စွမ်းအင် ချွေတာမှု နည်းလမ်းတစ်ခုအဖြစ် လည်စည်း (Tie)တွေ မဝတ်ကြဖို့ စပိန်ဝန်ကြီးချုပ်က ပြည်သူတွေကို တိုက်တွန်း ပြောကြားခဲ့ပါတယ်။
ဝန်ကြီးချုပ် ပက်ဒရို ဆန်းချက်ဇ်က အစိုးရနဲ့ ပုဂ္ဂလိက အမှုထမ်းတွေ အပါအဝင် စပိန်နိုင်ငံသား အားလုံးကို အရေးပေါ် စွမ်းအင်ချွေတာမှု အကြံပြုချက်တွေကို လိုက်နာ ကျင့်သုံးပေးကြဖို့ တိုက်တွန်းခဲ့ပါတယ်။ အဲဒီထဲမှာ လည်စည်းတွေ မဝတ်ကြဖို့လည်း ပါတယ်လို့ သူက ဆိုတယ်။
ယူကရိန်း စစ်ပွဲကို အကြောင်းပြုပြီး စပိန် အပါအဝင် ဥရောပ နိုင်ငံ အတော်များများဟာ ရုရှားဆီက စွမ်းအင် တင်သွင်း ဝယ်ယူမှုကို လျှော့ချဖို့ ကြိုးစားနေပါတယ်။ တစ်ချိန်တည်းမှာပဲ ဥရောပတိုက်ရဲ့ ပျမ်းမျှ အပူချိန်က မြင့်တက်လာနေပြီး ဇူလိုင် ၂၉ ရက်က မက်ဒရစ် မြို့တော်ရဲ့ နေ့အပူချိန်ဟာ ၃၆ ဒီဂရီ ဆဲလ်ဆီးရပ်စ်၊ ဆဗီးလားမြို့ရဲ့ နေ့အပူချိန်ဟာ ၃၉ ဒီဂရီ ဆဲလ်ဆီးရပ်စ်ထိ အသီးသီး ရောက်ရှိခဲ့ပါတယ်။
အလွန်အကျွံ ပူပြင်းလာတဲ့အတွက် အဲကွန်း အသုံးပြုရတာ ပိုများလာသလို အစိုးရ အနေနဲ့ စွမ်းအင်ချွေတာရေး အရေးပေါ် အစီအမံ လမ်းညွှန်ချက်တွေကို ထုတ်ပြန်ဖို့ လိုအပ်လာပါတယ်။ မက်ဒရစ်က သတင်းစာ ရှင်းလင်းပွဲ တစ်ခုမှာ ဆန်းချက်ဇ်က သူကိုယ်တိုင် လည်စည်း ဝတ်မလာတာကို ပြသခဲ့ပြီး ဝန်ကြီးတွေနဲ့ တခြား အမှုထမ်းတွေလည်း ဒီလို ဝတ်ဆင်မှုပုံစံ ပြောင်းလဲကြဖို့ တိုက်တွန်းခဲ့ပါတယ်။
လည်စည်း မဝတ်တဲ့အခါ အပူဒဏ်လည်း သက်သာကြောင်း၊ ဒါဆိုရင် စွမ်းအင် သုံးစွဲမှုကိုလည်း လျှော့ချနိုင်မှာဖြစ်ကြောင်း ဆန်းချက်ဇ်က ဆိုပါတယ်။ နောက်ပြီး လူတွေ အနေနဲ့ လက်ရှိ ကာလမှာ အရမ်း စမတ်ကျကျ ဝတ်ဆင်ဖို့ထက် အပူဒဏ် သက်သာမယ့် အဝတ်အထည်တွေကို ပိုပြီး အလေးပေး ရွေးချယ်ကြဖို့လည်း ပြောကြားသွားပါတယ်။

Public Service Announcement
အပူဒဏ် လျှော့ချဖို့အတွက် ဝတ်စားဆင်ယင်မှု ပြောင်းလဲဖို့ အကြံပေးခဲ့တာ စပိန် အစိုးရက ပထမဆုံးတော့ မဟုတ်ပါဘူး။ ၂၀၁၁ တုန်းက ဂျပန်မှာလည်း Super Cool Bizဆိုတဲ့ လှုပ်ရှားမှုကို အစိုးရက ဖော်ဆောင်ခဲ့ပြီး နွေရာသီမှာ အပူသက်သာတဲ့ အဝတ်အထည်တွေ ဝတ်ကြဖို့ အစိုးရနဲ့ ပုဂ္ဂလိက ဝန်ထမ်းတွေကို တိုက်တွန်းခဲ့ပါတယ်။
စပိန် အစိုးရဟာ စွမ်းအင် ချွေတာမှုဆိုင်ရာ အထူးအမိန့် တစ်ရပ်ကိုလည်း လာမယ့် သီတင်းပတ် အစောပိုင်းမှာ ထုတ်ပြန်သွားဖွယ် ရှိနေပါတယ်။ လောလောဆယ်တော့ စပိန် အပါအဝင် ဥရောပ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေဟာ ပြန်လည်သန့်စင် အသုံးပြုနိုင်တဲ့ စွမ်းအင် နည်းပညာကို ပိုမိုမှီခိုဖို့ အစီအမံတွေ ချမှတ် လုပ်ဆောင်နေကြောင်း သိရပါတယ်။
