Connect with us

Hi, what are you looking for?

နိုင်ငံတကာ

လွှတ်တော်နဲ့ တရားရုံးချုပ်ကို ဝင်စီးနင်းသူတွေကို လုံးဝ ခွင့်မလွှတ်ဘူးလို့ ဘရာဇီး သမ္မတပြော

ပြင်သစ် သမ္မတ အီမန်နျူရယ်လ် မာခရွန်ကလည်း ဘရာဇီး ပြည်သူတွေနဲ့ ဒီမိုကရေစီ စနစ်အပေါ် လေးစားမှုရှိဖို့ တောင်းဆိုခဲ့ပြီး လူလာကို အစွမ်းကုန် ထောက်ခံ အားပေးသွားမယ်လို့ ကတိပြုခဲ့ပါတယ်။

လွှတ်တော်နဲ့ တရားရုံးချုပ်ကို ဝင်စီးနင်းသူတွေကို လုံးဝ ခွင့်မလွှတ်ဘူးလို့ ဘရာဇီး သမ္မတပြော
လွှတ်တော်နဲ့ တရားရုံးချုပ်ကို ဝင်စီးနင်းသူတွေကို လုံးဝ ခွင့်မလွှတ်ဘူးလို့ ဘရာဇီး သမ္မတပြော

လွှတ်တော်နဲ့ တရားရုံးချုပ် အဆောက်အအုံထဲ ကျူးကျော် စီးနင်းပြီး ဖျက်လိုဖျက်ဆီး ပြုမူခဲ့သူတွေကို လုံးဝ ခွင့်မလွှတ်ဘဲ ထိုက်တန်တဲ့ ပြစ်ဒဏ်တွေ စီရင်သွားမယ်လို့ ဘရာဇီး သမ္မတ လူးဝစ်ဇ် အင်နာရှိုူ လူလာ ဒါဆေးလ်ဗားက ပြောကြားလိုက်ပါတယ်။

အောက်တိုဘာ ရွေးကောက်ပွဲမှာ အရေးနိမ့်သွားခဲ့တဲ့ ဘရာဇီး သမ္မတဟောင်း ဂျဲရ် ဘော်လ်ဆိုနာရိုကို အားပေး ထောက်ခံတဲ့ လက်ယာစွန်း အမျိုးသားရေး ဝါဒီတွေက မြို့တော် ဘရာစေလီယာမှာရှိတဲ့ လွှတ်တော်ရော၊ အနားက တရားရုံးချုပ်ကိုပါ အကြမ်းပတမ်း ဝင်ရောက် စီးနင်းခဲ့ကြပါတယ်။ အဲဒီ အဆောက်အအုံတွေထဲမှာတော့ ဘော်လ်ဆိုနာရိုရဲ့ အမာခံ အားပေးသူတွေက ဖျက်လိုဖျက်ဆီး ကိစ္စတွေ လုပ်ဆောင်နေတာကိုလည်း တွေ့ရပါတယ်။

ဘရာစေလီယာ ရဲတပ်ဖွဲ့နဲ့ တခြား လုံခြုံရေး တပ်ဖွဲ့ဝင်တွေဟာ မျက်ရည်ယို ဗုံးတွေပါ အသုံးပြုပြီး စီးနင်း ကျူးကျော်သူတွေကို လူစုခွဲ ဖြိုခွင်းခဲ့ရပါတယ်။ နာရီတွေနဲ့ချီ ကြာမြင့်ပြီးတဲ့နောက် ညနေပိုင်းမှာ ရဲတွေက လွှတ်တော်ကိုရော၊ တရားရုံးချုပ်ကိုပါ ပြန်လည် ထိန်းချုပ်နိုင်ခဲ့ပါတယ်။

လူလာဟာ တရားရုံးချုပ်ကို ကိုယ်တိုင် သွားရောက်ပြီး ဘယ်လောက်ထိ ဆိုးဆိုးရွားရွား ထိခိုက် ပျက်စီးမှုတွေ ဖြစ်ခဲ့သလဲ ဆိုတာကို စစ်ဆေး ကြည့်ရှုခဲ့ပါတယ်။ အဲဒီနောက် ကျူးလွန်သူတွေကို ဥပဒေနဲ့အညီ ထိထိရောက်ရောက် အပြစ်ပေးဖို့ သမ္မတက ညွှန်ကြားခဲ့တာပါ။ လက်ရှိ အချိန်ထိတော့ အမျိုးသမီးတွေ အပါအဝင် လွှတ်တော်ထဲ တရားလက်လွတ် ဝင်ရောက် စီးနင်းခဲ့သူ ၃၀၀ လောက်ကို ဖမ်းမိထားပြီလို့ ရဲတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒီဖြစ်စဉ်တွေအပြီး မြို့တော်ရဲ့ စီမံအုပ်ချုပ်ရေး အရာရှိ အိုင်ဘာနေစ် ရိုချာကို ရာထူးကနေ ရက်ပေါင်း ၉၀ ဆိုင်းငံ့ထားဖို့ တရားရုံးချုပ်က အမိန့် ထုတ်ခဲ့ပါတယ်။ တရားရုံးချုပ် တရားသူကြီး အလက်ဇန္ဒား ဒီမိုရေးစ်က ရိုချာဟာ ဒီလို အဓိကရုဏ်း အခြေအနေတွေ ဖြစ်မလာအောင် တားဆီးဖို့ ပျက်ကွက်ခဲ့တယ်လို့ ပြောပါတယ်။ နောက်ပိုင်းမှာတော့ ရိုချာက သူ့ရဲ့ တာဝန် လျော့ရဲမှုတွေကို ပြန်ပြီး တာဝန်ယူ တောင်းပန်ခဲ့ပါတယ်။

ဘရာဇီးက လွှတ်တော် စီးနင်းခံရမှုဟာ ၂၀၂၁ ခုနှစ်၊ နှစ်ဆန်းပိုင်းတုန်းက အမေရိကန် သမ္မတဟောင်း ဒေါ်နယ်လ်ထရမ့်ကို အားပေး ထောက်ခံသူတွေက ဝါရှင်တန်မှာ လွှတ်တော်ကို အကြမ်းပတမ်း ဝင်ရောက် ကျူးကျော် စီးနင်းကြတဲ့ ဖြစ်စဉ်ကို ပြန်လည် အမှတ်ရစေပါတယ်။

လောလောဆယ် အမေရိကန်နိုင်ငံက ဖလော်ရီဒါကို ရောက်ရှိနေတဲ့ ဘော်လ်ဆိုနာရိုကတော့ ဘရာဇီးလွှတ်တော် တိုက်ခိုက် ခံရမှုကို ရှုတ်ချခဲ့ပြီး သူနဲ့ ဘယ်လို ဆက်နွှယ်မှုမှာ မရှိဘူးလို့ ငြင်းဆိုခဲ့ပါတယ်။ ဘော်လ်ဆိုနာရိုဟာ လူလာရဲ့ ကျမ်းသစ္စာ ကျိန်ဆိုပွဲကို ရှောင်လွှဲဖို့အတွက် နှစ်သစ်ကူး ကာလ ကတည်းက ဖလော်ရီဒါကို ရောက်ရှိနေခဲ့တာ ဖြစ်ပါတယ်။

ဘော်လ်ဆိုနာရိုရဲ့ အမာခံ ဘက်တော်သားတွေက ဘရာဇီး လွှတ်တော်ကို ဝင်ရောက် စီးနင်းခဲ့တာနဲ့ ပတ်သက်လို့ ဒေသတွင်း လက်တင် အမေရိက နိုင်ငံတွေက အစိုးရတွေအပြင် နိုင်ငံတကာ အသိုက်အဝန်းကပါ ရှုတ်ချကြောင်း အသီးသီး ကြေညာချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ကလည်း လွှတ်တော်ကို စီးနင်းတယ် ဆိုတာဟာ ဘရာဇီးမှာ ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းပေးတဲ့ ဒီမိုကရေစီ စနစ်ကို ရန်မူ တိုက်ခိုက်ခြင်း ဖြစ်တယ်လို့ စွပ်စွဲပြီး ဘရာဇီးရဲ့ ဒီမိုကရေစီ အခြေခံကောင်းတွေနဲ့ ဘရာဇီး ပြည်သူတွေကို အမေရိကန်က မယိမ်းမယိုင် ထောက်ခံ ရပ်တည်နေမယ်လို့ Twitterမှာ ရေးသားသွားခဲ့ပါတယ်။

ပြင်သစ် သမ္မတ အီမန်နျူရယ်လ် မာခရွန်ကလည်း ဘရာဇီး ပြည်သူတွေနဲ့ ဒီမိုကရေစီ စနစ်အပေါ် လေးစားမှုရှိဖို့ တောင်းဆိုခဲ့ပြီး လူလာကို အစွမ်းကုန် ထောက်ခံ အားပေးသွားမယ်လို့ ကတိပြုခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ မကွေးဖက်ဒရယ်ယူနစ်၊ မန္တလေးဒေသတို့မှ အစိုးရ၊ လွှတ်တော် တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း SCEFက ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ်ရဲ့ပြည်သူ့လွှတ်တော်သဘင်ဆောင်မှာ ဇာတ်မင်းသားအောင်ဇမ္ဗူ ဇတ်အဖွဲ့သွား​ရောက်ကပြဖျော်ဖြေခဲ့ပါတယ်။

နိုင်ငံတကာ

ကမ္ဘာ့ဖလားရဲ့ အအောင်မြင်ဆုံး အသင်းဖြစ်တဲ့ ဘရာဇီးဟာ အာရှ အသင်းကောင်း ဂျပန်ကို ကျော်ဖြတ်ပြီး ၁၆ သင်း ရှုံးထွက်အဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။ နောက်ပိုင်းနှစ်တွေမှာ ဘောလုံး အဆင့်အတန်း သိသိသာသာ တိုးတက်လာပြီး အခုနှစ် ပြိုင်ပွဲမှာ ဖျက်မြင်း အသင်းတစ်သင်းအဖြစ် သတ်မှတ် ခံထားရတဲ့ ဂျပန်ဟာ...

နိုင်ငံတကာ

ဘရာဇီးနဲ့ ပွဲစဉ်မှာ ပင်နယ်တီ အဆုံးအဖြတ် ခံယူရမယ့် အခြေအနေထိကြိုတင်တွေးတော ပြင်ဆင်ထားကြောင်းဂျပန်လက်ရွေးစင် ဘောလုံးအသင်းရဲ့ နည်းပြက ပြောပါတယ်။