နိုဝင်ဘာ -၄ ၊၂၀၂၆၊နိုင်ပကောင်း/People’s Spring
မြန်မာဘက်ခြမ်းကတိုက်ပွဲအတွင်းလက်နက်ကြီးကျည်တွေထိုင်းဘက်ခြမ်းကျတာကြောင့် ထိုင်းစစ်တပ်အကြီးအကဲက အာဏာသိမ်းမြန်မာစစ်တပ်စစ်သံမှုးကို ခေါ်တွေ့ပြီးနောက်ရက်မှာပဲလက်နက်ကြီးကျည် ဟာ ထိုင်းနိုင်ငံ ၊မဲဆောက်မြို့၊မဟာဝမ်အုပ်စုဘက်ထပ်မံကျရောက်ခဲ့တယ်လို့ထိုင်းသတင်းဌာနအချို့ကဖော်ပြလာပါတယ်။
ပခုံးထမ်းလောင်ချာအမျိုးအစားအာပီဂျီကျည်ဖူးဟာထိုင်းဘက်ခြမ်း၊မဲဆောက်မြို့ ၊မဟာဝမ်အုပ်စုကနေအိမ် တစ်လုံးပေါ်ကျရောက်ပြီးနေအိမ်ထိခိုက်ပျက်စီးခဲ့ပေမယ့်လူသူထိခိုက်မှုမရှိဘူးလို့သိရပါတယ်။
အဲဒီလိုကျည်ထပ်မံကျရောက်တာကြောင့်ထိုင်းစစ်တပ်ကလည်းနယ်စပ်ကနေသတိပေးတုံ့ပြန်ပစ်ခတ်ခဲ့သလိုနယ်စပ်တလျောက်မှာလည်းတပ်ဖွဲ့ဝင်အင်အားတိုးချဲ့ပြီး စစ်ကားနဲ့တွေ ကင်းပတ်ခဲ့ပါတယ်။

Public Service Announcement
ထိုင်းဘက်ခြမ်းဆီလက်နက်ကြီးကျည်ကျတဲ့နိုဝင်ဘာလ ၃ ရက်က ထိုင်း – မြန်မာနယ်စပ် ၊ကရင်ပြည်နယ်၊ မြဝတီမြို့နယ် တောင်ဘက် မင်းလက်ပံဒေသမှာ အာဏာသိမ်းစစ်တပ်နဲ့ KNU ပူးပေါင်းတပ်တို့ကြားတိုက်ပွဲဖြစ်ခဲ့တာပါ။
အခုဖြစ်စဉ်မတိုင်ခင်ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း မဲဆောက်ဘက်ခြမ်း ဆီ မြန်မာဘက်ကလက်နက်ကြီးကျည်ကျပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့ပါတယ်။
ထိုင်းဘက်ခြမ်းဆီကျတဲ့ ကျည်ဟာ KNU နဲ့ PDF လက်နက်လို့ စစ်တပ်ကစွပ်စွဲထားပါတယ်။
အောက်တိုဘာလ ၃၁ ရက် ညပိုင်းမှာတော့ကရင်ပြည်နယ်၊ဖာပွန်ခရိုင် ၊ KNU တပ်မဟာ (၅) ထိန်းချုပ်နယ်မြေ သံလွင်မြစ်ဘေး က သော်လဲထာဂိတ်ကို စစ်တပ်က ဗုံးကြဲရာမှာ ပေါက်ကွဲအားကြောင့် ထိုင်းဖက်ခြမ်း မဲ့ဆရီရန်း မြို့နယ်ထဲက မဲ့ဆမ်လပ် ကျေးရွာဖက်မှာ အဆောက်အအုံတွေရဲ့ ပြတင်းပေါက်တွေ ကွဲကြေကုန်တာ အပါအဝင် ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
ထိုင်းဘက်ခြမ်းဆီ လက်နက်ကြီးကျည်ကျရောက်တာတွေအတွက် မဲဆောက်ဒေသခံတွေက ထိုင်းအစိုးရအနေနဲ့ လုံခြုံရေးဆောင်ရွက်ပေးဖို့ ဆန္ဒပြတာတွေရှိခဲ့တာပါ။
အဲဒီနောက်မှာတော့နိုဝင်ဘာလ ၂ ရက်မှာ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာစစ်သံမှူး ကို ထိုင်းစစ်ဦးစီးချုပ် က ခေါ်ယူတွေ့ဆုံတာတွေရှိလာပါတယ်။
တဆက်တည်းမှာပဲ ထိုင်းလေတပ်ကအမေရိကန်ထုတ် F -16 တိုက်လေ ယာဉ်သုံးပြီး နယ်စပ်မှာ ကင်းလှည့်ပါတယ်။
ထိုင်းဝန်ကြီးချုပ်ကတော့နယ်စပ်အနီး ဖြစ်ပွားတဲ့ မြန်မာဘက်က တိုက်ပွဲတွေကြောင့်ထိုင်းပြည်သူတွေ ရဲ့စိုးရိမ်ပူပန်မှုတွေကို မြန်မာဘက်ဆီ တရားဝင်အကြောင်းကြားထားပြီးဖြစ်သလို မြန်မာဘက်က ပဋိပက္ခတွေဟာ ထိုင်းပိုင်နက်နဲ့ ထိုင်းပြည်သူတွေအပေါ် သက်ရောက်မှုမရှိစေရဘူးလို့ ပြောထားပါတယ်။
ကိုးကား – Maesot Media



















































