အောက်တိုဘာ-၂ ၊၂၀၂၆။ဇော်၀င်း /People’s Spring
ကရင်နီပြည်နယ်၊ ဘောလခဲမြို့နယ်က အာဏာသိမ်းစစ်တပ်စခန်း ၁ခုကို ကရင်နီတပ်ပေါင်းစုက သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်းတွေနဲ့ စစ်သုံ့ပန်းတချို့ ရရှိတယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်တချို့က လူထုနွေဦးကို ပြောပါတယ်။
စက်တင်ဘာ နောက်ဆုံးပတ်ကသိမ်းနိုင်ခဲ့တဲ့ အဲဒီစခန်းဟာ ၀မ့်မလန်းကျေးရွာအနီးကဖြစ်ပြီး ကရင်နီတပ်ဖွဲ့တွေ ပူးပေါင်းထိုးစစ်ဆင်ရရှိခဲ့တာလို့ ဆိုပါတယ်။
“BPDF(ဘောလခဲမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့) အပါအဝင် တပ်ပေါင်းစုကနေ စစ်ကောင်စီရဲ့ စခန်း တစ်ခုကို သိမ်းတာပါ။လက်နက်ခဲယမ်း အချို့ သိမ်းဆည်းရမိပြီး သုံးပန့် ၃ယောက် မိတယ်”လို့ BPDF တာ၀န်ရှိသူက အတည်ပြုပါတယ်။

Public Service Announcement
လက်ရှိစစ်ရေးအရလည်း ဖရူဆို-ထားလဲ – နန်းဖဲ-ဘောလခဲကို ဆက်သွယ်ထားတဲ့ လမ်းကြောင်းတစ်လျှောက် အခြေအနေတင်းမာမှုတွေရှိနေတယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်တစ်ဦးက အသိပေးပါတယ်။
“ဒီရက်ပိုင်း ဖရူဆို ၊ဒီးမော့ဆို ၊ဘောလခဲ ဖက်တွေကို လေကြောင်း တိုက်ခိုက်မှုတွေ ရှိပါတယ်။ဖား ဆောင်း ဖက်မှာလဲ ဒီရက်ပိုင်း လက်နက်ကြီးနဲ့ ပစ်ခတ်နေတာတွေ ရှိတယ်”လို့ သူက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်က ဘောလခဲမြို့နယ်မှာရှိတဲ့ အာဏာသိမ်းစစ်တပ် ကာကင်းစခန်း ၅ခု ကို ကရင်နီတပ်ပေါင်းစုက သိမ်းပိုက်နိုင်ခဲ့ဖူးပါတယ်။
စစ်ဘက်သတင်းအချက်အလက်တွေအရ ဘောလခဲမြို့မှာ စစ်ကောင်စီရဲ့ အခြေချစစ်ဗျူဟာ ၊ခမရ (၄၂၉)၊ခမရ (၄၃၀) နဲ့ ခလရ (၃၃၇)တို့ရှိတဲ့ အပြင် ရှမ်းပြည်နယ်အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ (၂)လက် အောက်ခံတပ်ရင်းတချို့အားဖြည့်ထားတာရှိပါတယ်။
ဒါ့အပြင် ရှမ်းပြည်နယ် ခိုလမ်မြို့အခြေစိုက် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို လွိုင်ကော်မြို့မှာ ပြောင်းလဲအခြေချလိုက်တာကြောင့် မကြာမီ ကာလတွေမှာ စစ်ရေးပြင်းထန်မှုတွေရှိလာနိုင်တယ်လို့ ဒေသခံစစ် ရေးသတင်ရင်းမြစ်နဲ့မြေပြင်တော်လှန်ရေးတပ်တာ၀န်ရှိသူတွေက လူထုနွေဦးကို ပြောထားပါတယ်။
လက်ရှိ ကရင်နီပြည်နယ်နဲ့ ထိုင်းနယ်စပ် မယ်စဲ့၊ရှားတောမြို့နယ် နဲ့ သတ္တုထွက်ရှိရာ မော်ချီးဒေသတွေကို ကရင်နီပူးပေါင်းတပ်တွေက အလုံးစုံသိမ်းပိုက်ထားပြီး ဒီးမော့ဆို၊ ဖားဆောင်း၊ ဘောလခဲ ၊ဖရူဆိုနှင့် မိုးဗြဲမြို့အနီးတဝိုက်ကို ထိန်းချုပ်ထားဆဲလို့ သိရပါတယ်။



















































