာလည်း ချိတ်ဆက်ပါဝင်အားဖြည့်ထားတယ်လို့ ဆိုပါတယ်။
” မှားယွင်းတဲ့ နိုင်ငံရေး လမ်းကြောင်းထဲကို ကျနော်တို့ KNDF ရဲဘော်တွေကို ခေါ်သွားမှာ မဟုတ်ဘူး” ဆိုတဲ့ရပ်တည်ချက်နဲ့ အညီ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဟာ တော်လှန်ရေးနဲ့ နိုင်ငံရေး လုပ်ငန်းစဉ်တွေကို လက်တွေ့ကျပြီး အားလုံးပါဝင်ခွင့်ရှိတဲ့ နိုင်ငံရေးလုပ်ငန်းစဉ်တွေမှာ အကောင်းဆုံး ရလဒ်တွေ ရရှိနိုင်ဖို့ ဆက်လက်ဖော်ဆောင်နေတယ်လို့ ထပ်လောင်းအသိပေးပါတယ်။
ကရင်နီပြည်ရဲ့ လူမျိုးပေါင်းစုံ ညီညွတ်ရေး၊ တန်းတူညီမျှရေးနဲ့ အများဆန္ဒနဲ့ ဖက်ဒရယ်ဒီမိုကရေစီ စနစ်ပြည့်ဝတဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေး ဖော်ဆောင်ဖို့ ရည်မှန်းချက်တွေ အောင်မြင်ဖို့ ဆက်လက်ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
အဲဒီ ဆောင်ရွက်မှုတွေဟာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ရဲ့ နိုင်ငံရေးမူဝါဒကို ဗဟိုပြုပြီးကရင်နီပြည်အတွင်းက အခြားလက်နက်ကိုင် တော်လှန်ရေးအင်အားစုတွေ ၊အရပ်သားပါတီနိုင်ငံရေးအင်အားစုတွေ၊ ဒေသန္တရအုပ်ချုပ်ရေး အင်အားစုတွေ၊အရပ်ဘက်အဖွဲ့အစည်းတွေ၊ ဌာနနေတိုင်းရင်းသားကိုယ်စားလှယ်တွေ၊ မီဒီယာတွေနဲ့ လုပ်ငန်းရှင်တွေ စတဲ့ အဖွဲ့အစည်းအားလုံးနဲ့ချိတ်ဆက်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
အခုနိုင်ငံရေးမူဝါဒတွေကို ပြည်ထောင်စု မြန်မာနိုင်ငံအဆင့်တွင်လည်း ပြန့်ပွားကျင့်သုံးနိုင်ဖို့အတွက် မိမိတို့ နိုင်ငံရေးဌာနမှတစ်ဆင့် မဟာမိတ်အင်အားစုတွေဆီ နိုင်ငံရေးသဘောထားများ ပေးပို့ဖလှယ်တဲ့ ဆက်လက် လုပ်ဆောင်သွားမယ်လို့သိရပါတယ်။
ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စုတည် ဆောက်ရေးဆိုတဲ့အခြေခံမူနဲ့ ဆက်လက်ဖော်ဆောင်သွားမယ့် နိုင်ငံရေးလုပ်ငန်းစဉ်မှာ ဒေသန္တရအုပ်ချုပ်ရေးနဲ့ ပြည်နယ်အဆင့် အုပ်ချုပ်ရေးတွေကို အာဏာခွဲဝေပေးနိုင်ဖို့ လူထုက ရွေးချယ်ပါဝင်ခွင့်ရှိတဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီအစိုးရ ပေါ်ပေါက်လာဖို့အတွက် ဆက်လက်ပါဝင်လုပ်ဆောင်သွားမယ်လို့ KNDF က ဆိုပါတယ်။
ဒါ့အပြင် ကရင်နီပြည်မှ ညီညွတ်တဲ့ အစိုးရနဲ့အတူ ပြည်နယ်တပ်တစ်ခုတည်း ဖြစ်ပေါ်လာဖို့ကိုလည်း ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ပြီး ကရင်နီအမျိုးသားများကာကွယ်ရေးတပ်၏ မူဝါဒနှင့် စစ် ဥပဒေတွေကို နိုင်ငံတကာက လက်ခံယုံကြည်လာစေဖို့ကြိုးပမ်းသွားမယ်လို့ ကတိပြထားပါတယ်။
နိုင်ငံတကာ စစ်ဘက်ဆိုင်ရာစာချုပ်တွေမှာ ပါဝင်လက်မှတ်ရေးထိုးသွားမှာဖြစ်တဲ့အပြင် တပ်ရဲ့ စစ်ဘက်ဆိုင်ရာကျင့်ဝတ်တွေ လိုက်နာကျင့်သုံးနေမှုကိုလည်း နိုင်ငံတကာက စောင့်ကြည့်အကဲဖြတ်ခြင်းကိုလည်း ခွင့်ပြုသွားမယ်လို့ KNDF က အသိပေးပါတယ်။
ရပ်တည်ချက်တွေ၊ဆွေးနွေးဆုံးဖြတ်ချက်တွေနဲ့ အနာဂတ်ဦးတည်ချက်တွေကိုလည်းအခြေခံပြီး ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ရဲ့ နိုင်ငံရေးရည်မှန်းချက်တွေကို ဆက်လက် အကောင်အထည်ဖော်မယ်လို့ ဆိုပါတယ်။
ကရင်နီဒေသမှာ စစ်တပ်ရဲ့တန်ပြန်ထိုးစစ်တွေအတွက် ဒေသတွင်းတော်လှန်ရေးအင်အားစုတွေ စုပေါင်းဖို့နဲ့ စစ်ရေးအရ အားသာမှုတွေပြန်ရဖို့ ကရင်နီပြည်နယ်မှာ တစ်ခုတည်းသောတပ်မတော် UKSA ကို ဖွဲ့စည်းဖို့ အရပ်ဖက်နဲ့ လူထုက ပြီးခဲ့တဲ့နှစ်ကတည်းက တိုက်တွန်းမှုတွေရှိနေပါတယ်။
ကရင်နီပြည်နယ်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်တွေဖြစ်တဲ့ KNPP/KA ၊ KNPLF (ကလလတ)၊ KNLP ၊KNPDP နဲ့ KNSO တို့ရဲ့ အင်အားဟာ ၅,၀၀၀ ဝန်းကျင်ရှိနိုင်တယ်လို့ ပြည်တွင်းစစ်ရေးလေ့လာသူတွေက ခန့်မှန်းထားပါတယ်။
၂၀၂၁ နောက်ပိုင်း ကရင်နီအမျိုသားများကာကွယ်ရေးတပ် KNDF ၊ကယန်းအမျိုးသားတပ်မတော် KNA အပါအ၀င် ကရင်နီဒေသမှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ မြို့နယ်အလိုက်တပ်ရင်းတွေ ဖွဲ့စည်းထားတာရှိပါတယ်။

















































