အမေရိကန်ရဲ့ သက်တမ်းဝက် ရွေးကောက်ပွဲမှာတော့ အတိုက်အခံ ဒီမိုကရက်တစ် ပါတီဟာ လွှတ်တော် နှစ်ရပ်စလုံးကို ပြန်လည် ထိန်းချုပ်နိုင်ဖို့ သေချာသလောက် ရှိလာပြီ ဖြစ်ပါတယ်။
အမေရိကန်ရဲ့ အဓိက အာဏာမဏ္ဍိုင် သုံးရပ်ဖြစ်တဲ့ အိမ်ဖြူတော် (သမ္မတနေရာ)၊ အထက်လွှတ်တော်၊ အောက်လွှတ်တော်တွေ အားလုံးကို ရီပတ်ဘလစ်ကန် ပါတီက ထိန်းချုပ်ထားနိုင်ခဲ့ပေမယ့် နိုဝင်ဘာ ၃ ရက်နေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ အပြီးမှာတော့ လွှတ်တော်နှစ်ရပ်ကို ဒီမိုကရက်တစ် ပါတီက အင်အား အသာစီးနဲ့ ပြန်လည် ထိန်းချုပ်လာနိုင်တော့မယ့် သဘောပါပဲ။
လွန်ခဲ့တဲ့ တစ်နှစ်လောက်တုန်းကအထိ အခြေအနေ အရတော့ ဒီလို အောင်မြင်မှုမျိုးဟာ ဒီမိုကရက်တစ် ပါတီအတွက် မမျှော်လင့်ရဲစရာ ဖြစ်ခဲ့ပါတယ်။ ဒီမိုကရက်တစ် ပါတီဟာ အထက်လွှတ်တော်ကို အင်အား အသာစီးယူ ထိန်းချုပ်နိုင်ဖို့အတွက် ရီပတ်ဘလစ်ကန်တွေဆီကနေ အနည်းဆုံး အမတ်နေရာ ၄ ခု ပြန်ရယူနိုင်ဖို့နဲ့ တစ်သီးပုဂ္ဂလ မဟာမိတ် အမတ်တွေရဲ့ ဆက်လက် ထောက်ခံမှုတွေကို လိုအပ်ခဲ့ပါတယ်။
ဒါပေမဲ့ နိုဝင်ဘာ ၃ ရက် ရွေးကောက်ပွဲ ရလဒ်မှာတော့ ဒီမိုကရက်တစ် ပါတီဟာ ရီပတ်ဘလစ်ကန်တွေဆီက အထက်လွှတ်တော် အမတ်နေရာ ၆ ခုထိ ရအောင် ယူနိုင်ခဲ့ကြောင်း အမေရိကန် သတင်းတွေအရ သိရပါတယ်။ ဒါကြောင့် မဟာမိတ် တစ်သီးပုဂ္ဂလ နှစ်ဦးနဲ့ မပေါင်းသေးခင်မှာတင် ဒီမိုကရက်တစ် ပါတီဟာ အထက်လွှတ်တော် အမတ်နေရာ ၁၀၀ ထဲက အင်အား အသာစီးအဖြစ် ၅၁ နေရာထိ ရယူနိုင်တော့မှာ ဖြစ်ပါတယ်။

Public Service Announcement
တစ်ချိန်တည်းမှာပဲ အောက်လွှတ်တော် အမတ်နေရာတွေအတွက် မဲတွေကို ဆက်လက် ရေတွက်နေပေမယ့် ဒီမိုကရက်တစ် ပါတီပဲ အနိုင်ရမယ့် လမ်းကြောင်းက သိသိသာသာ မြင်သာလာနေပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲအလွန် ကာလမှာ ထရမ့် အစိုးရကို လွှတ်တော်က တန်ပြန် ထိန်းကွပ်နိုင်စွမ်း အများကြီး တိုးလာတော့မယ့် အဓိပ္ပါယ် ဖြစ်ပါတယ်။ ထရမ့်ဟာ ၂၀၂၄ ရွေးကောက်ပွဲမှာ လူကြိုက်များခဲ့ပေမယ့်လည်း အီရန်စစ်ပွဲ ဆင်နွှဲခဲ့တာ၊ စီးပွားရေး မူဝါဒတွေမှာ လူကြိုက်နည်း လာတာတွေကြောင့် သူ့ရဲ့ပါတီအပေါ် ထိခိုက်သက်ရောက်မှုတွေ ရှိလာခဲ့တာပါ။
ဒီမိုကရက်တစ် ပါတီရဲ့ အထက်လွှတ်တော် အမတ်လောင်းတွေဟာ အိုင်အိုဝါ၊ ကန်းဆက်စ်၊ မြောက်ကာရိုလိုင်းနား၊ အိုဟိုင်ယို၊ တောင်ကာရိုလိုင်းနား၊ တက္ကဆက်စ် ပြည်နယ်တွေမှာ အောင်ပွဲခံပြီး ပြိုင်ဘက်ဆီက လွှတ်တော်အမတ် နေရာတွေကို လက်လွှဲယူနိုင်ခဲ့ကြတာ ဖြစ်ပါတယ်။
ထရမ့်နဲ့ ရီပတ်ဘလစ်ကန် ပါတီတို့ဟာ လွှတ်တော်နှစ်ရပ်၊ အထူးသဖြင့် အထက်လွှတ်တော်ကို အင်အား အသာစီးနဲ့ ထိန်းချုပ်ခွင့် မဆုံးရှုံးရစေဖို့ အစွမ်းကုန် မဲဆွယ်၊ ကြိုးစားခဲ့ကြပေမယ့် ခါးသီးတဲ့ ရလဒ်ကိုပဲ ကြုံတွေ့ခဲ့တာ ဖြစ်ပါတယ်။ ထရမ့်က လွှတ်တော်နှစ်ရပ်စလုံးကို ရီပတ်ဘလစ်ကန်ပါတီ ဆက်လက် ထိန်းချုပ်ထားနိုင်မယ်ဆိုရင် အရွယ်ရောက်ပြီး အမေရိကန်ပြည်သူ တစ်ဦးစီအတွက် ဒေါ်လာ ၅၀၀၀ စီ ထုတ်ပေးမယ် ဆိုတာမျိုးပါ ကြေညာခဲ့ဖူးပါတယ်။
အောက်တိုဘာ လလယ်လောက်တုန်းက Fox သတင်းဌာနက ကောက်ယူတဲ့ လူထုအမြင် စစ်တမ်းတစ်ခုမှာ ထရမ့်အပေါ် လူထုထောက်ခံမှုဟာ ၃၆ ရာခိုင်နှုန်းသာ ကျန်တော့တဲ့ထိ စံချိန်တင် ကျဆင်းခဲ့ပါတယ်။ ပြီးတော့ ရီပတ်ဘလစ်ကန် ထောက်ခံသူအဖြစ် ကိုယ့်ကိုယ်ကိုယ် သတ်မှတ်ထားသူတွေ ကြားမှာကို ထရမ့်အပေါ် လူကြိုက်များမှုက ထိုးကျသွားခဲ့တာလို့လည်း သိရပါတယ်။
ကိုးကား: The Hill





















































