အောက်တိုဘာ ၂၉၊ ၂၀၂၆။ ထားမြတ် / People’s Spring
သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလအစည်းအဝေးမှာ ကိုင်ပြောခဲ့တဲ့ ပဝါပေါ် ရေးထားတဲ့ အမည်တွေကတစ်ဆင့် ထွက်ပေါ်လာတဲ့ အသံတွေကို နားထောင်ပေးကြဖို့၊ မြန်မာပြည်သူတွေအတွက် လူသားချင်း စာနာစိတ် ရှိကြဖို့ ထိုင်းလွှတ်တော်အမတ်ဟောင်း ကန်နဝီဆွပ်ဆဲင်က ဒီကနေ့မှာ ပြောကြားပါတယ်။
ပဝါပေါ် ရေးထားတဲ့ အမည်တွေဟာ အာဏာသိမ်း စစ်အုပ်စုရဲ့ အကြမ်းဖက် သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရသူတွေရဲ့ အမည်တွေ ဖြစ်ကြောင်း ထိုင်းလွှတ်တော်အမတ်ဟောင်း ကန်နဝီက ရှင်းပြပြီး မြန်မာပြည်သူတွေကို အကာအကွယ် ပေးဖို့၊ လူသားစိတ် ရှိကြဖို့နဲ့ စစ်အုပ်စုရဲ့ မြန်မာပြည်သူတွေအပေါ် သတ်ဖြတ်နေမှုကို ရပ်တန့်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။
နွေဦးတော်လှန်ရေးမှာ ကျဆုံးသွားတဲ့ သူရဲကောင်းတွေနဲ့ ပြည်သူတွေရဲ့ နာမည်တွေ ရေးထိုးထားတဲ့ ပုဝါအကြောင်းကို သံအမတ်ကြီး ဦးကျော်မိုးထွန်းက အောက်တိုဘာ ၂၇ ရက်မှာ လုပ်တဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံ၊ တတိယ ကော်မတီရဲ့ လူ့အခွင့်အရေး ကာကွယ် မြှင့်တင်ရေးဆိုင်ရာ အစည်းအဝေး ခန်းမထဲကို ယူဆောင်ကာ ပဝါအကြောင်း ပြောပြခဲ့တာ ဖြစ်ပါတယ်။ ပဝါဟာ ဖက်ရှင် အသုံးအဆောင် သက်သက် မဟုတ်ဘဲ ပုဝါပေါ်မှာ ကြွေလွင့်သူရဲကောင်းတွေ၊ အပြစ်မဲ့ ပြည်သူတွေရဲ့ နာမည်တွေကို ရေးထိုးထားကြောင်း ဦးကျော်မိုးထွန်းက ပြောကြားခဲ့စဉ် မျက်ရည်ကျခဲ့တဲ့ ဖြစ်ရပ်အပေါ် ထိုင်းအမတ်ဟောင်းက သူ့ရဲ့ ဖေ့စ်ဘွတ်ခ်ကတစ်ဆင့် ပြန်လည် ရှင်းလင်း ရေးသားခဲ့တာပါ။

Public Service Announcement
“အဲဒီပဝါပေါ်က သေဆုံးခဲ့ရသူတွေရဲ့ အမည်တွေဟာ ဘာကို ဆိုလိုသလဲဆိုတာ ခဏရပ်ပြီး အတူတကွ စဉ်းစားကြဖို့ ဖိတ်ခေါ်ချင်ပါတယ်။ ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂမှာ မြန်မာပြည်သူတွေရဲ့ ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်နိုင်ဖို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) က ထောက်ခံ ပံ့ပိုးထားပါတယ်။ အဲဒီအမည်တွေဟာ စာလုံးတွေ သက်သက် မဟုတ်ပါဘူး။ မိသားစုတွေ၊ မျှော်လင့်ချက်တွေ၊ အနာဂတ်တွေ ရှိခဲ့တဲ့ လူတွေရဲ့ အသက်တွေပါ။ အသက် အငယ်ဆုံးက ၂ လသားပဲ ရှိသေးပြီး အသက်အကြီးဆုံးက ၁၀၅ နှစ်ပါ။ သူပြောခဲ့သလိုပဲ မြန်မာစစ်အုပ်စုရဲ့ ကျည်ဆန်တွေနဲ့ ဗုံးတွေကြောင့် ဖြစ်ပွားတဲ့ အကြမ်းဖက်မှုအတွင်း အသက်အရွယ်မရွေး လူတွေ အသက် ဆုံးရှုံးခဲ့ကြရပါတယ်” လို့ ထိုင်းအမတ်ဟောင်းက ရှင်းပြထားပါတယ်။
အပြစ်မဲ့သူတွေရဲ့ အသက်တွေနဲ့ လဲလှယ်ရမယ်ဆိုရင် ရလာတဲ့အာဏာက ဘာ အဓိပ္ပာယ် ရှိတော့မှာလဲလို့ ထိုင်းအမတ်က ပြောကြားပြီး ဆုံးရှုံးခဲ့ရသူတွေရဲ့ အသံကို ဘယ်သူမှ နားမထောင်ကြဘူးဆိုရင် အကြမ်းဖက်မှုတွေ ဘယ်လို အဆုံးသတ်နိုင်မှာလဲလို့ မေးခွန်းထုတ်ထားပါတယ်။ သူက ဦးကျော်မိုးထွန်း ကုလသမဂ္ဂမှာ ပဝါအကြောင်း ပြောပြရင် ဝမ်းနည်း မျက်ရည်ကျခဲ့တဲ့ ဗီဒီယိုဖိုင်ကိုလည်း ပြန်လည် မျှဝေထားပါတယ်။
“ပြည်သူတွေကို ညှဉ်းပန်း နှိပ်စက်တာ၊ သတ်ဖြတ်တာနဲ့ ဖိနှိပ် နှိမ်နင်းတာတွေကို ရပ်တန့်ဖို့ တောင်းဆိုပါတယ်။ အဲဒီပုဝါပေါ်က အမည်တစ်ခုစီရဲ့ နောက်ကွယ်မှာ “လူတစ်ယောက်” ရှိနေပြီး “အသက်တိုင်းမှာ တန်ဖိုးရှိတယ်” ဆိုတာကို အားလုံး မြင်တွေ့ကြပါစေ” လို့ သူက ဆက်ပြောပါတယ်။
ငြိမ်းချမ်းရေး လမ်းစ ဖွင့်ပေးနိုင်ဖို့ ကြားဝင် ညှိနှိုင်းသူအဖြစ် ပါဝင် ဆောင်ရွက်ပေးရန် ထိုင်းအစိုးရကို ဆက်လက် တောင်းဆိုသွားမယ်လို့လည်း သူက အသိပေးပါတယ်။
“ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံနဲ့ နီးကပ်ပြီး သက်ဆိုင်သူ အားလုံးကို ညှိနှိုင်းပေးနိုင်တဲ့ အခန်းကဏ္ဍလည်း ရှိပါတယ်။ နောက်ထပ် အသက် ဆုံးရှုံးမှုတွေကို ကာကွယ်ဖို့၊ နိုင်ငံတကာ ဆက်ဆံရေးမှာ လူတွေရဲ့ အသက်အပေါ် စိုးရိမ်ပူပန်မှုလည်း အခြေခံနိုင်ကြောင်း ပြသဖို့ ထိုင်းနိုင်ငံက ဒီအခန်းကဏ္ဍကို အသုံးချတာ မြင်ချင်ပါတယ်” လို့ ထိုင်းအမတ်ဟောင်းက ပြောပါတယ်။
မြန်မာစစ်တပ်နဲ့ မင်းအောင်လှိုင်ကို သွားရောက် ဆွေးနွေးနေတဲ့ အင်အားကြီး နိုင်ငံတွေဟာ ကိုယ့် အကျိုးစီးပွားကို ရှေ့တန်းတင်ကြတာ ဖြစ်ပေမဲ့ ထိုင်းနိုင်ငံကတော့ အဲဒီနိုင်ငံတွေနဲ့ တူရမှာ မဟုတ်ကြောင်း သူက ပြောပါတယ်။
“မြန်မာပြည်သူတွေနဲ့ သူတို့ရဲ့ အသက်အိုးအိမ် ထိခိုက် ဆုံးရှုံးမှုတွေကို ကျွန်တော်တို့ မြင်တွေ့နေရပါတယ်။ အသက်ဘေးကနေ ထွက်ပြေးလာသူတွေကို ကျွန်တော်တို့ မြင်တွေ့နေရပါတယ်။ သေဘေးကနေ ထွက်ပြေးလာရသူတွေကို ကျွန်တော်တို့ လက်ခံပေးနေပါတယ်။ ကျွန်တော်တို့ ခံစားတာက လူသားချင်း စာနာစိတ်ပါ၊ အကျိုးစီးပွား မဟုတ်ပါဘူး။ ထိုင်းပြည်သူတွေရဲ့ လူသားဆန်မှုအပေါ် ကျွန်တော် ယုံကြည်နေဆဲပါ။ အဲဒီပဝါပေါ်က အမည်တွေရဲ့ အသံတွေကို တိတ်ဆိတ် ပျောက်ကွယ်သွားခွင့် မပြုဘဲ လူသားစိတ် ကျန်ရှိနေသေးသူတွေရဲ့ ရင်ထဲမှာ ဆက်လက် ပဲ့တင်ထပ်နေစေချင်ပါတယ်” လို့ သူက ရေးသားထားပါတယ်။
ကန်နဝီဟာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ၂၀၂၁ ခုနှစ်မှာ နိုင်ငံရေးလောကထဲ စတင် ဝင်ရောက်ခဲ့သူ ဖြစ်ပါတယ်။ ၂၀၂၃ မေလမှ ၂၀၂၅ ဒီဇင်ဘာအထိ အောက်လွှတ်တော်အမတ်အဖြစ် ရွေးကောက် တင်မြှောက်ခံရပြီး တာဝန် ထမ်းဆောင်ခဲ့ပါတယ်။ သူဟာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး စစ်အုပ်စုရဲ့ လုပ်ရပ်တွေကို ဆန့်ကျင်ကာ မြန်မာပြည်သူတွေဘက် ရည်တည်ကြောင်း မကြာခဏ ထုတ်ဖော် ပြောကြား ပြသနေသူ ဖြစ်ပါတယ်။
ဒါကြောင့်လည်း ၂၀၂၆ ခုနှစ်အတွင်း ပြည်သူ့ဂုဏ်ရည်ဆု ပေးပွဲမှာ ကန်နဝီကို ဆု ချီးမြှင့် ဂုဏ်ပြုခဲ့ကြပါတယ်။





















































