Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်က ဆောမြို့နယ်ကို အင်အားထပ်ဖြည့်

မကွေးတိုင်း၊ဆောမြို့နယ်ကို အာဏာသိမ်းစစ်တပ်က အင်အားတွေထပ်မံဖြည့်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

နို၀င်ဘာ -၄၊၂၀၂၆။ဖိုးသား/People’s Spring

မကွေးတိုင်း၊ဆောမြို့နယ်ကို အာဏာသိမ်းစစ်တပ်က အင်အားတွေထပ်မံဖြည့်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

ဆောမြို့နယ်နဲ့ ကပ်လျက် ပေါက်မြို့နယ် အခြေစိုက် အမှတ်(၂၄)ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၂၄ )ကတဆင့် စစ်တပ်က ကား ၆စီး၊ အင်အား ၃၀၀ ၀န်းကျင်နဲ့ နို၀င်ဘာ ၂ ရက်က စစ်ကြောင်းထွက်လာခဲ့တယ်လို့ ဆိုပါတယ်။

စစ်တပ်စစ်ကြောင်းက တပြင်းကျေးရွာကိုရောက်နေပြီး ကျောက်ထုမြို့အခြေစိုက် အမှတ်(၃၆၈) အမြောက်တပ် (အမတ-၃၆၈)ကို သွားမယ်လို့ ဆောမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာ၀န်ရှိသူက ခန့်မှန်းပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် ကြီးကျေးရွာသို့ရောက်ရှိနေတဲ့ စစ်တပ်စစ်ကြောင်းကလည်း ဒဏ်ရာရရှိထားတဲ့ တပ်သားတွေ

ကိုကျောက်ထုမြို့အမတ(၃၆၈)ဆီ အချိန်မရွေးပို့ဆောင်နိုင်တယ်လို့ အသိပေးပါတယ်။

ကျောက်ထုမြို့ ကြီးရွာဟာ ကျောက်ထုကနေ ထီးလင်းမြို့ဘက်ကို သွားတဲ့လမ်းပိုင်းပေါ်မှာရှိပြီး ရွှေအောင်သာကျေးရွာဘက်ကို စစ်ကြောင်းတက်နိုင်ဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

ထီးလင်မြို့နဲ့ (၁၀)ခန့်အကွာ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ ရွှေအောင်သာကျေးရွာကို ပြန်လည်စိုးမိုးဖို့စစ်ကြောင်းထိုးနေပြီး ရွှေအောင်သာကျေးရွာဟာ ချင်းတောင်ပိုင်းက မင်းတပ်၊ ယောဒေသ ထီးလင်းနဲ့ ကျောက်ထုဆုံရာ ဆက်သွယ်ရေးလမ်းကြောင်းအရ အရေးပါတဲ့ နေရာမှာရှိတဲ့ ကျေးရွာဖြစ်ပါတယ်။

“ရန်သူကအင်အားတောက်လျှောက်ဖြည့်တင်းပြီးထိုးလာနေတာတော်တော်ကြာနေပါပြီ ခုထိသူတို့လမ်းမပေါက်သေးပါဘူး ဆက်ပြီးတားနိုင်ဖို့ဆိုအကူအညီတွေပိုမိုလိုအပ်နေပါတယ် အားလုံးကအာရုံစိုက်ပြီးအားဖြည့်ပေးကြဖို့လိုပါတယ်”လို့ ယောဒေသ(ဆော၊ထီးလင်း)တော်လှန်ရေးတပ်ဖွဲ့၀င်တစ်ဦးက ပြောပါတယ်။

စစ်တပ်ဟာ ဆောမြို့နယ်ကတဆင့် ချင်းတောင်ပိုင်းမင်းတပ် ၊ ကန်ပက်လက်မြို့တွေနဲ့ ချင်း-မကွေးအစပ် ယောဒေသနေရာတွေကို ထိန်းချုပ်နိုင်ဖို့ မေလလယ်ကစပြီး စစ်အင်အားထောင်ချီအသုံးပြု ထိုးစစ်ဆင်တာမှာတိုက်ပွဲတွေ ဆက်တိုက်ပြင်းထန်နေပါတယ်။ တိုက်ပွဲတွေမှာ စစ်တပ်အထိနာပြီး လေကြောင်းပစ်ကူပေးတိုက်ခိုက်တာတွေလည်း နေ့စဉ်နီးပါးရှိပါတယ်။

လက်ရှိ အခြေအနေအရ စစ်တပ်ရဲ့လှုပ်ရှားမှုလမ်းပိုင်းတွေဖြစ်တဲ့ ကြီး – ကျောက်ထု ၊ တပြင်း – ကျောက်ထုလမ်းပိုင်းတွေကို ပြည်သူတွေအနေနဲ့သတိပြုသွားလာဖို့နဲ့ နယ်မြေခံတော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ဖို့လည်း သတိပေးထားပါတယ်။

ဆောဒေသတွင်းနဲ့ ချင်းတောင်ပိုင်းထိုးစစ်အတွက် လောင်းရှည်မြို့အခြေစိုက်အမှတ်(၂၅)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၂၅) နဲ့ ‌ပေါက်မြို့နယ်အခြေစိုက် ကပစ(၂၄)မှာ စစ်တပ်က အင်အားစုဖွဲ့ခဲ့ပါတယ်။

ကပစ(၂၅၀မှာရှိတဲ့ အင်အားတွေက လောင်းရှည်မြို့ကနေ ဆောမြို့ကိုရောက်ရှိပြီး အဲဒီကတဆင့် ကန်ပက်လက်မြို့ကို ထိုးစစ်ဆင်ခဲ့သလို ကပစ(၂၄)က အင်အားတွေကလည်း ကျောက်ထုမြို့ကတဆင့် မင်းတပ်မြို့ကို စစ်ကြောင်းထိုးခဲ့ပါတယ်။

ဆောမြို့နယ်ကို အခုနှစ် ၅လအတွင်းပို့ခဲ့တဲ့ စစ်တပ်အင်အားက ၅၀၀၀ ၀န်းကျင်ရှိနိုင်တယ်လို့ ဆောမြို့နယ်စစ်ရေးသတင်းရင်းမြစ်တွေက ခန့်မှန်းထားပါတယ်။

ဆက်စပ်သတင်းများ

Facebook