အောက်တိုဘာ – ၁၀ ၊၂၀၂၆
ကရင်နီပြည်မှာအာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ပြီးခဲ့တဲ့နှစ်လတာအတွင်းအရပ်သားပြည်သူ ၂၀ ဦးသေဆုံးခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့( KNDF) ကအောက်တိုဘာလ ၉ ရက်မှာ ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လနဲ့စက်တင်ဘာလအတွင်းလေယာဉ်၊ဒရုန်းတွေအသုံးပြုပြီး တိုက်ခိုက်ရာမှာ အရပ်သား ၂၀ ဦးသေဆုံးပြီး ၅၇ ဦး ဒဏ်ရာရခဲ့တာပါ။
စစ်ဘေးရှောင်စခန်းတွေနဲ့ အရပ်သားတွေပစ်မှတ်ထားတိုက်ခိုက်ခံရတာလို့လည်း KNDF က ဆိုပါတယ်၊

Public Service Announcement
လေကြောင်းတိုက်ခိုက်မှုကြောင့်သေဆုံးသူတွေထဲမှာခြောက်လသားအရွယ်လသားကလေးတစ်ဦး၊ အသက်၁၅ နှစ်အောက်ကလေးလေးဦးပါဝင်ပြီးအသက် ၁၀ နှစ်အောက်ကလေး ခုနှစ်ဦးနဲ့ ကိုယ်ဝန်ဆောင်မိခင် နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
နှစ်လတာအတွင်းမှာကရင်နီပြည်ကို လေယာဉ်သုံးပြီး တိုက်ခိုက်မှု ၃၂ ကြိမ် ၊ ဒရုန်းနဲ့ တိုက်ခိုက်မှု ၂၇ ကြိမ်ရှိခဲ့တယ်လို့ KNDF က စာရင်းပြုစုထားပါတယ်။
သြဂုတ်လထက်စက်တင်ဘာလမှာ လေကြောင်းတိုက်ခိုက်မှု အရှိန်မြှင့်လာတာပါ။ စက်တင်ဘာတစ်လအတွင်းမှာတင် လေယာဉ်ရော ၊ ဒရုန်းရောသုံးပြီး တိုက်ခိုက်မှု အကြိမ်ရေ စုစုပေါင်း ၄၂ ကြိမ်ရှိခဲ့ပြီးအရပ်သား ၁၂ ဦးသေဆုံးကာ ၃၈ ဦးဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။
သြဂုတ်လမှာလည်း သေဆုံးသူ ရှစ်ဦးနဲ့ ဒဏ်ရာရသူ ၁၉ ဦးရှိခဲ့တာပါ။



















































