စက်တင်ဘာ -၂၊၂၀၂၆။ဖိုးသား/People’s Spring
လေယာဉ်နဲ့ကြဲချတဲ့ ဗုံးတွေထုတ်လုပ်နေတဲ့ ဆိပ်ဖြူမြို့နယ်က အဓိကလမ်းပိုင်းတွေကို စစ်တပ်က စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်း မြစ်တွေက ပြောပါတယ်။
ဆိပ်ဖြူမြို့နယ်မှာ စစ်တပ်ရဲ့ကာကွယ်ရေးပစ္စည်းရုံး ကပစ (၂၁၊ ၂၂) နဲ့ အမှတ်(၉)လေကြောင်းရန်ကာ ကွယ်ရေးကွပ်ကဲမှုစစ်ဆင်ရေးဌာနချုပ်(လစခ) တို့ရှိပါတယ်။အမှတ်(၂၁) ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ -၂၁)က လေတပ်သုံးဗုံးတွေထုတ်ပြီး အမှတ် (၂၂) ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ ၂၂ )မှာ လက်နက်တွေ ထုတ်နေတာဖြစ်ပါတယ်။
“အဓိကတော့ ကပစ (၂၁) ပေါ့။လေယာဉ်ဗုံးသီးတွေထုတ်တာဆိုတော့ အဲဒီ ကပစ(၂၁)ကို ယမ်းတွေ သွင်းတယ်။ပို့တယ်။၂၁ ကနေ လေယာဉ်ဗုံးသီးတွေ ထုတ်ပြီးပြီ ဆိုရင် ပြန်သယ်တယ်။အဲဒီ သယ်တာကို ဝေဟင်ကင်းရော မြေပြင် ကင်းရောယူတယ်။စစ်ကြောင်းလည်း ထိုးတယ်။မြေပြင်မှာ ရှုပ်နေတဲ့ အခြေအနေပါ”လို့ ဆိပ်ဖြူအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ တာ၀န်ရှိသူက ပြောပါတယ်။

Public Service Announcement
စစ်ရေးအချက်အလက်တွေအရ စစ်တပ်ထိန်းချုပ်ထားတဲ့ ကပစ စက်ရုံ ၂၅ ခုအနက် လေယာဉ်ဗုံးသီးတွေထုတ်လုပ်နိုင်တာ ဆိပ်ဖြူမြို့အနောက်ခြမ်းမှာရှိတဲ့ ကပစ (၂၁) တစ်ခုပဲရှိပါတယ်။
ဆိပ်ဖြူနယ်က ပုသိမ်-မုံရွာ ၊ဆော-ဆိပ်ဖြူ နဲ့ ဆိပ်ဖြူ- ပေါက် လမ်းပိုင်းတွေမှာ စစ်တပ် ကင်းတွေချတာနဲ့ စစ်ကြောင်းထိုးတာတွေ ရှိနေတယ်လို့ အသိပေးပါတယ်။
“ဆိပ်ဖြူနယ်ရဲ့ ခြေကျင်ဆင်း လမ်းကိုအလျားလိုက် ပိုက်စိပ်တိုက်လျှောက်တာမျိုးပါ။ ကပစ(၂၂)က ကုန်ချောစစ်ကားတွေထွက်မယ်လို့လည်း သတင်းကြားတယ်”လို့ ဆိပ်ဖြူဒေသခံစစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ဆိပ်ဖြူမြို့နယ်က ကပစတွေ ထုတ်လုပ်တဲ့ လေယာဉ်ဗုံးသီးတွေနဲ့ လက်နက်တွေကို ( ရှမ်းတဲ)လေတပ်စခန်းဌာနချုပ်၊အမြောက်တပ်နဲ့ တပ်မ(၉၉)အခြေစိုက်ရာ မိတ္ထီလာမြို့ကို ကနဦးပို့ဆောင်တာဖြစ်ပါတယ်။
လက်ရှိဆိပ်ဖြူနယ်မှာ စစ်ကြောင်းထိုးတာနဲ့ ကင်းယူတဲ့ စစ်တပ်အင်အား ၅၀၀ ခန့်ရှိပြီး စစ်ရှောင်နေရတဲ့ပြည်သူတွေ အပါအ၀င် ဖမ်းဆီးခံရတဲ့ ဒေသခံနဲ့ နေအိမ်တချို့ရှိနေတယ်လို့ သိရပါတယ်။
မြေပြင်တိုက်ပွဲတွေမှာ အထိနာနေတဲ့ စစ်တပ်ဟာ နေ့စဉ်နဲ့အမျှ နိုင်ငံအနှံ့ကို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေပြီး အထူးသဖြင့် စစ်ကိုင်း၊မကွေး၊ချင်း၊ရခိုင်၊ကရင်နီ နဲ့ ကရင်ပြည်နယ်က အရပ်သားသေဆုံးမှုတွေ ဆက်တိုက်မြင့်တက်နေပါတယ်။
၅နှစ်ကျော်အတွင်း အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားထိခိုက်သေဆုံးမှု ၆,၀၀၀ ထက်မနည်းရှိနေတယ်လို့ အရပ်ဖက်အဖွဲ့အစည်းတွေ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ၁၀ရက်အတွင်း ချင်းပြည်နယ် ပလက်၀၊မင်းတပ် နဲ့ ကရင်နီပြည် မော်ချီး ဒေသကို လေကြောင်း တိုက်ခိုက်မှုမှာ အရပ်သား ၁၀၀ ခန့် ထိခိုက်သေဆုံးပြီး ကလေးငယ်တွေအများစု ပါ၀င်ပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ အပြစ်မဲ့ပြည်သူတွေအပေါ် ညှာတာမှုကင်းမဲ့စွာ လေကြောင်းကနေ အစုလိုက်သတ်ဖြတ်မှုတွေနဲ့ စစ်ရာဇဝတ်မှုကျူးလွန်နေတာကို အရေးယူပေးဖို့ တောင်းဆိုမှုတွေကလည်း ကုလသမဂ္ဂနဲ့ အာဆီယံအပါအဝင် နိုင်ငံတကာအစိုးရတွေရဲ့ လျစ်လျူရှုခံနေရဆဲ ဖြစ်ပါတယ်။


















































