နိုဝင်ဘာ-၄၊ ၂၀၂၆။ ဟာနာဆန်/People’s Spring
စစ်တပ်အာဏာသိမ်းကာလအတွင်း ခက်ခက်ခဲခဲ ရှင်သန်နေရတဲ့ မသန်စွမ်းသူတွေနဲ့မိသားစုဝင်တွေ ရေးသားယှဥ်ပြိုင်နိုင်မယ့် စာပေပြိုင်ပွဲ ကျင်းပမယ်လို့ NUG ရဲ့ လူမှုရေးရာ၊ အလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေး ဝန်ကြီးဌာနက ဒီကနေ့ နိုဝင်ဘာ ၄ ရက်မှာ ထုတ်ပြန်ပါတယ်။
၂၀၂၆ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် စာပေပြိုင်ပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံမသန်စွမ်းသူများ ခွင့်တူညီမျှ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့တို့ ပူးပေါင်းကျင်းပမှာဖြစ်ကြောင်း ယင်းဌာနက အသိပေးပါတယ်။
ပြိုင်ပွဲမှာ ကဗျာ၊ ဝတ္ထုတို၊ ဆောင်းပါး စတဲ့ စာမူတွေ ဝင်ရောက်ယှဥ်ပြိုင်နိုင်ပြီး ကျင်းပရတဲ့ ရည်ရွယ်ချက်ကတော့

Public Service Announcement
(၁) စစ်တပ်လက်အောက်မှာ နေ့စဉ်ဘဝတွေ ရှင်သန်နိုင်ရေးအတွက် ခက်ခဲကျပ်တည်းနေတဲ့ မသန်စွမ်းအမျိုးသမီးတွေ၊ မသန်စွမ်းလူငယ်တွေနဲ့ စစ်ဘေးသင့်ဒေသရှိ မသန်စွမ်းသူတွေရဲ့ အကြောင်းကို အနုပညာဖြင့် ဖော်ပြနိုင်ဖို့၊
(၂) မျှဝေခံစားတာတွေ လိုအပ်နေတဲ့ အဖိနှိပ်ခံပြည်သူတွေကြားမှာ မသန်စွမ်းသူတွေလည်း ပါဝင်နေတာကြောင့် လောကမေတ္တာတရားကို အချင်းချင်း မေတ္တာဖလှယ်နိုင်ကြစေဖို့နဲ့ ပိုမိုသွေးစည်းညီညွတ်မှုတွေကို ဖော်ပြနိုင်ဖို့၊
(၃) မသန်စွမ်းသူတွေရဲ့ နေ့စဉ်ဘဝအကြောင်းတွေကို စာပေအနုပညာတွေနဲ့ လွတ်လပ်၊ တရားမျှတစွာ ဖော်ထုတ်နိုင်ဖို့ စတဲ့ ရည်ရွယ်ချက်တွေဖြစ်ကြောင်း၊
လုံခြုံရေးအရ ပြိုင်ပွဲဝင်သူတွေရဲ့ အချက်အလက်တွေကို အဖွဲ့က တာဝန်ယူပြီး လုံခြုံစွာ သိမ်းဆည်းထားမယ်လို့ ယင်းဌာနက အသိပေးပါတယ်။
စာမူတွေကို နိုဝင်ဘာလ (၂၆) ရက်၊ ၂၀၂၆ ခုနှစ်၊ မြန်မာစံတော်ချိန် ညနေ (၆) နာရီ နောက်ဆုံးထားပြီး ပေးပို့နိုင်ကာ ပြိုင်ပွဲတွေအတွက် ဆုရွေးချယ်စိစစ်ရေးအဖွဲ့ကို ဖွဲ့စည်းပြီး ရည်ရွယ်ချက်၊ အမှတ်ပေးစည်းမျဉ်း၊ စည်းကမ်းချက်တွေနဲ့အညီ (၁) ညီညွတ်မှု၊ (၂) ချိတ်ဆက်တင်ပြနိုင်မှုနဲ့ (၃) အနုပညာဖန်တီးနိုင်မှုအပေါ် မူတည်ပြီး ဆုတွေကို ရွေးချယ်ဆုံးဖြတ်သွားမှာဖြစ်ကြောင်း သိရပါတယ်။
ဆုရရှိသူတွေကို ဝန်ကြီးဌာနရဲ့ ဒီဇင်ဘာလ (၃) ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ ဂုဏ်ပြုအခမ်းအနားမှာ ဆုတွေကို ကြေညာပြီး ချီးမြှင့်ဂုဏ်ပြုသွားမှာဖြစ်ကြောင်း NUG ရဲ့ လူမှုရေးရာ၊ အလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေး ဝန်ကြီးဌာနက ထပ်မံအသိပေးပါတယ်။
ဆုချီးမြှင့်မှုအနေနဲ့
ပထမဆု – ကျပ်ငွေ ဆယ်သိန်း (၁,၀၀၀,၀၀၀ ကျပ်)
ဒုတိယဆု – ကျပ်ငွေ ငါးသိန်း (၅၀၀,၀၀၀ ကျပ်)
တတိယဆု – ကျပ်ငွေ သုံးသိန်း (၃၀၀,၀၀၀ ကျပ်)
အထူးဆုများ – ကျပ်ငွေ တစ်သိန်း (၁၀၀,၀၀၀ ကျပ်)ဖြစ်ပြီး
ကဗျာဆု ရွေးချယ်ရေးအဖွဲ့ဝင်တွေကတော့
(၁) အောင်ဝေး
(၂) စောဝေ
(၃) သဝေ တို့ဖြစ်ကြောင်း၊
ဝတ္ထုတို၊ ဆောင်းပါးဆု ရွေးချယ်ရေးအဖွဲ့ဝင်တွေက
(၁) မသီတာ (စမ်းချောင်း)
(၂) မာန် (တောင်လုံးပြန်)
(၃) စောဝေ
(၄) မြူပါးရ်
(၅) ထွင်တို့ဖြစ်ကြောင်း အသိပေးပါတယ်။
ပြိုင်ပွဲဝင်နိုင်တဲ့ ပုဂ္ဂိုလ်တွေအနေနဲ့
(၁) မသန်စွမ်းသူများ
(၂) မသန်စွမ်းသူရဲ့ မိသားစုဝင်များ (ဥပမာ – ဉာဏ်ရည်မသန်စွမ်းသူအကြောင်းကို မိဘဖြစ်စေ၊ ညီအစ်ကိုမောင်နှမများကဖြစ်စေ ခံစားရေးဖွဲ့ပြီး ပြိုင်ပွဲဝင်ခြင်း) ပြိုင်နိုင်ကြောင်း အသိပေးပါတယ်။
စည်းကမ်းချက်အနေနဲ့
(၁) လုံခြုံရေးအရ ပြိုင်ပွဲဝင်သူတွေရဲ့ ကလောင်အမည်ကိုသာ အသုံးပြုပြီး ဆုကြေညာသွားမှာဖြစ်ကြောင်း၊
(၂) အောင်မြင်ပြီးသားဖြစ်တဲ့၊ စာပေလောကမှာ တည်ရှိပြီးသားဖြစ်တဲ့ ကလောင်အမည်တွေကို အသုံးမပြုဖို့၊
(၃) စာရေးသူကိုယ်တိုင် ရေးသားဖန်တီးထားတဲ့ စာမူသစ်တွေ ဖြစ်ဖို့၊
(၄) ဤအဖွဲ့ တစ်ဖွဲ့တည်းကိုပဲ ပြိုင်ပွဲဝင်ဖို့ ပေးပို့တဲ့ စာမူသစ်တွေဖြစ်ဖို့နဲ့ ပေးပို့ပြီးတဲ့ စာမူတွေကို အခြားပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ခြင်း မပြုဖို့။)
(၅) ပုံနှိပ်စာရွက်များပေါ်မှာလည်းကောင်း၊ Social Media တွေပေါ်မှာလည်းကောင်း တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ အားလုံးဖြစ်စေ ဖော်ပြထားတဲ့ စာမူဟောင်းတွေ မဖြစ်ရဘဲ စာမူသစ်တွေသာ ဖြစ်ဖို့၊
(၆) AI နဲ့ ရေးသားထားခြင်း ဖြစ်၊ မဖြစ်ကို အဖွဲ့က စစ်ဆေးပိုင်ခွင့်ရှိပြီး သံသယရှိပါက ရွေးချယ်မှာ မဟုတ်ကြောင်း၊
(၇) စာမူတွေဟာ အခြားသူတွေရဲ့ အခွင့်အရေးတွေကို ထိခိုက်ရေးသားတာ၊ စော်ကားတာ၊ အစွန်းရောက်တာတွေ ပါဝင်ပါက ဆုရရှိဖို့ ခက်ခဲနိုင်ကြောင်း၊
(၈) အဖွဲ့အနေနဲ့ ဆုရစာမူတွေရဲ့ မူပိုင်ခွင့်ကို ပိုင်ဆိုင်မှာဖြစ်ပြီး မူရင်းကလောင်အမည်တွေကို အသုံးပြုပြီး လွတ်လပ်စွာ ဖော်ပြပိုင်ခွင့်နဲ့ ထုတ်ဝေပိုင်ခွင့်ရှိကြောင်း အသိပေးပါတယ်။
ပြိုင်ပွဲဝင် မသန်စွမ်းသူတွေရဲ့ အချက်အလက် လျှောက်လွှာမှာ
(၁) အမည်ရင်း –
(၂) ကလောင်အမည် –
(၃) ကျား / မ –
(၄) အသက် –
(၅) မသန်စွမ်းမှုအမျိုးအစား – (မသန်စွမ်းမှု တစ်ခုထက်ပိုရင် အသေးစိတ် ဖော်ပြပေးဖို့)
(၆) မသန်စွမ်းဖြစ်လာတဲ့ အချက် / အသက်အရွယ် – (ဥပမာ (၁) အသက် ၃ နှစ်ကတည်းက မသန်စွမ်းသူ၊ ဥပမာ (၂) အသက် ၂၀ နှစ်မှာ စစ်ကြောင့် ဖြစ်လာတဲ့ မသန်စွမ်းသူ)
(၇) ယှဉ်ပြိုင်လိုတဲ့ စာပေအမျိုးအစား –
(၈) လက်ရှိနေထိုင်ရာ မြို့နယ်၊ ပြည်နယ်၊ တိုင်းဒေသကြီး – (လုံခြုံရေးအရ လိပ်စာကို အတိအကျ ဖော်ပြရန် မလိုကြောင်း)
(၉) ဖုန်းနံပါတ် –
(၁၀) အီးမေးလ်လိပ်စာ –
(၁၁) ယှဉ်ပြိုင်သူရဲ့ အနုပညာဖန်တီးမှုဖြစ်ကြောင်း ဝန်ခံချက် –
အထက်ပါ အချက်အလက်လျှောက်လွှာကို သီးခြားကြိုတင် ပေးပို့ထားနိုင်သလို၊ စာမူပေးပို့တဲ့အခါမှာလည်း အတူတကွ ပေးပို့နိုင်ကြောင်း ရှင်းပြထားပါတယ်။
ပြိုင်ပွဲဝင် ကဗျာ၊ ဝတ္ထုတို၊ ဆောင်းပါးတွေကို စာသားနဲ့တိုက်ရိုက်ရေးသားတာ၊ ဓာတ်ပုံရိုက်ပို့တာ၊ Scan ဖတ်တာ၊ PDF file ပြုလုပ်တာ စတဲ့ နည်းလမ်းတစ်ခုကို ရွေးချယ်အသုံးပြုပြီး အောက်ပါ ဆက်သွယ်ရေးနည်းလမ်းတွေကတဆင့် နိုဝင်ဘာလ (၂၆) ရက်၊ ၂၀၂၆ ခုနှစ်၊ မြန်မာစံတော်ချိန် ညနေ (၆) နာရီ နောက်ဆုံးထား ပေးပို့နိုင်ကြောင်း ဖော်ပြထားပါတယ်။
ယှဉ်ပြိုင်လိုသူရဲ့ အချက်အလက်တွေနဲ့ စာမူပေးပို့ဖို့
Google Form – https://forms.gle/t19jZYZ52dmhRQcb8
Email – yehtut.mmr@gmail.com (အထွေထွေအတွင်းရေးမှူး ဦးရဲဝင်း၏ အီးမေးလ်)
Facebook Messenger – https://www.facebook.com/Myanmar.CERP21
Facebook Page Name – Myanmar Coordination Initiative for Equal Rights of PWDs
စတဲ့ အင်တာနက်လိပ်စာတွေ ဖော်ပြထားပါတယ်။




















































