Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရာထူးက နုတ်ထွက်တော့မယ်လို့ နယူးဇီလန် ဝန်ကြီးချုပ် ကြေညာ

ပါတီအနေနဲ့ အားဒန်ရဲ့ အရိုက်အရာကို ဆက်ခံမယ့်သူကို မဲပေး ရွေးချယ်ရမှာ ဖြစ်ပါတယ်။ နယူးဇီလန်ဟာ အောက်တိုဘာ ၁၄ ရက်မှာ ရွေးကောက်ပွဲတွေ ကျင်းပဖို့ စီစဉ်ထားပါတယ်။

ရာထူးက နုတ်ထွက်တော့မယ်လို့ နယူးဇီလန် ဝန်ကြီးချုပ် ကြေညာ
ရာထူးက နုတ်ထွက်တော့မယ်လို့ နယူးဇီလန် ဝန်ကြီးချုပ် ကြေညာ

နယူးဇီလန် ဝန်ကြီးချုပ် ဂျက်ဆင်ဒါ အားဒန်ဟာ နောက်လထဲမှာ ရာထူးကနေ နုတ်ထွက်တော့မယ်လို့ အတည်ပြု ကြေညာခဲ့ပါတယ်။

သူဟာ သမုဒ္ဒရာပိုင်းဇုန်က ကျွန်းစုနိုင်ငံကို စိန်ခေါ်မှုတွေ ပြင်းထန်လွန်းတဲ့ ၆ နှစ်ကြာ ကာလပတ်လုံး ဦးဆောင်ခဲ့ပြီးတဲ့နောက် အခုဆုံးဖြတ်ချက်ကို ခက်ခက်ခဲခဲ ချမှတ်ခဲ့တာလို့ အားဒန်က ဖွင့်ဟပါတယ်။ သူဟာ အာဏာရ လေဘာပါတီရဲ့ အကြီးအကဲ နေရာကနေလည်း ဖေဖော်ဝါရီ ၇ ရက်ထက် နောက်မကျစေဘဲ နုတ်ထွက်မယ်လို့ ဆိုပါတယ်။

ပါတီအနေနဲ့ အားဒန်ရဲ့ အရိုက်အရာကို ဆက်ခံမယ့်သူကို မဲပေး ရွေးချယ်ရမှာ ဖြစ်ပါတယ်။ နယူးဇီလန်ဟာ အောက်တိုဘာ ၁၄ ရက်မှာ ရွေးကောက်ပွဲတွေ ကျင်းပဖို့ စီစဉ်ထားပါတယ်။

အသက် ၄၂ နှစ်အရွယ် အားဒန်က နွေရာသီ အားလပ်ရက် ကာလမှာ အခုကိစ္စနဲ့ ပတ်သက်လို့ အလေးအနက် စဉ်းစားခဲ့ကြောင်း ဖွင့်ဟပါတယ်။ သူက ဝန်ကြီးချုပ် နေရာမှာ ဆက်ရှိနေဖို့သင့်သလား ဆိုတာကို သေချာ ချိန်ဆခဲ့ပေမယ့် အဲဒီလိုသာဆိုရင် နယူးဇီလန်အတွက် အပြုသဘောထက် အပျက်သဘော ဆောင်လာနိုင်တာကြောင့် နုတ်ထွက်ဖို့ ဆုံးဖြတ်ခဲ့တာလို့ အားဒန်က ရှင်းပြပါတယ်။

Public Service Announcement

Public Service Announcement

သူ့အတွက်တော့ ဝန်ကြီးချုပ်အဖြစ် ဆက်တာဝန်ယူဖို့ အရင်းအမြစ်ရော၊ အားအင်တွေပါ ကုန်ခန်းနေပြီလို့ ခံစားရကြောင်းလည်း အားဒန်က ဆိုပါတယ်။

အားဒန်ဟာ ၂၀၁၇ ခုနှစ်တုန်းက နယူးဇီလန် ဝန်ကြီးချုပ် ဖြစ်ခဲ့ပြီး အဲဒီတုန်းက တစ်ကမ္ဘာလုံးမှာ အသက်အငယ်ဆုံး ရွေးကောက်ခံ နိုင်ငံခေါင်းဆောင် အမျိုးသမီး အနေနဲ့ မှတ်တမ်းဝင်ခဲ့ပါတယ်။ နောက်တစ်နှစ် အကြာမှာတော့ အားဒန်ဟာ ရာထူးလက်ကိုင် အချိန်ကာလမှ မီးဖွားတဲ့ ဒုတိယမြောက် ရွေးကောက်ခံ နိုင်ငံခေါင်းဆောင် ဖြစ်လာပါတယ်။

အားဒန်ဟာ နယူးဇီလန် သမိုင်းမှာ အအောင်မြင်ဆုံး ခေါင်းဆောင် တစ်ဦးလည်း ဖြစ်ခဲ့ပြီး ကမ္ဘာကျော် ခရစ္စချတ်ချ် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုကြီးနဲ့ ကိုဗစ် ကပ်ရောဂါဆိုး ဖိစီးတဲ့ ကာလတွေမှာ နိုင်ငံကို မယိမ်းမယိုင် ဦးဆောင်ပြခဲ့ပါတယ်။ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ သူဦးဆောင်တဲ့ လေဘာပါတီဟာ နိုင်ငံသမိုင်းမှာ ရှားပါး အခြေအနေအဖြစ် သောင်ပြိုကမ်းပြို အနိုင်ရခဲ့ပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း အားဒန်ဟာ ပြည်တွင်းမှာ လူကြိုက်များမှု လျော့ကျလာသလို လူထုအမြင် စစ်တမ်းတွေမှာ သူ့ကို ထောက်ခံမှု လျော့နည်းလာတာကို တွေ့ရပါတယ်။ ဒါပေမဲ့ အားဒန်ကတော့ သူနုတ်ထွက်ခြင်းဟာ ရွေးကောက်ပွဲမှာ လေဘာပါတီ အနိုင်မရနိုင်ဘူးလို့ ယူဆတာကြောင့် မဟုတ်ကြောင်း ဖြေရှင်းပါတယ်။ အားဒန်က သူ့ပါတီဟာ ရွေးကောက်ပွဲမှာ အနိုင်ရမယ်လို့ ယုံကြည်ထားပေမယ့် အခုအချိန်က စိန်ခေါ်မှု အသစ်ကို တာဝန်ယူဖို့ ပခုံးပြောင်းပေးရမယ့် ကာလ ဖြစ်လာပြီလို့ ဆိုပါတယ်။

နယူးဇီလန်ရဲ့ အိမ်နီးချင်း ဩစတြေးလျ နိုင်ငံရဲ့ ဝန်ကြီးချုပ် အန်သိုနီ အယ်လ်ဘန်နီစ်က အားဒန်ကို ထက်မြက်တဲ့၊ ခိုင်မာတဲ့၊ စာနာကြင်နာတတ်တဲ့ နိုင်ငံ ခေါင်းဆောင် တစ်ဦးအဖြစ် ဂုဏ်ပြု ချီးကျူးခဲ့ပါတယ်။ အားဒန်ဟာ နယူးဇီလန်အတွက် စွမ်းစွမ်းတမံ အားထုတ်ခဲ့သူ တစ်ဦးဖြစ်သလို သူအရမ်း ခင်မင်လေးစားရတဲ့ မိတ်ဆွေ တစ်ဦးလို့ အယ်လ်ဘန်နိစ်က Twitterမှာ ရေးသားခဲ့ပါတယ်။

အားဒန် ဦးဆောင်တဲ့ တလျှောက်မှာ နယူးဇီလန် အစိုးရဟာ ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှု တိုက်ဖျက်ရေး၊ အိမ်ရာဖူလုံရေး၊ ကလေးသူငယ် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးစတဲ့ ကဏ္ဍတွေမှာ ဂုဏ်ယူလောက်စရာ အောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။ ဒါပေမဲ့ အားဒန်ကတော့ သူ့ကို ပြည်သူတွေက အမြဲတမ်း ကြင်နာသနားတတ်ဖို့ ကြိုးစားနေတတ်သူ တစ်ဦးလို့သာ အမှတ်ရစေချင်တယ်လို့ ဖွင့်ဟခဲ့ဖူးပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဧရာမ လှိုင်းလုံးကြီးတွေ ရိုက်ခတ်ခဲ့တာကြောင့် နယူးဇီလန်ရဲ့ မြို့တော်မှာ ဒေသခံတွေ ရာနဲ့ချီပြီး အရေးပေါ် ရွှေ့ပြောင်းစေခဲ့ရကြောင်း သိရပါတယ်။

နိုင်ငံတကာ

ရေနေ သတ္တဝါ တစ်ကောင်ကောင်ရဲ့ တိုက်ခိုက်မှုကြောင့် နယူးဇီလန်မှာ ကျင်းပနေတဲ့ ရေလွှာလျှောစီး ပြိုင်ပွဲ ဗိုလ်လုပွဲနေ့ အစီအစဉ်တွေကို ယာယီ ဆိုင်းငံ့ခဲ့ရပါတယ်။

နိုင်ငံတကာ

အိန္ဒိယရဲ့ ဘောလိဝုဒ် ရုပ်ရှင်ကြယ်ပွင့် မင်းသား ဂျိုးဆက် ဗီဂျေးဟာ တမီလ်နာဒူ ပြည်နယ်ရဲ့ ဝန်ကြီးချုပ် ရာထူးကို တရားဝင် စတင် ထမ်းဆောင်နေပြီ ဖြစ်ပါတယ်။

သတင်း

နယူးဇီလန်နိုင်ငံ အောက်ကလန်မြို့မှာ မြန်မာ့ဒီမိုကရေစီအင်အားစုတွေ ပူးပေါင်းပြီး နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေကြောင်း သက်သေပြဖို့အတွက် "Proof of life" ငြိမ်းချမ်းစွာ စုပေါင်းဆန္ဒပြတောင်းဆိုမှုကို ဒီကနေ့ (မေလ ၉ ရက်)က ပြုလုပ်ခဲ့ပါတယ်။