နိုဝင်ဘာ-၄၊၂၀၂၆။People’s Spring
ရိုဟင်ဂျာတွေကို လူမျိုးသုဉ်း သတ်ဖြတ်ကြောင်း မြန်မာအပေါ် စွပ်စွဲထားတဲ့ အမှုကို နိုဝင်ဘာ ၁၉ ရက်မှာ အပြီးသတ် ဆုံးဖြတ်ချက် ချမှတ်မယ်လို့ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ)က ထုတ်ပြန်ခဲ့ပါတယ်။
နိုဝင်ဘာ ၃ ရက်နေ့တုန်းက ICJရဲ့ ကြေညာချက်မှနယ်သာလန်နိုင်ငံ၊ ဟိဂ်မြို့က ငြိမ်းချမ်းရေး နန်းတော်မှာ နိုဝင်ဘာ ၁၉ ရက်နေ့၊ ဒေသစံတော်ချိန် မနက် ၁၀ နာရီကစပြီး ICJ ရဲ့ အပြီးသတ် ဆုံးဖြတ်ချက်ကို အများပြည်သူရှေ့ဖတ်ကြားပြသွားမယ်လို့ပါရှိခဲ့ပါတယ်။
စီရင်ချက်ကိုတော့ ICJ တရားသူကြီး အီဝါဆာဝါ ယူဂျီက တာဝန်ယူ ဖတ်ကြားသွားမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာအပေါ် လူမျိုးသုဉ်း သတ်ဖြတ်မှုတွေ ရှိနေပြီး ကုလသမဂ္ဂရဲ့ ဂျီနိုဆိုက် ကွန်ဗန်းရှင်း သဘောတူညီမှုတွေကို ချိုးဖောက်ခဲ့တယ်လို့ စွပ်စွဲပြီး ဂမ်ဘီယာ အစိုးရက ၂၀၁၉ နှောင်းပိုင်းတုန်းက ICJမှာ တရားစွဲထားခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement
မြန်မာနိုင်ငံက ကျူးလွန်နေတဲ့ လူမျိုးသုဉ်း သတ်ဖြတ်မှုတွေ ချက်ချင်း ရပ်တန့်ပေးရေး၊ နစ်နာသူ လူ့အဖွဲ့အစည်းတွေအတွက် ပြန်လည် ကုစားပေးရေး၊ နောက်ထပ် အလားတူ ကျူးလွန်မှုတွေ ဖြစ်မလာအောင် အာမခံချက် ရရှိစေရေး ဆိုတာတွေကို ဂမ်ဘီယာ အစိုးရက ICJဆီ လျှောက်ထား တောင်းဆိုခဲ့ပါတယ်။ နောက်တော့ အရေးပေါ် ကြားဖြတ် အစီအမံတွေ ချမှတ်ပေးဖို့ ဂမ်ဘီယာရဲ့ တောင်းဆိုမှုကြောင့် ICJက ၂၀၂၀ နှစ်ဆန်းပိုင်းမှာ မြန်မာနိုင်ငံ လိုက်နာရမယ့် ညွှန်ကြားချက် တချို့ကို ချမှတ်ပေးခဲ့ပါတယ်။
မြန်မာဖက်က တုံ့ပြန်ရာမှာတော့ ICJက အမှုကို လက်ခံ စစ်ဆေးပိုင်ခွင့် ရှိမရှိ၊ ဂမ်ဘီယာရဲ့ တရားစွဲဆိုမှုကို လက်ခံနိုင်ခွင့် ရှိမရှိ ဆိုတာတွေကို အဓိက မီးမောင်းထိုးပြီး တုံ့ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၂၂ နှစ်လယ်မှာတော့ ICJက ဂမ်ဘီယာရဲ့ တရားစွဲဆိုမှုက လုပ်ပိုင်ခွင့် မှန်ကန်သလို ခုံရုံးကလည်း တာဝန်ယူ စစ်ဆေးပိုင်ခွင့် ရှိတယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။
နောက်ပိုင်းမှာတော့ မြန်မာနဲ့ ဂမ်ဘီယာတို့ဟာ ICJဆီကို အပြန်အလှန် လျှောက်လဲချက်တွေ တင်သွင်းခဲ့ပါတယ်။ အခု အမှုမှာ နိုင်ငံပေါင်း ၁၁ ခုက ကြားဝင် ဆောင်ရွက်သူတွေအဖြစ် ပါဝင်ထားကြောင်းလည်း ICJရဲ့ နိုဝင်ဘာ ၃ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကိုးကား: ICJ





















































