နိုဝင်ဘာ ၄၊ ၂၀၂၆။မေရီ/People’s Spring
မန္တလေးမြို့မှာ မိုးများချိန် ရေမြောင်းဆင်းဆယ်တဲ့ နေ့စားဝန်ထမ်းတစ်ဦး ရေမြာင်းထဲ ပိတ်မိသွားလို့ ကယ်ဆယ်ခဲ့ရကြောင်း သတင်းရရှိပါတယ်။
ဒီကနေ့ နိုဝင်ဘာ ၄ ရက် မနက် ၉ နာရီခန့်က မန္တလေးမြို့မှာ မိုးသည်းထန်စွာ ရွာသွန်းနေချိန် ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းရိပ်သာအရှေ့ရပ်ကွက်၊ ၈၃ လမ်း၊ ၃၄လမ်းထောင့်မှာ မိုးရွာသွန်းမှုကြောင့် ရေမြောင်းပိတ်ဆို့နေခဲ့ရာ အမျိုးသား(၁)ဦးဟာ ရေမြောင်းဆင်းဆယ်ရာကနေ ရေစီးနဲ့ တစ်ဖက်အပေါက်မှာ ပိတ်မိနေခဲ့ကြောင်း သိရပါတယ်။
ပိတ်မိတဲ့အမျိုးသားကို မီးသတ်နဲ့ လူမှုကူညီရေးအဖွဲ့တွေနဲ့ လူအင်အားသုံးကာ ကယ်ဆယ်ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Public Service Announcement
“ပိတ်မိတာက စည်ပင်နေ့စားဝန်ထမ်းပါ။ အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့တယ်”လို့ ကယ်ဆယ်ရေးအဖွဲ့နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
မန္တလေးမြို့မှာ ဒီကနေ့မနက်ပိုင်းက မိုးရွာသွန်းမှုများပြားခဲ့တာကြောင့် လမ်းမတွေပေါ်မှာ မိုးရေတွေ ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
မန္တလေးမြို့တော်စည်ပင်က သန့်ရှင်းရေး၊ ရေပေးဝေရေး၊ ပန်းဥယျာဉ်နဲ့ လမ်းတံတားပြင်ဆင်ရေးဌာနတွေမှာ နေ့စားဝန်ထမ်းတွေခန့်ထားပြီး အခြေခံလုပ်ခဟာ နည်းပါးတဲ့အပြင် လုပ်ငန်းခွင်ဘေးအန္တရာယ်တွေပါ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။




















































